တော်သူလယ်သမာနေ့ပေါ်ပေါက်လာပုံ
ဖေဖော်ဝါရီလ ၂ ရက်နေ့ဟာ တောင်သူလယ်သမားနေ့ဖြစ်ပါတယ်။
ဒါကြောင့်တောင်သူလယ်သမားနေ့နဲ့ ပတ်သက်တဲ့ အချက်အလက်တစ်ချို့ကို ပြန်လည်ဖော်ပြပေးပါမယ်။ အင်္ဂလိပ်ဗြိသိသျှလက်ထက်မှာ အင်္ဂလိပ်အရင်းရှင်တို့ရဲ့ စီးပွားရေးဖွံ့ဖြိုးလာပေမယ့်လည်း ဒေသခံတောင်သူလယ်သမားလူတန်းစားရဲ့ ဘဝက လုပ်ငန်းမကျွမ်းကျင်မှု၊ အရင်းအနှီးမရှိမှု၊ အသိပညာအားနည်းမှုတို့ကြောင့် အကြွေးပတ်လည်ဝိုင်းပြီး လယ်မြေတွေကို ချစ်တီးတွေထံ ပေးအပ်ခဲ့ရပါတယ်။ ၁၉၃ဝ ပြည့်နှစ် ကမ္ဘာ့စီးပွားပျက်ကပ်ဖြစ်တဲ့အချိန်မှာ မြန်မာလယ်သမားအများစု လယ်ယာမဲ့ဘဝကို ရောက်ရှိသွားခဲ့ကြပါတယ်။ အဲဒီလို ဖြစ်ပျက်မှုကြောင့် သည်းမခံနိုင်ကြတော့ပဲ ၁၉၃ဝ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက်မှာ တောင်သူလယ်သမားအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီအရေးတော်ပုံကို ဆရာစံက ဦးဆောင်ပြီး သာယာဝတီနယ် အလံတော်မှာ စခန်းချပြီး အရေးတော်ပုံကို ဦးဆောင်ခဲ့ပါတယ်။ အင်္ဂလိပ်တို့က အရေးတော်ပုံကို ၃ နှစ်နီးပါး ပြင်းပြင်းထန်ထန်နှိမ်နင်းပြီးနောက် ဆရာစံနဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးကွပ်မျက်ခဲ့ပါတယ်။ ဒီလို ကွပ်မျက်ခဲ့မှုကြောင့် တော်သူလယ်သမား အရေးတော်ပုံ ရပ်နားသွားပေမယ့် မြန်မာနိုင်ငံသားတွေရဲ့ တော်လှန်ရေးစိတ်ဓာတ်တွေကတော့ နိုးကြားလာခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်မှာတော့ မြန်မာနိုင်ငံလွတ်လပ်ရေးရကာ ဖဆပလအစိုးရက အုပ်ချုပ်ခဲ့ပြီး ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာတော့ တော်လှန်ရေးကော်စီက နိုင်ငံတော်အာဏာရယူခဲ့ပြီး တော်လှန်ရေးကောင်စီရဲ့ ဝါဒသဘောထားကို ၁၉၆၂ ခုနှစ် ဧပြီ ၃ဝ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ တောင်သူလယ်သမား၊ အလုပ်သမားတွေ ခေါင်းပုံဖြတ်ခံဘဝက လွတ်မြောက်စေဖို့ ရည်ရွယ်ပြီး ဆိုရှယ်လစ်လောကသစ်ကို တောင်သူလယ်သမား၊ အလုပ်သမားတို့ရဲ့ အင်အားနဲ့ တည်ဆောက်မယ်လို့ ပါရှိကြောင်း သိရပါတယ်။ အဲဒီရည်ရွယ်ချက်နဲ့ လယ်ယာလုပ်ငန်းတွေအတွက် ဥပဒေ၊ နည်းဥပဒေတွေ ချမှတ်ပေးခြင်း၊ မြေရှင်စနစ်ဖျက်သိမ်းပေးခြင်း စတာတွေကို လုပ်ဆောင်ပေးခဲ့ပါတယ်။ တစ်ဖန် တောင်သူလယ်သမားထုအတွင်း စည်းလုံးညီညွတ်မှုရရှိစေဖို့ တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲနဲ့ တောင်သူလယ်သမားနေ့ အခမ်းအနားတွေကို ကျင်းပပေးခဲ့ရာကနေ တောင်သူလယ်သမားနေ့ ပေါ်ပေါက်လာတယ်လို့ ဆိုကြပါတယ်။ တောင်သူလယ်သမားနေ့ကို ၁၉၆၃ ခုနှစ်ကနေ နှစ်စဉ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပေမယ့် လယ်ယာရိတ်သိမ်းချိန်နဲ့ တိုက်ဆိုင်နေတဲ့အတွက် တော်လှန်ရေးကောင်စီ စတင်အာဏာရရှိတဲ့အချိန်က စတင်ကာ မတ်လ ၂ ရက်နေ့ကို ပြောင်းလဲကျင်းပခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မတ်လ ၂ ရက်နေ့ ရောက်တိုင်း နိုင်ငံတစ်ဝန်းမှာ တောင်သူလယ်သမားနေ့ အခမ်းအနားတွေကို ကျင်းပပြုလုပ်ကြတာဖြစ်ပါတယ်။