မုသားဆိုကြရာဝယ်
Credit image source -
ဗုဒ္ဓဘာသာဝင်တိုင်း မုသာဝါဒဟူသော ကံကို သိကြလိမ့်မည်။မုသားဆိုရခြင်း၏ အကျိုး အပြစ်ကိုသိသူရှိသလို မသိသူများလည်း ရှိ လိမ့်မည်ဖြစ်သည်။မြတ်စွာဘုရားရှင်၏ အဆုံးအမတိုင်းတွင် မုသာဝါဒကံကို ရှောင်ကျဉ်ကြရန် ဆုံးမထား၏။ဥပမာဆိုသော် ငါးပါးသီလတွင်လည်း မုသာဝါဒကံကို ရှောင်ကျဉ်ကြရန် ဟောကြားထားသည်ကိုတွေ့ရပါမည်။
ထိုကဲ့သို့ မုသာဝါဒကံကို ကျူးလွန်ခြင်းမပြုရန် မြတ်ဗုဒ္ဓက အထပ်ထပ်အခါခါ ဟောကြားဆုံးမထားသော်ငြားလည်း ကျန်ုပ် တို့ ပုထုဇဉ်လူသားများမှာ မုသာဝါဒကံကို အလွယ်တကူပင် ကျူးလွန်မိကြလေသည်။ ဘာလို့ကျူးလွန်မိလဲဆိုသော် မုသာဝါဒကံကိုကျူးလွန်ခြင်းကြောင့် ခံရမည့်အပြစ်များကို ဆင်ခြင်ရာတွင် အားနည်းခြင်းနှင့် အသိတရားပေါ်တွင် သတိထားမှုကင်းလွတ်မှုကြောင့်ဟုထင်ပါသည်။
မုသာဝါဒကံကို ကျူလွန်ခြင်းသည်ယခု ဘဝတွင်သာမကနောင်ဘဝများစွာတွင်ပါဆိုးကျိုးပြုတတ်ပေသည်။ သာဓကအားဖြင့် တစ်ခုတင်ပြချင်ပါသည်။
ကဿပဘုရားရှင်လက်ထက်တော် အခါကဖြစ်၏။ဥပါသကာ ငါးရာတို့သည် ဘာသာတရားအလွန်ကိုင်းရှိုင်းကြ၏။ကုသိုလ်ကောင်းမှုကိုလည်း စိတ်တူကိုယ်တူ မကြာခဏဆိုသလို ဆောင်ရွက်လေ့ရှိကြရာ မြတ်စွာဘုရား ၏ကျောင်းတော်တို့သွားရောက်၍ တရားနာလေ့ရှိကြသည်။ထိုဥပါသကာငါးရာတို့၏ ဇနီးတို့သည်လည်း ခင်ပွန်းသည်တို့နှင့်အတူ ကောင်းမှုအတူ တကွပြုကြလေသည်။
တစ်နေ့တွင် ထိုဥပါသကာ ငါးရာတို့၏ ဇနီးငါးရာထဲမှ တစ်ယောက်သောမိန်းမ သည် တခြား ကုန်သည်ယောက်ျားတစ်ဦးနှင့်ဖောက်ပြန်လေ၏။ထိုအခါ ထိုမိန်းမ ဖြစ်သူ၏ ယောက်ျားမှ ရိပ်မိ၍ မေးမြန်းရာ မဟုတ်မှန်ကြောင်း လိမ်ညာပြောဆိုလေသည်။ထိုသို့ လိမ်ညာပြောဆိုသော်လည်း ယောက်ျားဖြစ်သူမှ မယုံသောအခါ အနားမှာရှိသော ခွေးနက်ကြီးအား လက်ညိုးထိုး၍ ကျွန်မလိမ်ညာပြောဆိုလျင် နောင်ဘဝမှာခွေးနက်ကြီး အစားခံရပါစေဟု
ကျိန်ပြ၏။ယောက်ျားကမယုံသော အခါ ထိုမိန်းမ၏ အပေါင်းအပါအဖော်မိန်းမတို့အားမေးမြန်းရာ ၄င်းတို့ကပါ ဝိုင်းဝန်းလိမ်ညာပေးလေသည်။
ဖောက်ပြန်သောမိန်းမ သေလွန်သောအခါ သီလစောင့်သောလင်ယောက်ျားအား လိမ်ညာပြောဆိုခဲ့သောကြောင့် ဟိမဝန္တာတောရှိ ကဏ္ဏမုဏ္ဏ အမည်ရှိသော ရေအိုင်တွင် နတ်ပြိတ္တာမ ဖြစ်လေသည်။ ကျန်အပေါင်းအပါ အဖော်မိန်းမတို့သည်လည်း ထိုမိန်းမ၏ အခြွေအရံ ကျွန်မများ ဖြစ်ကြ၏။ထိုနတ်ပြိတ္တာမသည် နေ့အခါတွင် နတ်စည်းစိမ်ကို ခံစားရသော်လည်း ညအခါတွင် လိမ်ညာခဲ့သောကံကြောင့် ခွေးနက်ကြီးအစားခံရလေသည်။နေ့အခါတွင် နတ်စည်းစိမ်ခံစားရခြင်းမှာ ရတနာသုံးပါးကိုကြည်ညို၍ ဥပုဒ်သီတင်းစောင့်တည်ခြင်း၊ ကုသိုလ်ကောင်းမှုပြုခဲ့သောကံအဟုန်ကြောင့်ဖြစ်သည်ဟု ဗုဒ္ဓဘာသာအပြစ်ပြ ဝတ္ထုမှာဖော်ပြ ထားပါသည်။
မုသားဆိုရရာတွင်အကြောင်းအမျိုးမျိုး ရှိသည်။မိမိအပြစ်မှလွတ်အောင် မုသား ဆိုရခြင်း၊မိမိအားသူတစ်ပါး အထင်ကြီးစေလိုသောကြောင့် မုသားဆိုခြင်း၊မိမိအားသူတစ်ပါးအထင်သေးသွားမည်ဆိုး၍ မုသားဆိုရခြင်း၊မိမိအလိုလောဘ ပြည့်စေရန် မုသားဆိုရခြင်း၊ရယ်မောပြောရွှင် လို၍ မုသားဆိုရခြင်းတို့ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ မုသားစကားဆိုခြင်း သည် အပြစ်ကျူးလွန်ခြင်းသားဖြစ်၏။ တချို့များ မုသားမပါလင်္ကာမချောဟူ၍ပင် မုသားစကားကိုလှိုင်လှိုင် သုံးကြလေသည်။
အချင်းချင်းမုသားစကားကို ဟာသ သဖွယ် ပြော၍ တသောသောရယ်မောကြသည်။မုသားစကားကို ထမင်းစားရေသောက်သဖွယ် ပြောဆိုနေကြသည်ကိုတွေ့ရသည်။
ကျန်ုပ်ငယ်စဉ်ကဖတ်ခဲ့ဖူးသော ဦးဖိုးကျားရေးသားခဲ့သောမင်းကတော် ဝတ္ထုတွင် ညွှန့်မေသည် မိမိကိုချစ်ကြိုက်နေသော မြို့အုပ်မင်း အထင်သေးမည်ဆိုး၍ အကြော်ရောင်း၍ ကျောင်းထားပေးရသော မိခင်ကြီးသည် ဆီမရှိသော ဆံပင် စုတ်ညစ်နေသော အဝတ်တို့ ကြမ်းတမ်းသောရုပ်ရည်ရှိသောကြောင့် မိမိအားလာရောက်တွေ့ဆုံစဉ် အိမ်မှာခိုင်းသော အစေခံမကြီးဖြစ်ကြောင်း မြို့အုပ်မင်း အား လိမ်ညာပြောဆိုခဲ့ပါသည်။ ဤသည်မှာ မိမိအား အထင်သေးမည်ကိုရှက်ရွံ့စိတ်ကြောင့် မုသားစကား ဆိုခဲ့ခြင်းဖြစ်ပေသည်။
မိမိပြောဆိုလိုက်သော မုသားစကားသည် တစ်ဖက်သား၏ ထိခိုက်နစ်နာနိုင်မှုအကြီးအငယ်ပေါ်မူတည်၍ ယခုဘဝတွင်ရော နောင်သံသရာမှာပါ အပြစ်ကြီးငယ်ဖြစ်ပေါ်နိုင်သည်။အထက်ဖော်ပြပါ ဖြစ်စဉ်တွင် ညွှန့်မေသည် မုသားစကားဆိုခဲ့ခြင်းကြောင့် မိခင်ဖြစ်သူနှင့် ရှင်ကွဲ၊သေကွဲ ကွဲခဲ့ရကာ သူမ၏ အမှားအတွက် ပူဆွေးသောကရောက်ကာ ယူကျုံးမရ ဖြစ်ရလေသည်ကို တွေ့ရှိရသည်။
မုသားစကားကို နှစ်ခြိုက်စွာပြောဆိုလေ့ရှိသူများသည် နောင်ဖြစ်ရာဘဝတွင်စကားမပီခြင်း၊သွားများညီညီညာညာမပေါက်ခြင်း၊ ပါးစပ်မှ အပုတ်နံထွက်ခြင်း၊အသားအရေခြောက်ကပ်ခြင်း၊ဣနြေ္ဒဖောက်ပြန်ခြင်း၊သြဇာအာဏာမရှိခြင်းနှုတ်လျှာကြမ်းတမ်းခြင်း၊ လျှပ်ပေါ်လော်လီခြင်း၊တည်ကြည်သောသမာဓိမရှိခြင်း ဟူသော ဆိုးကျိုးများကို ခံစားကြရမည်ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် မုသားစကားပြောဆိုလေ့ရှိသူတို့သာ် လောကီ၊လောကု တ္တရာနှစ်ဖြာအကျိုးကို ယုတ်စေတတ်သောကြောင့် မပြောအပ်ပေ။ထို့ကြောင့် မြတ်ဗုဒ္ဓ မှ ချစ်သားတို့ မုသားကို ရယ်စရာအဖြစ်ပင် မပြောဆိုအပ်ဟု ဟောကြားဆုံးမထားခြင်း ဖြစ်ပေတော့သည်...။
Credit image source-
@zinminhtet
MSC-126