ခရစ်တော်၌အိပ်ပျော်ခြင်း...!

Words
145
Reading
1 min
Listen
Play
8y

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
လွန်ခဲ့သော (၁၄)နှစ်ခန့်က ကျွန်တော်တို့၏စက်ရုံတွင် စက်ရုံမှူး (G.M)အဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ကရင်လူမျိုး ဦးစောခရစ်ရှန်လောစ်၏ဇနီးဖြစ်သူ (ဒေါ်အယ်လိစ္စဘက်ခါး) ကွယ်လွန်သွားပါသဖြင့် (12.9.2018)နေ့က အသုဘ လိုက်ပို့ခဲ့ပါသည်။
20180912_144913-1-1.jpg
#photo credited by uthantzin@uthantzin
ကရင်လူမျိုးများဖြစ်ပြီး ခရစ်ယာန်ဘာသာကိုးကွယ်သောသူများဖြစ်ကြပါသည်။ စက်ရုံမှဝန်ထမ်းအားလုံး အပေါ်တွင်လည်း ပွင့်လင်းစွာ ရင်းနှီးချစ်ခင်စွာ ညီအစ်ကိုမောင်နှမ သားသမီးအရင်းတွေလို ဆက်ဆံလေ့ရှိကြပါတယ်။ဒီလိုစိတ်ဓါတ်လေးတွေကြောင့် မိမိနှင့်လည်း အရမ်းရင်းနှီးပြီး သူတို့၏အိမ်တွင် စားအိမ်သောက်အိမ်လို ဖြစ်ခဲ့ပါသည်။ဒါကြောင့် သူတိုနှစ်ယောက်အား ကရင်လူမျိုးများဖြစ်တဲ့အတွက် အမိုး နဲ့ ဖာထီးလို့သာ ရင်းနှီးမှုနဲ့ခေါ်ဆိုခဲ့ကြပါတယ်။သို့သော်စက်ရုံမှူးတွေကို နေရာအပြောင်းအရွှေ့လုပ်သောအခါ ပြောင်းရွှေ့သွားတာကြောင့် ကျွန်တော်တို့နှင့်အဆက်အသွယ် သိပ်မရှိတော့ပါ။
20180912_144843-1.jpg
#photo credited by uthantzin@uthantzin
ဒီလိုနဲ့ (11.9.2018)နေ့တွင်  အမိုး(ဒေါ်အယ်လိစ္စဘက်ခါး)သေပြီဖြစ်ကြောင်း ဖုန်းဆက်လာပါသည်။ဒါနဲ့ (12.9.2018)နေ့က အသုဘပို့ ကိုတော့ မဖြစ်မနေသွားလိုက်ပို့ခဲ့ကြပါသည်။ကျွန်တော့ရဲ့ ခရစ်ယာန်အသုဘပို့တဲ့ပထမဦးဆုံး အတွေ့အကြုံလို့ပဲ ပြောပါရစေ။
သူတို့တွေဟာ Hall ခန်းမကြီးထဲမှာ အလောင်းကို သေသေချာချာ ကျကျနန ပြုလုပ်ထားပြီး အစီအစဉ်တင်ဆက်သူက stage ခုံပေါ်မှ အစီအစဉ်ကိုတစ်ခုချင်း ကြေငြာပြီး တရားဟော ကထိက နှင့် ဘာသာအသင်းခေါင်းဆောင်များက stage စင်ပေါ်မှာ သူ့နေရာနဲ့သူ အဆင်သင့်ရှိနေကြပါတယ်။
20180912_111535-1.jpg
#photo credited by uthantzin@uthantzin
အစီအစဉ်တင်ဆက်သူကသာ အစီအစဉ်များကို ကရင်လိုတစ်ခါပြောပြီး.. မြန်မာလိုတစ်ခါပြန်ပြောပေးပါတယ်။ ခရှစ်ယာန်ဘာသာ ကျမ်းစာဖတ်တာတို့ အထူးဆုတောင်းခြင်းတို့ အားလုံး မိမိတို့ဘာမှနားမလည်ပါ။
ထူးခြားတာက တေးသီချင်းအစီအစဉ်တွေပဲဖြစ်ပါတယ်။
ဓမ္မသီချင်းတွေလည်း သီဆိုကြပါသည်။
အသုဘပို့မယ့် ပရိသတ်အားလုံးလည်း စာရွက်ကိုယ်စီ ကိုင်ပြီး တေးသီချင်းသီဆိုရပါသေးတယ်။
20180912_102908-1.jpg
#photo credited by uthantzin@uthantzin
နောက်ဆုံးမှ မြန်မာလိုအနည်းငယ်ပြောပြ၍သာ သေခြင်းနဲ့ပတ်သက်၍ သူတို့၏အယူအဆကို အနည်းငယ်သိခဲ့ရပါသည်။
**ခရစ်ယာန်ဘာသာမှာ သေခြင်းဟာ မျှော်လင်ချက်မရှိသောသေခြင်း မဟုတ်ဘဲ မျှော်လင့်ချက်ရှိသော သေခြင်းသာဖြစ်တယ်။ခရစ်တော်ကိုယုံကြည်ပြီး သေခြင်းဟာ မင်္ဂလာရှိတယ်။ခရစ်ယာန်ဘာသာဝင်တွေဟာ သူတို့သေသွားတာသည် ခရစ်တော်မှာ ငြိမ်းအေးစွာ အိပ်စက်ခြင်းပဲဖြစ်တယ်။ခရစ်တော်မှာအိပ်ပျော်သွားတာဖြစ်တဲ့အတွက် အနာမရှိ..ရောဂါမရှိ..ဝမ်းနည်းခြင်းမရှိ ငြိမ်းအေးသွားတဲ့သဘောပေါ့။ခရစ်တော်ကို ယုံကြည်လက်ခံသောသူတွေသည် သေသွားသော်လည်း  ခရစ်တော်နှင့်အတူ ရှင်ပြန်နိုးထကြရမည်။ဘုရားသခင်နှင့်အတူ ရှင်ပြန်ထမြောက်ခြင်းဖြစ်မည်။တနည်းဆိုရလျင် လူဝင်စားခြင်းဖြစ်တယ်လို့ ပြောပြခြင်းများအား မှတ်သားခဲ့ရပါတော့သည်။
20180912_100921-1.jpg
#photo credited by uthantzin@uthantzin
ကျွန်တော်မှတ်သားမိတာလေးများအား ဗဟုသုတအဖြစ် ပြန်လည်မျှဝေလိုက်ရပါတယ်ခင်ဗျာ။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
uthantzin@uthantzin
MSC-211

ခရစ်တော်၌အိပ်ပျော်ခြင်း...! | Ecency