ညီငယ်အရာရှိသို့ ပေးစာ(၄)
သို့....
ညီငယ်ရေ တို့တွေ နေ့စဉ်နဲ့အမျှ သွားလာ လုပ်ကိုင်ကြရတဲ့ လုပ်ငန်းနယ်ပယ်မှာ မိမိထက်အသွယ်အရွယ်ကြီးသူ၊ရာထူးကြီး သူ၊မိမိနဲ့ အဆင့်တူတဲ့ရဲဘော်ရဲဘက်များကို ဆက်ဆံပြောဆိုမှု ပြုလုပ်နေကြရမှာဖြစ်တယ်။ထိုအခါ နေ့စဉ်အသုံးပြုလိုက်နာရမယ့် ယဉ်ကျေးမှု ထုံးတမ်းများနှင့် ကျင့်ဝတ်ဆိုင်ရာများကိုပြောပြလိုတယ်။အရာထမ်းလျာသင်တန်းသားတစ်ဦးဟာ သင်တန်းသို့ စတင်ရောက်ရှိပြီး တစ်ပတ်၊နှစ်ပတ်ခန့်အတွင်းမှာပင် မိမိထက်ရာထူးကြီးမြင့်သူများကို မည်ကဲ့သို့ ရိုသေလေးစားစွာ ပြောဆိုဆက်ဆံရမည်ဆိုသော ထုံးတမ်းအစဉ်အလာ ကိုနားလည်သဘောပေါက်ပြီး ဖြစ်သင့်တယ်။အထက်အရာရှိကို အလေးပြုခြင်း၊စကားပြောလျှင် မတ်တပ်ရပ် အနေအထားဖြင့် ပြောဆိုခြင်း စသည့် ဓလေ့ထုံးတမ်း များကို သိရှိလို်က်နာ ဖို့လိုအပ်ကြောင်း အကို့အနေနဲ့ မှာကြားလိုတယ်။
မိမိ၏ အထက်အရာရှိများကိုအရိုအသေပေးရမည်ကိုသိရှိနားလည်ထားသလို အခြား ဌာနဆိုင်ရာ အရာကြီးများ၊ မိမိနှင့်အဆင့်တူညီတဲ့ရဲဘော်ရဲဘက်များကို မည်ကဲ့သို့ ဆက်ဆံရမည်ဆိုတာကိုလည်း သိရှိ ထားဖို့လိုအပ်မှာဖြစ်တယ်။လေးစားစွာ ဆက်ဆံသည်ဆိုရာ၌ မိမိထက်အဆင့်မြင့်သောအရာရှိကြီးများကိုသာမက မိမိထက်အသက်အရွယ်အားဖြင့် ကြီးရင့်သူများ ကိုလည်းရိုသေစွာဆက်ဆံပါလို့ အကိုအနေနဲ့ ထပ်မံ မှာကြားလိုတယ်။အရပ်ဖက်ဌာနဆိုင်ရာ အရာရှိများတွင် အများအားဖြင့် ဌာနအများစုမှာ ရာထူး၊အဆင့်တံဆိပ်များ တပ်ဆင်ထားခြင်းမရှိတာကြောင့် ၄င်းတို့၏ အသက်အရွယ်ကြီးရင့်မှုပေါ်မူတည်၍ လေးစားယဉ်ကျေးစွာဆက်ဆံခြင်းဟာ ကောင်းမွန်သော အလေ့အကျင့်ကောင်းပဲဖြစ်တယ်။ မိမိနှင့် ဌာနချင်းမတူညီကျတဲ့ တက္ကသိုလ် ပါမောက္ခ၊ဆေးရုံအုပ်ကြီးတွေ ပြည်နယ်တရားသူကြီးအဆင့်ရှိသူတို့ဟာ သူတို့ထက်အသက်အရွယ်အားဖြင့်ငယ်ရွယ်တဲ့ အရာရှိ ငယ်တစ်ဦးက သူငယ်ချင်းသဖွယ် ဆက်ဆံသည်ကို နှစ်ခြိုက်ကြမည်မဟုတ်ကြောင်း သတိချပ်ထားဖို့လိုအပ်တယ်။
ယဉ်ကျေးမှု ထုံးတမ်းများကိုပြောကြားပြီးနောက်အကို့ဌာနရဲ့ အထက်လူကြီးများအပေါ်ပြုကျင့်ရမယ့် ကျင့်ဝတ် ၁၀ပါးကို လည်း သိရှိလိုက်နာဖို့ လိုအပ်ကြောင်း ပြောကြား လိုတယ်။လမ်းသွားလမ်းလာပြုလုပ်စဉ် ညီ့ထက်ရာထူးငယ်ရွယ်တဲ့ဝန်ထမ်းငယ်တစ်ဦးက ခါးညွှတ်၍ အရိုအသေပေးနှုတ်ဆက်လာလျှင် မိမိကလည်း ခါးညွှတ်၍ ပြန်လည်နှုတ်ဆက်သင့်ပါတယ်။ခန္ဓာကိုယ်ကိုမတ်မတ်ထား၍ ခါးအထက်ပိုင်းကိုသာ အနည်းငယ်ညွှတ်၍ နှုတ်ဆက်ရမှာဖြစ်တယ်။မိမိကို အမျိုးသမီးတစ်ဦးနဲ့ မိတ်ဆက်ပေးသည့်အခါမှာလည်း မိမိမှ ခါးကိုအနည်းငယ်ညွှတ်၍ ပြန်လည်နှုတ်ဆက်သင့်တယ်။
ထမင်းစားဝိုင်းတစ်ခုမှာ ထမင်းသုံးဆောင်နေစဉ်မှာလည်း အကြောင်းတစ်စုံတရာကြောင့် ထမင်းဝိုင်းမှ ခေတ္တထွက်ခွာရမည်ဆိုပါက မိမိထိုင်နေသောထိုင်ခုံကိုနောက်သို့ ဆွဲ၍ ခါးကိုအနည်းငယ်ညွှတ်၍ ခွင့်ပန်ပြီးမှာသာ ထွက်ခွာသင့်တယ်။ထိုထမင်းဝိုင်း ညီက အကြီးဆုံးပုဂ္ဂိုလ်ဖြစ်နေပါကလည်း ထိုခွင့်ပန်တဲ့ အရပ်သူ၊ အရပ်သား၊ အရာရှိငယ်ကို ကုလားထိုင်မှ ထိုငိလျက်အနေအထားဖြင့်သာ ခါးကိုအနည်းငယ်ညွှတ်၍ ခွင့်ပြုသင့်တယ်။မိမိထိုင်နေစဉ်အတွင်းမှာ တစ်ဦးတစ်ယောက်က မိတ်ဆက်ပေးပါက အိနြေ္ဒရစွာ မတ်တပ်ရပ်ပါ။ခုန်ထရန်မလိုပါ။လက်ဆွဲနှုတ်ဆက်ရာတွင်းလည်း မိမိ၏ အထက်အရာရှိဖြစ်ပါက ထိုသူက လက်ကမ်းပေးမှသာ နှုတ်ဆက်ရမှာဖြစ်တယ်။မည်သူကမဆို လက်ကမ်းပေးလျင် လက်ဆွဲနှုတ်ဆက်ရမယ်ဆိုတာ သိထားရမယ်။ကမ်းပေးသောလက်ကို ဆွဲ၍ မနှုတ်ဆက်ခြင်းဟာရိုင်း ပြမှုတစ်မျိုးပဲဖြစ်ကြောင်း အကို့အနေနဲ့ ပြောကြားလိုတယ်။ဆုပေးပွဲအခမ်းအနားမှအပ အမျိုးသမီးတစ်ယောက်ကို မည်သည်အခါမျှ လက်ဆွဲမနှုတ်ဆက်သင့်ကြောင်းကိုလည်း သတိချပ်ထားဖို့လိုအပ်တယ်။လက်ဆွဲနှုတ်ဆက်စဉ်မှာ လက်ဟာတံတောင်ဆစ်နဲ့ တစ်တန်းတည်းဖြစ်သင့်တယ်။ထိုထက်ပိုပြီး မနိမ့်မမြင့်သင့်ဘူး။အခြားပုဂ္ဂိုလ် ရဲ့လက်ကို အားဖြင့် မကိုင်ရသလို ပျော့ဖတ်ဖတ်အနေအထားနဲ့လည်း မကိုင်ရဘူး။လက်ဆွဲနှုတ်ဆက်ရာမှာ အထက်အောက်နှစ်ကြိမ်ခန့်သာ လှုပ်ယမ်းသင့်တယ်။လက်ဆွဲနှုတ်ဆက်စဉ် ခါးအနည်းငယ် တစ်ချက်ညွှတ်လိုက်ပါက ပို၍ ယဉ်ကျေးသော အမှုအရာကိုဖြစ်စေတယ်။လက်ဆွဲနှုတ်ဆက် စဉ် တစ်ဖက်လူရဲ့မျက်လုံးကို ခင်မင်ရင်းနှီးစွာကြည့်ပါလို့ မှာကြားရေးသားရင်း အကို့စာကို ဒီမှာ ရပ်အုံးမယ်။
...စီနီယာ 👮
Author by Minhtet yeyint.
Photo credit google
@zinminhtet
MSC-126