ရိုးရာ စကားပုံ ဖွင့်ဆိုချက်-၁၃
အလိုက်ကောင်းတော့ ခေါင်းလောင်းနဲ့ ခလောက်လဲသည်။ ။ခေါင်းလောင်းကြီးသည် ကြီးမားအချိန်စီး၍ တန်ဖိုးကြီးသလောက် ခလောက်မှာ ခေါင်းလောင်းနှင့်စာသော် သေးငယ်အချိန်ပေါ့၍ တန်ဖိုးနည်းသော်လည်း ခြားနားသော တန်ဖိုးကာမိအောင် တန်ဖိုးအလိုက် ထပ်ဆောင်း၍ ပေးပါလျှင် ခေါင်းလောင်းနှင့် ခလောက်ကိုပင် လဲနိုင်သည်ဟုဆိုလိုသည်။ မညီမျှသောတန်ဖိုးကို အကဲတင်၍ လျော့ပါး သည်ကို တစ်ဖက်မှ သာလွန်ခြင်းဖြင့် ဖြည့်စွမ်းထေညှိနိုင်ကြောင်းကိုလည်းကောင်း ဖော်ပြရာတွင် သုံးနှုန်းသည်။
အလာကောင်းသော်လည်း အခါနှောင်းသည်။ ။ရောက်လာခြင်းမှာ ကောင်းသော်ငြားလည်း အချိန်က နောက်ကျလွန်း၍ အခွင့် အရေးရနိုင်စရာ အကြောင်းမရှိတော့ဘဲ လာဘ်လာဘဆုံးရှုံးရသည်ဟု ဆိုလိုသည်။ ဆုံးရှုံးရလောက်အောင် အခါနှောင်းခြင်း၊ရက်လွန်ခြင်း၊ နောက်ကျခြင်းတို့အတွက် သုံးနှုန်းသည်။
အလကားရသည့်နွား သွားဖြဲကြည့်။ ။နွားဝယ်သည့်အခါ ကျန်းမာမှု ခွန်အားရှိမရှိ စသည်ကိုသိလို၍ နွား၏သွားကိုဖြဲ ကြည့်လေ့ရှိရာ ငွေကြေးတစ်စုံတစ်ရာမပေးရဘဲ အလကားရသည့်နွားကိုပင် ကောင်း မကောင်း သွားဖြဲကြည့်သည်ဟု ဆိုလိုသည်။ အလကားရသည့်အရာကိုပင် အလွယ် အသင့်လက်မခံဘဲ အကဲကိုင်လွန်းသည့် အပြုအမူကို ကဲ့ရဲ့သည့်အနေဖြင့် သုံးနှုန်း သည်။