အထူးစီးပွားရေးဇုန် (SEZ) ဆိုတာ
စီးပွားရေးဆိုတာ နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့အတွက် အရေးပါတဲ့ ကဏ္ဍကြီးတစ်ခုဖြစ်ပါတယ်။
စီးပွားရေးကဏ္ဍတိုးတက်ဖို့အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာက ကျယ်ပြန့်ပါတယ်။ အဲဒီလုပ်ငန်းဆောင်တာတွေထဲမှာ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာနိုင်ဖို့ အထူးစီးပွားရေးဇုန်တွေ ဖော်ဆောင်ကြတာကလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
ဒါကြောင့် အထူးစီးပွားရေးဇုန်တွေနဲ့ပတ်သက်တဲ့ အချက်အလက်တချို့ကို တင်ပြပါမယ်။ အထူးစီးပွားရေးဇုန်ဆိုတာ နိုင်ငံတစ်နိုင်ငံအတွင်းမှာရှိတဲ့ သမာရိုးကျ စီးပွားရေး ဥပဒေတွေထက် ပိုပြီး လွတ်လပ်တဲ့ စီးပွားရေဥပဒေတွေနဲ့ ပြဌာန်းသတ်မှတ်ထားတဲ့ မြေနေရာဖြစ်ပါတယ်။ အထူးစီးပွားရေးဇုန် (SEZ) ဟာ များပြားတဲ့ ဇုန်တွေ စုပေါင်းထားခြင်းဖြစ်ပြီး လွတ်လပ်တဲ့ကုန်သွယ်ရေးဇုန်တွေ၊ ပို့ကုန်လုပ်ငန်းဇုန်တွေ၊ စက်မှုဇုန်တွေ၊ လွတ်လပ်တဲ့ဆိပ်ကမ်းနယ်မြေတွေ၊ မြို့ပြဇုန်တွေ စတာတွေ ပါဝင်ပါတယ်။
အထူးစီးပွားရေးဇုန်တွေ တည်ထောင်ခြင်းရဲ့ အဓိက ရည်မှန်းချက်ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အစောဆုံးနဲ့ လူသိအများဆုံးအထူးစီးပွားရေးဇုန်တွေကတော့ တရုတ်နိုင်ငံက အထူးစီးပွားရေးဇုန်တွေဖြစ်ပြီး ခေါင်းဆောင် တိန့်ရှောင်ဖိန်က ၁၉၈၀ အစောပိုင်းမှာ တည်ထောင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ အအောင်မြင်ဆုံး အထူးစီးပွားရေးဇုန်ဟာ ရှန်ကျန်းဖြစ်ပါတယ်။ ရွာလေးကနေ မြို့ကြီးတစ်မြို့ဖြစ်လာအောင် ပြောင်းလဲနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တရုတ်နိုင်ငံရဲ့ ပုံစံကို အတုယူပြီး ဘရာဇီးလ်၊ အိန္ဒိယ၊ အီရန်၊ ပိုလန်၊ ရုရှားစတဲ့ နိုင်ငံတွေကလည်း အထူးစီးပွားရေးဇုန်တွေ တည်ထောင်လာခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာလည်း စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ကျောက်ဖြူမြို့တွေမှာ တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီဖြစ်သလို ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကရင်ပြည်နယ်၊ မြ၀တီမြို့ နဲ့ ဘားအံမြို့တို့မှာလည်း လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန်တွေတည်ထောင်ဖို့ စီစဉ်ထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ သီလ၀ါမှာလည်း အထူးစီးပွားရေးဇုန်တည်ထောင်ထားပြီး ရင်းနှီးမြှုပ်နှံမှုတချို့လည်း ၀င်ရောက်လုပ်ကိုင်နေကြပြီဖြစ်ပါတယ်။
Ref : wikipedia