#သင်တန်းတက်ကြပါစို့#
မြန်မာစတီးမစ်မိသားစုဝင်များ မင်္ဂလာပါခင်ဗျာ...။
များသောအားဖြင့် ကျွန်တော် promotion တင်တဲ့ရက်တွေကလွဲလို့ စာမရေးဖြစ်ပါဘူး။ မရေးဖြစ်တာကလည်းအကြောင်းရင်းရှိပါတယ်။ယခု တက်နေတဲ့သင်တန်းမှာက အားလပ်ချိန်နဲ့ကိုယ်ပိုင်ချိန်နဲလွန်းတာကြောင့်နဲ့ တစ်ခါတလေ လူကအားပေမယ့် စိတ်ကမအားဆိုတာမျိုးလည်းရှိတတ်လို့ပါ။ကျွန်တော်ပြောတာ စာဖတ်သူ နားရှုပ်သွားမလား မသိဘူးဗျာ။ဒီလိုပါ စိတ်ကမအားဘူးဆိုတာက စိတ်ထဲမှာ pressure တစ်ခုခုရှိနေလို့ပါ။ဘယ်လို pressure မျိုးလည်းဆိုတော့ ယခုကျွန်တော်တက်နေတဲ့ သင်တန်းကာလက ၁၂ပတ်ပါ။သင်တန်းကာလ ၁၂ပတ်အတွင်းမှာ စာမေးပွဲက ၁၂ကြိမ်ရှိပါတယ်။တစ်ပတ်၁ကြိမ်နှုန်းကျပေါ့။စာမေးပွဲမရှိ တဲ့ကြားရက်တွေကျတော့လည်း သင်တန်းကပေးတဲ့ assignment တွေနဲ့ ရွာလည်နေတာများပါတယ်။
သင်တန်းရဲ့တစ်ရက်တာ အချိန်ဇယားကို အနည်းငယ်ဖော်ပြလိုပါတယ်။မနက်ကို ၅နာရီပုံမှန် အိပ်ယာထရပါတယ်။၅နာရီခွဲကနေ ၆နာရီ၁၀မိနစ်ထိကတော့ ကိုယ်လက်ကြံခိုင်ရေး ချိန်ပါ။၆နာရီ၁၀မိနစ်နဲ့ ၇နာရီ ကြားမှာတော့ ဝတ်စားဆင်ယင်မှု ပြင်ဆင်ချိန်၊ ကျွန်တော်တို့နေ့တဲ့ အိပ်ခန်းနဲ့ အဆောင်ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ချိန်၊ရေချိုး အဝတ်အစားလဲချိန်နဲ့ မနက်စားစာ ချိန်ပါ။၇နာရီ ထိုးမမှာတော့ သင်တန်းစုပေါင်းတန်းစီကွင်းမှာ တန်းစီကြရပါတယ်။
တန်းစီပြီး သစ္စာဆို နိုင်ငံတော်အလံအလေး ပြုပေါ့။ကျွန်တော်တို့ ဆိုရတဲ့သစ္စာ ၄ ချက်ကတော့ ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်´ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့်၏ သစ္စာကိုစောင့်သိရိုပါမည်´
``ငါ့အား အထက်မှပေးအပ်သော အမိန့်နဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ပါမည်´´
ငါ့နိုင်ငံတော်၊ငါ့နိုင်ငံသား၊ငါ့တပ်မတော်အတွက် ငါ၏ အသက်ကို ပေးဆပ်ရန် အဓိဌာန်ပြုပါသည်´´ဟူ၍ဖြစ်ပါတယ်။
နိုင်ငံတော်အလံအလေးပြု သစ္စာဆိုပြီးတဲ့နောက်မှာတော့ သင်တန်းမှူးက ဝတ်စားဆင်ယင်မှုစစ်ဆေးပါတယ်။ ဦးထုတ်ကအစ၊ဖိနပ်အဆုံး သတ်မှတ်ပုံစံအတိုင်း စနစ်ကျနမှုရှိမရှိ၊ယူနီဖောင်း အင်္ကျီချည်စထွက်ခြင်းရှိ/မရှိ၊ဆံပင် ၊မုတ်ဆိတ် ၊နှုတ်ခမ်းမွေး စသည်တို့ ရိတ်သင်ထားခြင်းရှိ/မရှိ၊ခါးပတ် ပြောင်လက်အောင်တိုက်ထားခြင်းရှိ/မရှိ၊ဖိနပ် ပြောင်လက်အောင်ကစ်ဆေးတိုက်ထားခြင်းရှိ/မရှိ စသည်တို့ကို အသေးစိတ်စစ်ဆေးပါတယ်။စစ်ဆေးပြီး တန်းနောက် ပါတဲ့သူတွေကိုတော့ သင်တန်းဆင်းအရည်အချင်းသတ်မှတ်ချက်အမှတ်ထဲကနေအ မှတ်ဖြတ်ခံရပါတယ်။၈နာရီ ထိုးမှာတော့ စာသင်ဆောင်ကိုဝင်ကြရပါတယ်။စာသင်ချိန် မိနစ်၄၀ပြည့်တိုင်း ၁၀မိနစ်အနားပေးပါတယ်။ အနားပေးတဲ့ ၁၀မိနစ်ကတော့ ကျွန်တော် steemit ထဲဝင် စာဖတ်၊သူငယ်ချင်းတွေကို vote ပေးချိန်ပေါ့။နေ့လည်၁၁နာရီ မှာတော့ ထမင်းစားတန်းဖြုတ်ပေးတဲ့အတွက် တန်းစီ၍ စားရိပ်သာကို သွားကြရပါတယ်။စားရိပ်သာရောက်ပြီဆို ရင်တော့ ထမင်းမစားခင် ထမင်းစား သစ္စာဆိုရပါတယ်`ငါတို့သည် နိုင်ငံတော်မှ ကျွေးသော ထမင်းနှင့် ဟင်းကို စား၍ နိုင်ငံတော်နှင့် တပ်မတော် အပေါ် သစ္စာစောင့်သိရိုသေပါမည်´ ဟူ၍ဖြစ်ပါတယ်။
ထမင်းစားပြီးနေ့ခင်း ၁၂နာရီ မှာ စာသင်ခန်းပြန်ဝင်ပေါ့။အဲ့ကနေ စာသင်လိုက်တာ ညနေ ၃နာရီ၁၀မိနစ်မှာ စာသင်ခန်းကနေတန်းဖြုတ်ပေးပါတယ်။ အိပ်ဆောင်ပြန်ပြီး ကြံ့ခိုင်ရေး ဝတ်စုံလဲပြီးနောက် ညနေ ၄နာရီကနေ ၄နာရီမိနစ်၄၀ ထိကိုတော့ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းပြုလုပ်ကြရ ပါတယ်။၎နာရီ မိနစ်၄၀ကနေ ည၇နာရီကြားထဲကတော့ ရေချိုးချိန် ၊ညနေစာစာချိန်နဲ့ကိုယ်ပိုင်ချိန် အနည်းငယ်ပေါ့။ည၇နာရီ ကနေည၉နာရီကတော့ ညစာကြည့်ချိန်ဖြစ်တဲ့အတွက် စာသင်ခန်းတဖန်ပြန်ဝင်ကြရပါတယ်။စာတော့မသင်ပါဘူး။တစ်နေ့စာ သင်ခဲ့တဲ့စာတွေကို ပြန်ဖတ်ရန်ဖြစ်ပါတယ်။ည၉နာရီနေ ကနေ ၁၀နာရီထိကတော့ ကိုယ်ပိုင်အချိန်ပေါ့ခင်ဗျာ။အဲ့အချိန်မှာ နောက်တစ်နေ့အတွက် ဝတ်စုံပြင်၊ဖိနပ်တိုက်၊ ဒါမှမဟုတ် ကိုယ်ဝါသနာပါရာ စာဖတ်၊ရုပ်ရှင်ကြည့် တစ်ခုခုပေါ့။များသောအားဖြင့် ကျွန်တော်ကတော့ ည၁၀နာရီနောက်ပိုင်းမှပဲစာရေးလေ့ရှိ ပါတယ်။အဲ..စာရေးနေရင်း အမျိုးသမီးဆီက ဖုန်းလာရင်လည်းပြောရ တာပေါ့ဗျာ ၊ဒီအချိန်ပဲ စိတ်အေးလက်အေး အားတာကိုး။အထက်ပါ အချိန်ဇယားတွေကတော့ သာမန်ရုံးဖွင့်ရက်တွေမှာလုပ်ရတာပါ။ရုံးပိတ်ရက် စနေနေ့ မနက်ပိုင်းမှာတော့ မနက်၇နာရီ ကနေ ၁၀နာရီထိကတော့ လူမှုဝန်ထမ်းချိန်ဖြစ်ပါတယ်။ပတ်ဝန်းကျင်သန့်ရှင်း၊ခြုံခုတ်၊မြက်ပေါက် စသည်တို့လုပ်ရပါတယ်။သူငယ်ချင်းတွေ အချင်းချင်း စနောက်လေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ငါတို့တွေများ ဘွဲ့ နှစ်ဘွဲ့ ယူထားပြီး မြက်ပေါက်နေရသကွာလို့။လူမှုဝန်ထမ်းပြီးနောက်ပိုင်းတစ်ရက်လုံးကတော့ အားလပ်ချိန်ပါ။တစ်ပတ်စာ အဝတ်တွေလျှော် ၊ဆံပင်ညှပ် စတာတွေ လုပ်လို့ရပါတယ်၊သို့ပေမယ့် တပ်ပြင်ကိုတော့ ထွက်လို့်မရပါဘူး။တနင်္ဂနွေနေ့ မနက်၉နာရီကနေ ညနေ၃နာရီထိကတော့ တပ်ပြင်ပေးထွက်တဲ့အချိန်ပါ။ကျွန်တော့်အိမ်က မြောက်ဒဂုံ၊ယခုတက်နေတဲ့သင်တန်းနေရာကမှော်ဘီဆိုတော့ သွားချိန်ပြန်ချိန်နဲ့ဆို အိမ်မှာ၁နာရီခွဲလောက်တော့နေရတာပေါ့။သို့ပေမယ့်လည်းပြန်တာပါပဲ။စစ်သားဘဝ မိဘအိမ်တစ်ခေါက်ရောက်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူးလေ။ခနခနတွေ့ရတွေ့ရ နည်းလား။အမေချက်တဲ့ ထမင်းနဲ့ဟင်းစားချင်တာလည်းပါတာပေါ့။တနင်္ဂနွေနေ့ ည၇နာရီမှာတေယ့ ညစာကြည့်ခန်းပြန်ဝင်ရင်း တစ်ပတ်စာ ရုံးဖွင့်ရက်တွေအတိုင်းပြန်လည်ပတ်ရပါတော့တယ်။
လာမယ့်၆ရက်နေ့ဆိုရင်တော့ သင်တန်းဆင်းပြီပေါ့ဗျာ။သင်တန်းကသူငယ်ချင်းတွေနဲ့ ခွဲရအုံးမှာပေါ့။သင်တန်းတက်တာကလည်း မိတ်ဆွေအပေါင်းအသင်း တိုးပွားစေပါတယ်။နေရာဒေသစုံ၊ဌာနပေါင်းစုံက လာတက်ကျတာဆိုတော့ မိတ်ဆွေသစ်တွေရတာပေါ့။ဟောအခုသင်တန်းဆင်းကာနီးဆိုတော့ ပိုအလုပ်များသဗျာ။သင်တန်းတစ်ခုပြီးတိုင်းမှာ ကျွန်တော်တို့်ကစာတမ်းတစ်ခု တင်ရပါတယ်။ကျွန်တော်တင်ရမယ့်ခေါင်းစဉ် က `မြန်မာနိင်ငံ၏ အခွန်စနစ်နှင့် ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေး မူဝါဒများအပေါ်မူတည်၍ အနာဂတ်အလား အလာများအားသုံးသပ်လေ့လာခြင်း´ဆိုတာပဲဖြစ်ပါတယ်။အဲ့တော့ စာတမ်းနဲ့သက်ဆိုင်မယ့် အချက်အလက်တွေစု ၊စီမံဘဏ္ဍာမှာ ဒုဦးစီးတာဝန်ထမ်းဆောင်နေတဲ့ ခယ်မတစ်ယောက်ဆီက လိုအပ်တဲ့အချက်အခက်တွေလှမ်းအကူအညီတောင်း နဲ့ စာမျက်နှာ ၈၀လောက်ပါတဲ့ သုတေသန စာတမ်းတစ်ခုတော့ ဖြစ်လာသပေါ့။အဲ့ဒီနောက်စာတမ်းဖတ်ပွဲမှာ presentation လုပ်ဖို့ power point ပြင်ပေါ့။အော်..ကျွန်တော်တက်ရတဲ့သင်တန်းနာမည် မိတ်ဆက်ပေးဖို့ကျန်ခဲ့တယ်။သင်တန်းအမည်က ``တပ်ရင်းအုပ်ချုပ်မှု အရာရှိသင်တန်း´´ပါ။ယခင်က ပြင်ဦးလွင်မြို့မှာ ပဲသင်တန်းဖွင့်လှစ်ပါတယ်။ယခုနောက်ပိုင်းမှာတော့ မှော်ဘီမှာ သင်တန်းကျောင်းဖွင့်လှစ်ပြီးနောက် မြန်မာနိုင်ငံအောက်ပိုင်းကတပ်မှအရာရှိတွေက မှော်ဘီမှာတက်ရပါတယ်။အထက်ပိုင်းတပ်ကအရာရှိတွေကတော့ ပြင်ဦးလွင်မှာ တက်ကြရပါတယ်။သင်တန်းမှာသင်ကြားတဲ့သင်ခန်းစာတွေကတော့ တပ်ရင်းတစ်ရင်းမှာ ဆောင်ရွက်ရမယ့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ မူဝါဒတွေကိုသိနားလည်ဖို့၊အုပ်ချုပ်မှုနဲ့ ခေါင်းဆောင်မှု ဆိုင်ရာပညာရပ်တွေ၊ငွေစာရင်းထိန်းသိမ်းနည်းနဲ့စာရင်းဇယားရေးဆွဲနည်းတွေ၊စစ်ဘက်ဆိုင်ရာဥပဒေတွေ၊စစ်ဘက်စာရေးသားနည်းတွေနဲ့ တခြားလက်ရုံးတပ်ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရမယ့် လုပ်ထုံးလုပ်နည်းတွေ စတာကိုတွေကို သင်ကြားပေးတာဖြစ်ပါတယ်။
ကျွန်တော်လည်း စာမရေးဖြစ်တဲ့အကြောင်း ပြောပြရင်း စာလဲအတော်ရှည်သွားပြီမို့ ဒီလောက်နဲ့ပဲရပ်ထားပါရစေဗျာ။နောင်အချိန်များရရင် ကျနော်ရေးဖို့ကျန်နေတဲ့ အခန်းဆက် စာကြွေးကျန်တွေ ဆက်ရေးပါ့မယ်။
အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေ။
@zinminhtet
MSC-126