မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ကျန်းခန့်သာလို့ မာကြပါရဲ့လား။
ကျွန်တော့် ကိုယ်ကျန်းမာရေးကတော့ ကောင်းနေဆဲပါ။
စိတ်အခြေအနေကတော့ မပျော်ပိုက်ပါဘူး။
စိတ်မပျော်ဆို ဝင်ငွေကလည်း နိမ့်ပါးနေသည်ကိုး။
ယခုအပတ်အတွင်း ကျွန်တော် နေထိုင်သည့် ကျေးရွာ အနီး ပတ်ဝန်းကျင်ရှိ ရွာသူရွာသားတို့သည် စိတ်မချမ်းမြေ့ဖွယ် ကြုံနေကြရပါသည်။
လွန်ခဲ့သော သုံးရက်က အကြမ်းဖက်စစ်တပ်သည် ကားကြီး ၇ စီးဖြင့် လာရောက်ကြကာ ကျေးရွာနှစ်ရွာရှိ ပြည်သူများ၏ ကား၊ ဆိုင်ကယ်၊ စက်ပစ္စည်း၊ ရွှေထည်များ၊ ဖုန်း ၊ ငွေများ နှင့် ပိုင်ဆိုင်မှုမျိုးစုံကို ယူဆောင်ခဲ့ကြပါသည်။
ကြောက်၍ ထွက်ပြေးသော ရွာသားများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်သောကြောင့် သေဆုံးရမှုလည်း ဖြစ်ခဲ့သည်။
လူငယ်အချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ထွက်မပြေးနိုင်ခဲ့သော အမျိုးသမီးများ၏ ဆွဲကြိုး နကပ်များကိုလည်း ဖြုတ်ယူသွားခဲ့ကြပါသည်။
သို့ဖြစ်၍ ယခုအခါ ထိုကျေးရွာနှစ်ရွာ အပါအဝင် တစ်အုပ်စုတည်းဖြစ်သော အခြား နှစ်ရွာသည် အကြမ်းဖက်စစ်တပ်၏ လုယတ်ဘေးလွတ်ရာ အခြားကျေးရွာ သို့မဟုတ် မြို့ သို့ တိမ်းရှောင်နေကြရပါသည်။
ထိုကျေးရွာ လေးရွာသည် ကျွန်တော် နေ့စဉ်လိုလို ကျန်းမာရေးစောင့်ရှောက်မှု သွားရောက်နေသော ကျေးရွာများ ဖြစ်ကြပါသည်။
ဒီတော့ ကျွန်တော်သည်လည်း မိတ်ဆွေ ရွာသူရွားသားများအတွက် စိတ်မကောင်းဖြစ်ရပါသည်။
ဒီလိုအခြေအနေမျိုးနှင့် ကျွန်တော်သည်လည်း ဤဒေသ၌ အဘယ်မျှကြာကြာ နေနိုင်ဦးမည် မသိရပါ။
ဘယ်ဆီသို့လည်း သွားရောက်ရမည် မသိပါ။
အနာဂတ်ဆိုသည် မတွေးရဲ၊ လတ်တလောရှင်သန်နေနိုင်ဖို့ကိုပင် ကြိုးစားရုန်းကန်ရပေဦးမည်။
မြန်မာနိုင်ငံ၌ လူဖြစ်ရသည့်ဒုက္ခသည်ကား ...