အတာ သင်္ကြန်နှင့် ပွဲဖျက်မိုး
================ မောင်ဥုက်ကန် ( ပင်လည်ဘူး- ပင်းမူ )
" သင်းပျံ့စ တန်ခူးလေမှာ
ပွဲဖျက်တဲ့မိုးလို မပြောကြရအောင် --------- "ဟူသော သင်္ကြန်မိုး သီချင်းသံက ဖွင့်ထားသော တီဗွီမှ ထွက်ပေါ်၍လာပေသည်။ထိုသီချင်းသံနှင့်အတူ သင်္ကြန်မိုး ဇာတ်လမ်းအားလည်း သတိရမိ၏ ။ယင်းကြောင့် သင်္ကြန်မိုး ဇာတ်လမ်း၏ ပေးလိုရင်း အကြောင်းအရာအား ကျောရိုးပြုလျှက်သင်္ကြန်ဆောင်းပါးလေး ရေးလိုစိတ် ဖြစ်ပေါ်ခဲ့သည်။
ယခုလသည် တန်ခူးလပေမို့ နွေနှင့်အတူ ဥသြငှက်လည်း စည်းချက်ညီစွာ သံစဉ်လိုက်၍ နေပေသည်။ " အေး အေးပါစေ ချမ်း ချမ်းပါသလေ " ဟူသော သင်္ကြန်တေးသံသားများက နေအပူကို လှောင်ပြောင်ဘိနယ်။ ဒိုးသံများလည်း ဝဠာတစ်ခွင် လွှင့်ပျံ၍ နေလေသည်။
အစိုးရ သတင်းစားများ / ပုဂ္ဂလိက သတင်းစာ ဂျာနယ် စာစောင်များ / မဂ္ဂဇင်းများ၌လည်း သင်္ကြန်ဆိုင်ရာ ရုပ်ပုံများ ကဗျာများ ဆောင်းပါးများ / ဝတ္ထုများ / ကာတွန်းများက နေရယူလျှက်ရှိပေသည်။
ရေဒီယို / တီဗွီများ၌လည်း သင်္ကြန်ဆိုင်ရာ တေးသံများ သံချပ်သံများ နှောင်းအတိတ်က သင်္ကြန်ပုံရိပ်များ၏ ပြောသံများလည်း စုံစုံလင်လင် ရှိလှပေသည်။ လူငယ် လူရွယ်များ၌မူလည်း သင်္ကြန် ရောက်ပါမူ ဘာတွေလုပ်မည်။ ဘယ်ကိုသွားမည် ဟု အစီအစဉ်တွေ ချမှတ်ထားကြလေပြီ။
ပြည်သူ့ဝန်ထမ်း လခစားများ၌မူလည်း သင်္ကြန်ရုံးပိတ်ရက်တွင် ဇာတိရပ်ရွာသို့လည်းကောင်း၊ တနယ်တကျေးသို့ လည်းကောင်း ခရီး ထွက်ကြရန် စိတ်ကူး စီစဉ်နေကြပေပြီ ။ အချိုဆို သင်္ကြန်တွင်း ကားလက်မှတ် အခက် အခဲရှိတတ်သည်မို့ ၁၀ ရက်ကြိုသော်လည်းကောင်း / ၅ ရက်ကြိုသော်လည်းကောင်း မှာယူ ထားကြလေပြီ ။
စာရေးဆရာ ကဗျာဆရာများ၌မူလည်း သင်္ကြန်အပေါ် ခံစားမိသည်များကို အနုအရွ အလွမ်းအဆွေး ဝမ်းနည်းဖွယ် ဝမ်းသာဖွယ် သင်္ခန်းစာယူဖွယ် မှတ်သားလိုက်နာဖွယ်တွေကို သူတို့၏ အတွေ့အကြုံ စိတ်ခံစားမှု ကိုယ်တွေ့စသည်များကို သုတ ရသ အပြည့်ဖြင့် စာလုံအဖြင့် စာအဖြစ်သို့ ခုံထွက်အန်ကျ၍ လာနေချေပြီ ဖြစ်သည်။
အသက်အရွယ်အရ အချို့သည် သင်္ကြန် တရားစခန်းဝယ် တစ်နှစ်တာ ညစ်နွမ်းနယ်သမျှကို တရားရေအေးဖြင့် အတတ်နိုင်ဆုံး ဆေး ကြော သုတ်သင်ကြရန်လည်း ခြေလှမ်းရွှေ့နေကြပြီ ဖြစ်သည်။
အချို့သောသူများသည် ကြုံခဲ့လှသည့် မြတ်ဗုဒ္ဓသာသနာတော်နှင့် ကြုံ၍ ရခဲ့လှသည့် လူဘဝကို ခြေလက် ကိုယ်အင်္ဂါပြည့်စုံ ကောင်းမွန်စွာ ရရှိနေခိုက် ပို၍ ရခဲ့သည့် ပဗ္ဗဇ္ဇိတ ရှင်ရဟန်းအဖြစ်ကို အရယူမယ်ဟူသော အဓိဋ္ဌာန်ဖြင့် သာသနဘောင်ဝယ် " ဒုလ္လဘ " ဟူ သော စကားလုံးဖြင့် ဖန်ဝါဆင်မြန်း မြတ်သင်္ကန်းဖြင့် ရှင် ရဟန်းပြု ကြလေသည်။
နိုင်ငံကျော် သရုပ်ဆောင်များ အဆိုတော်များလည်း " ဒီနှစ်သင်္ကြန်
ဘယ်မြို့ ဘယ်နေရာ ဘယ်မဏ္ဍပ်မှာ သီချင်းသွားဆိုမယ် " ဟု ရည်ရွယ်ချက်တွေ ကိုယ်စီရှိနေကြပြီဖြစ်သည်။ ထိုအရာအများကို ဝေဖန်ကြည့်ရပါမူ အဘယ်အလုပ်က ကောင်းသည် အဘယ်အလုပ်က မကောင်းဘူးဟု မဝေဖန်လို // သူ့အလှနှင့်သူတော့ ကဏ္ဍစုံက လှနေပါသည်။သို့သော် " ပွဲ ဖျက်တဲ့မိုးလို မဖြစ်ကြရအောင် " စိုရုံလေး ပျက်ဖြန်းမှသာ အလှတွေ ဝေနိုင်မည်ဖြစ်သည်။ ပွဲဖျက်သည်အထိ မိုးရွာလွန်းပါမူ အလှဝေနိုင်လိမ်မည် မဟုတ် ။
သင်္ကြန်မိုးသည် စိုရုံလေးသာ အကောင်းမွန်ဆုံး အလှပဆုံး အတင့်တယ်ဆုံး အအေးမြဆုံးဖြစ်သည်။" သင်္ကြန်မိုး " ဟု ပြောလိုက်သည်နှင့် စာပေလေး အတော်အတင့် စိတ်ဝင်စားသူလူငယ်တွေနှင့် ခေတ်ကာလကို မျက်ခြေမပြတ် လေ့လာခဲ့သူ လူကြီးများ နားလယ်ရိပ်စားမိပေလိမ့်မည်။
( ၂ )
" အတာ သင်္ကြန် " ဟူသော စကားသည် စကားလုံး ၂ စု အဓိပ္ပါယ် ၂ ခုဖြစ်သည်။ " အတာ " ဟူသည်မှာ " အန္တ " ဟူသော ပါဠိ စကားမှ ဆင်းသက်လာသော စကားဖြစ်သည်။ " အန္တ = အဆုံး" ဟု ဘာသာပြန်သည်။ " သင်္ကြန် " ဟူသည်မှာ " သင်္ကန္တ " ဟူသော ပါဠိပုဒ်ပင် ဖြစ်သည်။ "သင်္ကန္တ = ပြောင်းခြင်း ရွှေ့ခြင်း ကူးခြင်း " အဓိပ္ပါယ်ဖွင့်သည်။
ဤသို့ဆိုပါမူ " အတာ သင်္ကြန် " ဟူသော စကားသည် " အန္တ သင်္ကန္တ " ဟူသော ပါဠိစကားကို အနည်းငယ် ပြောင်းထားခြင်းဖြစ်သည်။ စကားလုံး ၂ စုအား အဓိပ္ပါယ်ပြန်ရပါမူ " ယခုနှစ်၏အဆုံး ကနေ နောက် နှစ်သစ်ကို ပြောင်းရွှေ့၍ ကူး တော့မယ့် " ဟု အဓိပ္ပါယ် ပြန်ရပေမည်။ ၄င်းကိုပင် " နှစ်ဟောင်းကုန်၍ နှစ်သစ်ကူး တော့မယ်" ဟု ပြောနေ ဆိုနေကြ ခြင်းဖြစ်သည်။ထိုစကားသည်
လောကရှိ လူတို့ပြောနေသော စကားဖြစ်သည်။
တရား သဘောဖြင့် နှလုံးသွင်းရပါမူ တစ်နှစ်ကုန်ပါမူ တစ်နှစ်ဟောင်းနေခြင်းဖြစ်သည်။ ခန္ဓာ သည်လည်း တစ်နှစ်ပြီး တစ်နှစ် သစ်၍ လာခြင်းမရှိ / ဟောင်းနွမ်း၍သာ လာနေသည်ဖြစ်သည်။
တစ်နှစ်ဆုံးပါမူ ပျက်စီးဖို့ တစ်နှစ် ပို၍ နီးလားခြင်းဖြစ်သည်။ ဝယ်ယူ သိမ်းဆည်းထားသော ပစ္စည်းသည်လည်း ပို၍ သစ်လာမည် မဟုတ် နွမ်းညစ်၍သာ လာမည်ဖြစ်သည်။
မြန်မာတို့သည် မြန်မာ့ရိုးရာ သင်္ကြန်ကို အလေးထား၍ ချစ်မြတ်နိုး ကြသည်။ စိုရုံလေး ရေပက်ခြင်း မှုန့်လုံးရေပေါ် ပြုလုပ်၍ စားခြင်း လူကြီးသူမများအား ရေချိုးပေးခြင်း ခြေသည်း လက်သည်း လှီးပေး ခြင်း / သီတင်းသီလ ဆောက်တည်ခြင်း စတုဒိတာကျွေးခြင်းများသည် အလွန် ကောင်းမွန်သော လုပ်ရပ်ဖြစ်သည်။
" တူး ပို့ တူး ပို့ " ဟူသော သကင်္ကြန် ဒိုးသံသည်းလည်း ကြားရသူအဖို့ လန်းဆန်းတက်ကြွစေသည်။ ချမ်းမြေ့စေသည်။ သို့သော်
" စိုရုံလေး မကမူပဲ ခေတ်ရေစီးကြောင်းအလိုက် အန္တရာယ် ဖြစ်စေသည် အထိ ကုန်ဆုံး ကူးပြောင်းကြသည်မှာ မြန်မာ့ နှစ်သစ်ကူး " ဟူသော ခေါ်စဉ်ဖြင့် မလျှော်ကန်လှပေသည်။ငွေကုန် လူပန်းရုံမျှမက စည်းကမ်းပါ ယိုယွင်းလာသည်မှာ မြန်မာပြည်အတွက် ရင်နာဖွယ် အတိဖြစ်ပေသည်။
ထိုထက်ဆိုးသည်မှာ သရုပ်ပျက် ဝတ်စားဆင်ယင်မှုပင်ဖြစ်သည်။ မိန်းကလေးအချို့သည် မူးယစ်သေစာ ၏ ဓါတ်က စိတ်ကို ပြောင်းလှဲစေသည်မို့ မိဘဖြစ်သူပင် သမီးကြောင့် လူပုံအလယ်တွင် မျက်နှာမပြရဲသည်အထိ ဖြစ်လာသည်မှာ ပွဲဖျက်မိုးသည့် မိုးထိ ရောက်သွား၍ ဖြစ်သည်ဟု နားလည်မိပါသည်။
ရိုးရာဓလေ့သည် မေ့ပစ်ဖို မဟုတ်သကဲ့သို့ မျက်နှာပျက်စေဖို့လည်း
မဟုတ်ပေ။ သင်္ကြန် ဟူသကဲ့သို့ နောင်လာနောက်သားများ တမ်းတဖွယ်ရာမှတ်အဖြစ်လည်း ထင်ကျန်သင့်ပေသည်။ပျော်ရွှင်ဖွယ်များကို ရင်နာဖွယ်အဖြစ် မနေရစ်ခဲ့စေဖို့လည်း ဆင်ချင်ရပေမည်။အေးရုံမျှသာ ပက်သင့်သည့် သင်္ကြန်ရေသည် တုန်ခိုက်၍ အအေးမိသည်အထိ မဖြစ်သင့်ပေ ။
( ၃ )
ဆရာကြီး မင်းယုဝေသည် " မြန်မာ့ နှစ်ကူး " ကဗျာ ကို ၁၉၉၄ ခုနှစ် လုံမလေး မဂ္ဂဇင်း ၌ ရေးသားခဲ့သည်မှာ မြန်မာ အတာ သင်္ကြန်ပုံရိပ်သည် အလွန်ပင် တည်ငြိမ် စံပြု အတုယူ လိုက်နာဖွယ် ကောင်းလှပေသည်။
သြော် - နှစ်ကူးပြန်ပေါ့
တန်ခူးလ သည်ရာသီ ။
ရွှေဝါရောင် ပိတောက်ပန်းတွေက
ကြိုင်လန်း သင့်ပျံ့ချို၍
ဥသြပျို ရင့်ရူကြွေးပါလို့
တေးဖွဲ့သံချီ ။
သူသူငါ မြို့ရွာ အားလုံးမှာဖြင့်
ရွှင်ပြုံး အားသစ်ဝေလို့
မေတ္တာရေ ပက်ကာ ဖျန်းကာပ
လန်းဆန်းလို့ ရွှင်ကြည်ကြည်
တေးသီလို့ ဆင်ယင်နွှဲ ။
တာသင်္ကြန်ခါ
ကောင်းမှုတွေ ဝေဝေဆာလို့
ဘေးဘယာ ဝေးကွာကြောင်းရယ်နဲ့
ပေါင်းစုကာ စေတနာနဲ့
နွားညိုပြာ ငါးသတ္တဝါတို့ကို
သနားညှာ ချမ်းသာပေးလို့ရယ်
ဘေးမဲ့ လွှတ်ပွဲ ။
ဆရာကြီး၏ ကဗျာသည် ရိုးရာအစဉ်အလာပါသည်။ ပွဲ ပျော်ပုံ ပါသည်။ အလှူဒါန ပါသည်။ တေးဆို ပုံ တွေပါသည်။ သက်လွှတ်သည့် အကြောင်းပါသည်။ ၄င်းများသည်ပင် အတာ သင်္ကြန်၏ အနှစ်သာရ အရသာ အစဉ်အလာ ဖြစ်သည်။
သင်္ကြန်းမိုး စိုရုံသာ ပက်ဖျန်းပုံများကို တွေ့မြင် နားလည် ခံစားမိပေသည်။တနည်းအား ပိတောက်ပန်းပွင့်ရုံသာ ရွာချစေလိုသည်။ ယင်းမှသာ အလှဝေသော ပန်းပိတောက်ကို ပန်ဆင်ရသကဲ့သို့ ချစ်စရာကောင်းသော မြန်မာ့သင်္ကြန် ဓလေ့ကို ခံစားကြရမည်ဖြစ်သည်။ထိုကြောင့် မြန်မာတိုင်းရင်းသားများသည် မြန်မာ အတာ သင်္ကြန်ပွဲဝယ် သင်္ကြန်မိုး ဇာတ်လမ်း၏ ပေးလိုရင်း အဓိပ္ပါယ်ကဲ့လို့ " ပွဲဖျက်တဲ့ မိုးလို မဖြစ်ကြ ရအောင် စိုရုံလေး ဖြန်းပက်ကြပါရန် " မေတ္တာရပ်ခံအပ်ပါသည်။