အားလုံးပဲ မင်္ဂလာပါ ရှင့်။ကျန်းမာ ချမ်းသာကြပါစေ။
ဒီနေ့တော့ အတွေ့အကြုံလေးနည်းနည်းနဲ့ပတ်သက်ပြီး တင်ပြချင်ပါတယ်။ဒါလေးကတော့ နားလည်မှုနဲ့ဆိုင်တယ်လို့ အရင်ဆုံးပြောပါရစေ။နားလည်မှုလွဲတာပေါ့နော်။မိဘနဲ့ သားသမီးကြားထဲမှ ဖြစ်တတ်တဲ့ နားလည်မှုလွဲတာလေးတွေပါ။ဒီနေ့ အခန်းထဲက ကောင်မလေးတစ်ယောက် သူ့အကြောင်းတွေရင်ဖွင့်လာတယ်။ပြောရင်နဲ့လည်း ငိုနေတယ်။သူဘယ်လောက်ခံစားနေရလဲဆိုတာ သူ့စကားပြောရင်း ရှိုက်နေတဲ့ အသံတွေက သက်သေပါပဲ။ကျွန်မအတော်လေး စိတ်မကောင်းဖြစ်မိတယ်။တကယ်တော့ နှစ်ဦးနှစ်ဖက်လုံးမှာ အပြစ်မရှိပါဘူး။နားလည်မှု လွဲပြီး ဖြစ်နေကြတာ။
ညီမ>>သူ သူ့သူငယ်ချင်းနဲ့ ရန်ကုန်လိုက်သွားမလို့တဲ့ အိမ်ကိုတော့ မပြောတော့ဘူး။အစ်မဖြစ်သူကိုပဲ ပြောပြီးသွားမှာတဲ့လေ။
ကျွန်မ>>အိမ်မပြောလည်း ကိစ္စတော့မရှိပါဘူး။ကိုယ်က မဟုတ်တာလုပ်နေတာမှမဟုတ်တာ။အမပဲပြောသွားလိုက်ပေါ့။ဘာလဲ ..အိမ်ကအဲ့လိုတွေဆို ခွင့်မပြုဘူးလား??
ညီမ>>ဟုတ်တယ်။အိမ်က ခွင့်တောင်းရင် ခွင့်ပြုမှမဟုတ်ဘူး။အမြဲတမ်းဘယ်သွားသွား မလွှတ်ဘူး။မြို့ထဲလေးသွားတာတောင် မလွှတ်လို့ အသိမပေးဘဲသွားတာ။
သူ သွားဖို့လာဖို့ အားလုံးပြင်ဆင်ပြီးနေပြီ။တစ်ခါမှလည်းမရောက်ဖူးလို့ သွားချင်နေတယ်ဆိုတာ တက်ကြွတဲ့ သူ့လုပ်ဆောင်မှုတွေကတစ်ဆင့်ကျွန်မ မြင်နေရပါတယ်။မထင်မှတ်ဘဲ သူ့ motherကြီးဆီက ဖုန်းဝင်လာတယ်။အဲ့အချိန်က သူသွားဖို့ ရေတောင်ချိုးပြီးနေပြီ။သူတို့ဘာပြောတယ်တော့ ကျွန်မ အလုံးစုံ မသိပါဘူး။ နည်းနည်ရိပ်မိတာကတော့ သူ့အဖေ သူ့ကိုတွေ့ဖို့ လာနေတယ်တဲ့။သူ့အမေနောက်တာလား ဘားလားတော့မသိဘူး။အဲ့ဒါနဲ့သူ ဖိုးချပြီး သူ့အဖေဆီ ဖုန်းဆက်ပြီး ဘယ်မှာလဲ ဘာလဲမေးတော့ သူ့အဖေက ဘာမှမပြောဘဲ ဘာလို့လဲပြန်မေးတယ်နဲ့တူပါတယ်။ နောက်ဆုံး သူ့အဖေဆီ ဖွင့်ပြောလိုက်တယ်။ရလဒ်က မလိုက်ပါနဲ့တဲ့။ အားလုံးပြင်ဆင်ပြီးနေပြီးမှဆိုတော့ စိတ်တွေညစ်ပြီး မျက်ရည်တွေဝဲနေတာ ကျွန်မသိတယ်။
ညီမ>>အဲ့လိုပဲ အိမ်ကအမြဲတမ်း ခွင့်မပြုဘူး။အခုလည်းကြည့်လေ မသွားရဘူးတဲ့ အမ။ ငယ်ငယ်ကတည်းက ဆိုးပြီးမိုက်ခဲ့ရမှာ ကြီးမှဆိုးတော့ အိမ်ကို အားနာရတယ်။အမြဲတမ်း ငယ်ငယ်ကတည်းက အနှိမ်ခံရတယ်။သူနာပြုတက်နေတဲ့ အစ်မနဲ့ လည်း အမြဲတမ်း ယှဉ်ခံရတယ်။အမြဲတမ်း အသုံးမကျသူတစ်ယောက်လိုပဲထင်ခံရတယ်။ မကျေနပ်လို့ ပြန်အော်တော့ အရိုက်ခံရတယ်။အဆူအငေါက်ခံရတယ်။စိတ်ညစ်တယ် အမရယ်(ကျွန်မ)တဲ့။သူတို့တွေ အမြဲတမ်း ယှဉ်ယှဉ်ပြီး ပြောနေလို့လားမသိဘူး အမကိုတောင် မုန်းပြီး မခေါ်တာကြာပြီ။
ကျွန်မ>>ညီမရယ်....မိဘဆိုတာ စိတ်ပူတတ်တယ်။သူ့သားသမီး တွေ ကိုစိတ်ချရတဲ့နေရာမှာပဲရှိစေချင်တယ်။သူတို့ သားသမီးတွေ အသက်ဘယ်လောက်ကြီးကြီး သူတို့အမြင်မှာ ကလေးလိုပဲမြင်တယ်။အဲ့ဒါကြောင့်ပါ ညီမရဲ့။
ကျွန်မ မိဘနဲ့ သားသမီးကြား နားလည်မှုလွဲတာတွေ ကြုံဖူးတယ်။သားသမီးတွေဘက်ကလည်း သူတို့အရွယ်ရောက်ပြီ၊သူတို့ မဟုတ်လုပ်နေတာ မဟုတ်ဘူး၊သူများသားသမီးတွေလို ပျက်ဆီးနေတာလည်း မဟုတ်ဘူး ဆိုပြီးတွေးတတ်ကြတယ်။မိဘ ဘက်ကလည်း ဘယ်မှမသွားစေချင်ဘူး။တစ်ခုခုဖြစ်မှာ အရမ်းစိုးရိမ်တယ်။ချစ်လွန်းလို့ ချုပ်ထားတာပေါ့။ အဲ့မှာ လွဲတော့တာပဲ။
ဒါပေမယ့် ကျွန်မ မကြိုက်တာ တစ်ခုက မိဘတွေက တစ်ယောက်ယောက်နဲ့ ယှဉ်ယှဉ်ပြီးပြောချင်ကြတာ၊နှိုင်းချင်ကြတာပဲ။အဲ့ဒါ အတော်ဆိုးတဲ့အချက်ပါ။ဘေးကလူတွေနဲ့ပဲဖြစ်ဖြစ်၊အိမ်သားချင်းနှိုင်းတာပဲဖြစ်ဖြစ် ကျေးဇူးပြု၍ မလုပ်ပါနဲ့။အားလုံးက သူ့ဟာနဲ့သူ အရည်းအချင်းမတူကြပါဘူး။ဟိုတစ်ယောက် ဒီလောက်ရတယ်၊ဒီလောက်တော်တယ်၊ပြောစကားနားထောင်တယ် စသဖြင့် ...အမျိုးမျိုး နှိုင်းယှဉ်ကြတာတွေ အများကြီးတွေ့ဖူးတယ်။အဲ့ဒါဟာ အတော်လေး ဆိုးရွားတဲ့ အချက်ပါ။ ကလေးတစ်ယာက်ရဲ့ စိတ်ကို အနုနည်းနဲ့ တဖြည်းဖြည်းခြင်း သတ်နေတာပါ။စိတ်ဒဏ်ရာ ရသွားနိုင်တယ်။မုန်းတီးစိတ်တွေ ပေါက်ဖွားသွားနိုင်တယ်။ မိဘကတော့ ဘာရယ်မဟုတ် ဖြစ်စေချင်လွန်းလို့ ကြိုးစားအောင် တစ်ဖက်သတ်နဲ့ ပြောလိုက်တာပဲ။ဒါပေမယ့် ကလေးရဲ့ စိတ်မှာ နာကြည်းမှုတွေ ဖြစ်သွားတတ်တယ်။သိမ်ငယ်မှုတွေ ဝင်လာတတ်တယ်။
ဒါကြောင့် မပြောကြပါနဲ့။မယှဉ်ကြပါနဲ့။လူတိုင်းမှာ ကိုယ်ဆီ အားနည်းချက်၊အားသာချက်တွေ ရှိနေကြတာပါ။ဒါကို ပြောင်းလဲဖို့ တွန်းအားပေးတဲ့နေရာမှာ နှိုင်းယှဉ်ပြီး မပြောကြပါနဲ့။ နားလည်မှုလေးတွေ လွဲမှားတာရှိရင်လည်း အချင်းချင်းနားလည်စေချင်တယ်။ နှစ်ဦးနှစ်ဖက် နားလည်မှု လွဲတာတွေ ရှိရင်လည်း ကိုယ်ချင်းစာစေချင်တယ်။သားသမီးက လွတ်လပ်ချင်တယ်။မိဘက လွတ်လပ်မှုကနေ ပျက်ဆီးခြင်းဘက်သို့ ရောက်သွားမည်ကို မလိုလားချေ။အားလုံးကတော့ ကိုယ်စီ ခံစားချက်တွေနဲ့ ကိုယ်မှန်တယ်လို့ပဲ တွေးကြမှာပါပဲ။ တခါတလေမှာ လွဲမှားမှုလေးတွေကို ညှိယူလိုက်မယ်ဆိုရင် အဆင်ပြေပြေနဲ့ ခရီးဆက်လို့ရတာပေါ့။စိတ်ထဲမှာ အရမ်းကြီး သိုသိပ်ထားပြီး မခံနိုင်မှ အကြီးကြီးပေါက်ကွဲသွားမယ်ဆိုရင် ထိခိုက်မှုများတတ်တယ်။ဒါကြောင့် ပြသာနာကို အကြာကြီးခံစားမနေပါနဲ့။အကျိုးအကြောင်းနားလည်အောင် ဖြည်းဖြည်းချင်း ညှိယူပါ။
အခုဆို အခန်းဖော်ညီမလေးက မနက်ကတည်း က ထွက်သွားတာ အခုချိန်ထိ ပြန်မလာသေးဘူး။သူမသွားရတော့ဘူး ဆိုကတည်းက စိတ်လေတယ်ဆိုပြီး ထင်ရာလုပ်ပစ်မယ်တဲ့လေ။မသွားရလည်း ဘာမှမဖြစ်ပေမယ့် ဒီတစ်ခါလည်း ဆိုတဲ့ စကားမှာ အရင်ကဒဏ်ရာတွေရှိနေတယ်ဆိုတာ အသိသာကြီးပါ။တချို့ဟာတွေ က ချုပ်ထိန်းလွန်းရင် လွတ်ထွက်သွားတတ်တယ်။တင်းလွန်းရင်ပြတ်တယ် လျော့လွန်းရင်လည်း မကောင်းဘူး။ အဲ့ဒါကြောင့် အရမ်းကြီးလည်းတင်းမထားပါနဲ့။အရမ်းကြီးလည်း လျှော့ပေးမထားပါနဲ့။ အချင်းချင်းနားလည်မှုတွေ ရှိစေချင်တယ်။ သားသမီးတွေအနေနဲ့လည်း မိဘတွေရဲ့သဘောထားကို နားလည်စေချင်တယ်။ မိဘတွေအပေါ်ကိုလည်း နားလည်သော မျက်စိနဲ့ကြည့်စေချင်တယ်။ ကျွန်မတို့တွေ မိဘနေရာရောက်မှ သိကြမှာပါ။
အားလုံးကို ကျေးဇူးတင်ပါတယ်။နားလည်မှုလေးတွေ ရှိကြပါလို့ တိုက်တွန်းရင်း အဆုံးသတ်လိုက်ပါတယ်။
@thithisann
Author Thi Thi San
MSC 262