#သင်္ကြန်
Credit_
သင်္ကြန် နှင့်ပတ်သတ်၍ လူတိုင်းကိုယ်စီ အမှတ်တရတော့ရှိဖူးကြလေမည်။သင်္ကြန်ဟူသောဝေါဟာရသည် သင်္ကန္တခေါ်ပါဠိ ဘာ သာဆင်းသက်လာပြီးကူးပြောင်းခြင်း ဟု အနက်အဓိပ္ပါယ်ရသည်။မြန်မာလတပေါင်း လတွင် မြန်မာနှစ် တစ်နှစ် ကုန်ဆုံးကာ
နှစ်ဟောင်းကုန်၍ တန်ခူးလတွင် နှစ်သစ်ကြုံ
ရသောကာလနှစ်သစ်ကူးပြောင်းသောကာလဟု ဆိုလိုရင်းဖြစ်သည်။နှစ်ဟောင်းတွင်ပြုလုပ်ခဲ့သော အညစ်အကြေးတွေကို သင်္ကြန် ရေနှင့်အတူ ဆေးကြောခြင်း၊ပူပြင်းလှသောနွေရာသီကို အတာရေဖြင့်အေးမြစေခြင်းဟူသော ရည်ရွယ်ချက်တို့ရှိကြသည်။သင်္ကြန်အခါကာလတွင် ဥပုဒ်သီတင်းသီလစောင့်တည်သူတို့ရှိသကဲ့သို့ အပျော်ရွှင်မြူတူးစွာရေကစားကြသူများလည်းရှိကြပေသည်။
ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာ အတာသင်္ကြန်မှာဆိုလျင် ဥပုဒ်သတင်းသီလစောင့်တည်ခြင်း၊ သက်ကြီးရွယ်အို များအားခြေသည်းလက်သည်းညှပ်ပေးခြင်း၊ခေါင်းလျော်ပေးခြင်း၊အလှူအတန်းစတုဒီသာပြုလုပ်ကြခြင်း၊သပြေခက်နှင့်ရေပက်ခြင်းကဲ့သို့သော အလေ့အထများနှင့်ချစ်စရာဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်လေသည်။မြန်မာနိုင်ငံ၏ ၁၂လရာသီပွဲတော်များထဲတွင် အစည်ကားဆုံးပွဲတော်ကြီးလဲဖြစ်သည်။
Credit-
စာရေးသူတို့ငယ်စဉ်က သင်္ကြန်ကျလျင် ညီအစ်ကိုနှစ်ယောက် အိမ်ရှေ့တွင် အုန်းလက်မဏ္ဍပ်ဆောက်၊ရေတိုင်ကီတွေချ၊အသံချဲ့စက်တွေဆင်ပြီး ရေဆော့ကစား ကြသည်။လွယ်အိတ်ထဲကိုရေဗုံးလေးထည့် စတီးရေပြွတ်လေးနဲ့ လမ်းတကာလှည့်ပြီးရေပက်ကြလေသည်။ဟိုဘက်ဒီဘက်နှစ်ဖွဲ့တွေ့လျင် ရေပြွတ်တွေနဲ့ စစ်တိုက်ကြသေးသည်။ရေပက်ပြီဆိုလျင်လည်းနို့ဆီခွက်လေးနဲ့ ပက်လိုက်ရမှ အားရတတ်သည်။ကျောကော့သွားအောင် ဖျန်းကနဲပက်ရတာကို ကလေးသဘာဝအပျော်ကြီးပျော်ခဲ့လေသည်။ကောင်မလေးတွေလာပြီဆိုလျင်လည်း အလုအယက် ရေပက်ရတာအမော။လမ်းထဲကို ရေပက်ခံထွက်တဲ့ကား ရှားရှားပါးပါးဝင်လာတဲ့အခါမျိုးဆိုလျင်တော့ သင်္ကြန် ကားကြီးလာပြီဟေ့ဆိုပြီး ရေပုံးအကြီးကြီးနဲ့ ပက်ကြ၏။မိဘတွေလုပ်တဲ့စတုဒီသာကျွေးတဲ့နေ့ဆိုလျင်လည်း ဝိုင်းကူလုပ် မုန့်လုံးရေပေါ်တွေထဲ ငရုတ်သီးတွေထည့်လုံးပြီး သူငယ်ချင်းတွေကျွေး ကြနဲ့ ပျော်စရာကောင်းလှပေသည်။စာရေးသူတို့ငယ်စဉ်က အဟော့ဆုံးသင်္ကြန်သီချင်းကတော့ ဒီအရိပ်မှာလာပါ၊နားပါ၊မုန့်လုံးရေပေါ်တွေစားကြ၊ငရုတ်သီးပါရင်တော့အားနာ၊စိတ်မဆိုးတတ်ဘူးမလားဆိုသည့် ဟန်ဇာမိုးဝင်းသီချင်းဖြစ်သည်။ခုခေတ်ကြတော့ဘာတဲ့ ဇိလေ့ဇိလေ့တွေကော၊မိချောရေမိချောရေဆိုတာကော အတော်ဟော့လေသည်။ကလေးဘဝက သင်္ကြန် ကိုစိတ်လွတ်ကိုယ်လွတ်ပျော်ဖူးသည်။စာရေးသူ တာဝန်ကျသည့် ဘားအံ့၊ရေးနယ်ဘက်မှာတော့ သင်္ကြန် မှာ သနပ်ခါး သုတ်တာအတော်ခေတ်စား၏။အိုးမဲသုတ်တာနဲ့စာလျင်တော့ တော်သေးသည်ပြောရမည်။ရေပက်ခံထွက်ပြီးပြန်လာရင် မျက်နှာတွင် သနပ်ခါးအဖွေးသားနှင့်ဖြစ်သည်။ ကလေးဘဝကသင်္ကြန်ကိုပျော်ခဲ့သလောက် အသက်အရွယ်ရလာပြီး လုပ်ငန်းတာဝန်တွေရှိလာတဲ့အခါမှာတော့ သင်္ကြန် နဲ့တဖြေးဖြေး ကင်းကွာလာသည်။သင်္ကြန်ရေမစိုဖြစ်သည့်နှစ်တွေများလာ၏။ရှေ့တန်းရောက်နေသည့်နှစ်များတွင်တော့ သင်္ကြန် ဆိုတာကိုနဲ့မဆိုင်သလို၊ရေဒီယိုမှလွင့်သောသင်္ကြန်သီချင်းတွေကြောင့်သာ သင်္ကြန် ရောက်မှန်းသိရလေတော့သည်။
@zinminhtet
Msc-126