အပိုင်း(၁) ဖတ်ရန်
“ခင်ဗျား တွေးကြည့်ဖူးလား . . . ကျနော်တို့ ရဲ့
ဘဝတွေဟာ ဆုံးဖြတ်ချက်သေးသေးလေး
တစ်ခုကြောင့် ဘယ်လောက်ထိ ပြောင်းလဲ
သွားတတ်တယ်ဆိုတာ” . . . . .
“မိန်းကလေး တစ်ယောက်ဟာ ကောလိပ်ကျောင်း
တစ်ခုကို တက်ဖို့ ရွေးချယ်ခဲ့တယ် . . . အဲဒီမှာ
သူမ ဘဝတစ်လျှောက်လုံးရဲ့ လိုအင်ဆန္ဒတွေကို
ဖြည့်ဆည်းပေးနိုင်မယ့် ယောင်္ကျားတစ်ယောက်နဲ့
ဆုံတွေ့ ခွင့်ရခဲ့တယ် ။အဲ . . နောက်တစ်ခုက
အမျိုးသားတစ်ယောက် ဘားမှာ အရက်မသောက်
တော့ဘူးလို့ ဆုံးဖြတ်ပြီး အိမ်ကိုပြန်လာခဲ့တယ် . . .
အပြန်လမ်းမှာ သူ့ ကားက မီးရထားသံလမ်းပေါ်
စက်သေသွားတော့ ရထားလာတဲ့အချိန် လူရော
ကားရော တိုက်ပြီးပါသွားတယ် ။ တကယ်လို့ သူသာ
ဘားမှာ အချိန်ဖြုန်းပြီး အရက်သောက်နေခဲ့မယ်ဆိုရင်
သူ့ ကားကို သံလမ်းပေါ်ကနေ တွန်းရွှေ့ ဖို့  အကူညီ
ပေးမယ့် လူတစ်ယောက်လောက်တော့ တွေ့ နိုင်လိမ့်မယ်။
နောက်ရှိပါသေးတယ်ဗျာ . . . ဆယ်ကျော်သက်အရွယ်
ကောင်လေးတစ်ယောက် ကျောက်ဆောင်အစွန်းကို
သွားပြီး အမိုက်စား Selfie သွားရိုက်တယ် . . . ခြေချော်
ပြီး ပြုတ်ကျတော့မလို ဖြစ်တော့ သူငယ်ချင်းတွေက
သူ့ ကို ကယ်လိုက်ရတယ် ။ သူ့ ကိုကယ်လိုက်တဲ့
သူငယ်ချင်းတစ်ယောက်ကတော့ ချောက်ထဲကို
ပြုတ်ကျပြီး သေသွားရရှာတယ် ။ အကယ်တင်ခံ
လိုက်ရတဲ့ ကောင်လေးခမျာလည်းဘဝတစ်လျှောက်လုံး
ကိုယ့်ကိုကိုယ် အပြစ်ရှိတယ်ဆိုတဲ့ စိတ်နဲ့  နေထိုင်သွား
ရတော့တယ် . . .။ အချိန်တစ်ခုမှာ . . . ရွေးချယ်မှု
ကတော့ တစ်ခုပဲရမယ် . . .။ တစ်စုံတစ်ယောက်
လာနိုးနဲ့  စိတ်ရှည်လက်ရှည်စောင့်နေတဲ့ လူတစ်ယောက်
ကို လုံခြုံရေး တစ်ယောက်က ဒုက္ခပေးလိုက်မယ်ဆိုရင်
. . . . အဲဒီလုံခြုံရေး ရဲ့ အနာဂတ်က ဘာတွေ
ဖြစ်သွားမလဲ . . အံ့အားသင့်စရာတွေ ဖြစ်လာနိုင်
ကောင်းရဲ့” လို့ ပုံမှန်လေးပြောပြီး ရပ်လိုက်ပါတယ်
။ဒါပေမယ့် သူ့ လေသံထဲမှာတော့ အန္တရာယ်ရှိတဲ့
အငွေ့ အသက်တွေက အတိုင်းသားခံစားလို့ ရပါတယ်။
လုံခြုံရေးက ရှေ့တစ်လှမ်းတိုးလာရင်း “မင်းငါ့ကို
လာခြိမ်းခြောက်နေတာလား ဝတ္တရားနှောင့်ယှက်
မှုနဲ့ ၁၂ နာရီလောက်အချုပ်ထဲမှာ နေချင်နေတာလား
. . . မင်းလိုကောင်မျိုး ငါလုပ်လို့ မရဘူးထင်မနေနဲ့ ”
ဆိုပြီး ပြောလိုက်တော့ သူက “ ကျနော်ဘယ်လို
ထင်တာ ကိစ္စမရှိပါဘူး . . . ခင်ဗျားဘယ်လို
ဆုံးဖြတ်မှာလဲ . . . အဓိက က ခင်ဗျားရဲ့
ရွေးချယ်မှုပါပဲ”
လုံခြုံရေးကလဲ သူ့ ကို မလွတ်တမ်းစိုက်ကြည့်ရင်း
ခါးပေါ်က လက်ထိတ်ကို လက်လှမ်းလိုက်ပေမယ့်
နောက်အတွေး တစ်ခုဝင်သွားပုံရပါတယ်။
“နောက်တစ်နာရီအတွင်း မင်းကို
ဒီနေရာမှာ မမြင်ချင်ဘူး” လို့ မကြားတကြား
ပြောပြီး တရားရုံးတော် အပြင်ဘက်
အဝင်ပေါက်မှာရှိတဲ့ သူ့ နေရာကို စိတ်ဆိုး
မာန်ဆိုး ထွက်သွားပါတယ်။
သူလည်း ဘာမှခွန်းတုံ့ မပြန်တော့ပဲ
လူတန်းကြီးစောင့်နေတဲ့နေရာကိုပဲ
အာရုံစိုက်နေပါတော့တယ်။
နောက်တစ်နာရီလောက် အကြာမှာတော့
သူ ရုတ်တရက်ထရပ်ကာ လူတန်းရဲ့
အရှေ့ ပိုင်းကို ဦးတည်လျှောက်သွား ပြီး
နို့နှစ်ရောင် ဘလောက်စ်အင်္ကျီနဲ့
ရေပြာရောင် စကပ်ကိုဝတ်ထားတဲ့
အမျိုးသမီးတစ်ယောက်နားမှာ ရပ်
လိုက်ပါတယ်။သူမလက်ထဲမှာ အညိုရောင်
သားရေအိတ်ပြားလေးတစ်ခု ရှိနေပြီး
သူမအနားကိုတိုးကာ “ လီဆာ ဒန်နရယ်လ်”
လို့ မေးမြန်းလိုက်တာမျိုး မဟုတ်ပဲ
ပြောလိုက်တဲ့အခိုက် . . . .
လီဆာ ဒန်နရယ်လ် ဆိုတဲ့ အမျိုးသမီးက
ချက်ချင်းလှည့်ကြည့်လိုက်ပါတယ်။
ရုတ်တရက်အနားရောက်လာတဲ့ သူ့ ကြောင့်
အံ့အားသင့်သွားပြီး တုံ့ ဆိုင်းစွာနဲ့  “ဟုတ်ပါတယ်
. . . ရှင်က ဘယ်သူပါလဲ”
“ကိုယ့်ကို လီယိုနာဒ့် လို့ ခေါ်နိုင်ပါတယ် . .
မင်းအတွက် ရွေးချယ်ရမယ့် အရာ နှစ်ခု
ရှိတယ်”
သူကိုယ်သူ လီယိုနာ့ဒ်လို့ ပြောနေတဲ့
လူတစ်ယောက်ကို လီဆာ စိုက်ကြည့်
လိုက်တယ် . . အရပ်ခြောက်ပေလောက်နဲ့ 
ပိန်ပိန်ပါးပါးလူတစ်ယောက် သူလိုကိုယ်လို
ပုံစံမျိုး . . . ဒါပေမယ့် သူ့ မျက်လုံးတွေကတော့
အပြာရောင် လျှပ်စစ်ဓာတ်တွေ လွတ်ထုတ်
နေသလိုပဲ . . .။
“ဒါနဲ့  ရှင်က ဘာကိစ္စလဲ” . . .
“ ပထမဆုံး ရွေးချယ်ရမှာကို ပြောရမယ်ဆိုရင်
ပုံမှန်ကိစ္စမျိုးတော့ မဟုတ်ဘူး . . .”
စိတ်အားထက်သန်နေတဲ့ အမူအရာနဲ့ 
သူက ဆက်ပြောတယ် “ပထမ မင်းကိုယ်နဲ့ လိုက်ခဲ့ပါ
ပြီးတော့ ဒုတိယမြောက်ရွေးချယ်ရမယ့်
အရာအတွက် ကိုယ်ပြောတာကို နားထောင်
ပေးပါ . . . ဒါမှမဟုတ်ရင်လည်း မင်းအခုသွားနေတဲ့
ရုံးအမှတ် (၁၇) ကို ဆက်သွားလိုက်ပါ . . .
ဒါပေမယ့် မင်းကိုတော့ သတိပေးလိုက်မယ် . . .
ရုံးအမှတ် (၁၇) ကိုပဲ သွားတော့မယ်ဆိုရင်တော့
မင်း ပြန်လာနိုင်တော့မှာမဟုတ်ဘူး . . .
အဲဒီလို ရွေးချယ်လိုက်ခြင်းက မင်းအတွက်
သေဆုံးခြင်းပဲ ဖြစ်လိမ့်မယ်။”
“ဘာ . . ဘယ်လို . . .
ဘာတွေဖြစ်မှာ မို့ လို့လဲ”
“ဘာဖြစ်မှာလဲ ဆိုတာတော့
မင်းကို ထုတ်ပြောခွင့်မရှိဘူး . . .
ပြီးတော့ မင်းအတွက် ရွေးချယ်ဖို့ 
အချိန် (၁၀) စက္ကန့် လောက်ပဲ ရှိတယ် . . .
အဲလိုမှမဟုတ်ရင် မင်းသွားမယ့်နေရာကိုပဲ
သွားခွင့်ပြုရတော့မှာ . . .
မင်း ကိုယ်နဲ့ လိုက်ခဲ့မှာလား . . .”
သူမပြန်ပြောပါတယ် . . “ဒါက ကျမရဲ့
ပထမဆုံး တစ်ယောက်တည်း လိုက်ရတဲ့
အမှု ဖြစ်နေတယ် . . . မသွားလို့ မရဘူး”
လီယိုနာ့ဒ်က ဘာမှမပြောတော့ပဲ သွားတော့မယ့်
ပုံစံမျိုး လှည့်ထွက်လိုက်ပါတယ်။
“ဒါနဲ့  . . နေပါအုံး ရှင်ပြောတာ သေချာလို့လား”
သူပြန်လှည့်ကြည့်ပြီး “ကိုယ် အမြဲတမ်းသေချာပါတယ်”
လို့ ရိုးရိုးလေး ပြန်ပြောလိုက်တယ်။
လီဆာ တရားရုံးတော်ဘက်ကို ကြည့်လိုက်တော့
ဒါပြီးရင် သူမဝင်ရမယ့် အလှည့်ရောက်နေပြီ . . .
လီယိုနာဒ့်ကလည်း ထွက်သွားဖို့ ဟန်ပြင်နေပြီ . . ။
“ဒုက္ခပါပဲ” လို့ ရေရွတ်လိုက်ရင်း လူတန်းကြီးထဲမှ
ထွက်လိုက်ပါတယ်။
“ဒီဘက်ကို မြန်မြန်လာ” လီယိုနာ့ဒ် ပြောရင်းဆိုရင်း
လှေကားထစ်တွေကို ခပ်သွက်သွက်လေး ဆင်းနေ
ပါတယ်။ လီဆာလည်း သူ့ ကိုမှီအောင် မြန်မြန်
လျှောက်နေရတယ် . . သူမကို လုံးဝလှည့်မကြည့်ပဲ
ဘရော့ဒ်ဝေး ဘက်ကို လှည့်ထွက်သွားတော့တယ်။
သူမလည်း တတ်နိုင်သမျှ မှီအောင်လိုက်လျှောက်ရင်း
“ဘာတွေ လောနေတာလဲ . . . ကျမတို့ ဘယ်သွား
နေကြတာလဲ”
သူ ပြန်မဖြေပဲ လမ်းပဲဆက်လျှောက်နေရင်း
လမ်းဖြတ်ကူးရန် နေရာ အရောက်မှာ
မီးနီ (မကူးရ) လင်းနေပေမယ့် သူကတော့
ဆက်လျှောက်သွားပါတယ်။ ကားဟွန်းသံကျယ်
လောင်စွာမြည်ပြီး ဘရိတ်ဆောင့်အုပ်လိုက်လို့ 
ကားတာယာနဲ့ လမ်းပွတ်တိုက်သွားပါတယ်။
လီယိုနာ့ဒ်ကတော့ တစ်ချက်လေးတောင်
လှည့်မကြည့်ပါဘူး။ လီဆာလည်း ကားသမားကို
လက်ဟန်ခြေဟန်နဲ့ တောင်းပန်တဲ့ ဟန်လုပ်ပြီး
ကားရှေ့ကနေ ဖြတ်ပြေးလိုက်ပါတယ်။
ခဏလောက်ကြာတော့ သူ တို့ ထွက်လာတဲ့
နေရာဘက်ကနေ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး
ကြားလိုက်ရပါတယ်။ လီဆာထိတ်လန့်တုန်လှုပ်စွာနဲ့
လှည့်ကြည့်လိုက်တော့ တရားရုံးအဆောက်အဦး
ရှေ့ကနေ မီးခိုးလုံးကြီးတွေ တက်လာနေပြီး
လူအများအပြားဟာလည်း မြေပြင်ပေါ်မှာ
အနေအထားအမျိုးမျိုးနဲ့ ပုံပျက်ပန်းပျက်
လဲကျနေတာကို တွေ့ လိုက်ရပါတယ်။
တစ်ချို့ လူတွေကတော့ အောင်ဟစ်ပြီး
ပြေးလွှားနေကြတယ်။လီဆာ ပြန်လှည့်ပြီး
လီယိုနာ့ဒ်ဆီကို ပြေးသွားလိုက်ပါတယ်။
သူလည်း လမ်းလျှောက်နေရာမှရပ်ပြီး ခုနက
အဖြစ်အပျက်ကို လှည့်ကြည့်နေပါတယ်။
“ရှင့် လက်ချက်လား”
“မဟုတ်ပါဘူး”
“ဒါဆို ရှင်သိနေခဲ့တာပဲ . . အဲ့ဒီနားမှာ
ဗုံးထောင်ထားတယ်ဆိုတာ ရှင်သိနေခဲ့တာပဲ
ဟို လူတွေရဲ့ အသက်ကိုကယ်ဖို့  ရှင်ဘာမှ
မလုပ်ခဲ့ဘူး”
သူမခေါင်းပေါ်ကို ကျော်ကြည့်ရင်း
“ဟုတ်တယ် ကိုယ်သိနေခဲ့တယ် . .
ဒီနေ့  ငါ့ဆုံးဖြတ်ချက်က သူတို့ တွေကို
ကယ်ဖို့ မဟုတ်ဘူး” အလျှံညီးညီး ထိန်လင်း
နေတဲ့ မျက်လုံးတွေနဲ့  သူမကို ငုံ့ ကြည့်ရင်း
“ဒီနေ့ ကိုယ့်ဆုံးဖြတ်ချက်က မင်းကိုကယ်ဖို့ ပါပဲ
. . . မင်းသဘောမကျလို့ လား”
“ ဟုတ်တော့ဟုတ်ပါတယ် . . . ဒါပေမယ့်
ကျမပြောချင်တာက ရှင် ဟိုလူတွေရဲ့ အသက်
ကိုလည်း ကယ်လို့ ရရဲ့သားနဲ့ ”
“ အင်း . . . ဒီနေ့ တော့မဟုတ်ဘူး . .
မနေ့ ကဆိုရင် တော့ဖြစ်နိုင်တယ် . .
ဒါမှမဟုတ် အဲဒါမတိုင်ခင် တစ်ရက်ရက်ပေါ့”
သူပြောတဲ့ဆိုလိုရင်းကို သိအောင်ကြိုးစားရင်း
ပဟေဠိ တစ်ခုလိုသူ့ ကိုစိုက်ကြည့်နေခဲ့တယ်။
ရဲကားတွေ မီးရောင်တစ်ဖြတ်ဖြတ် ဥသြသံတွေ
ဆွဲရင်း သူတို့ နားကို အရှိန်နဲ့ ဖြတ်သွားတယ်။
တစ်စတစ်စ ကျယ်လောင်စွာမြည်နေတဲ့ 
ဥသြသံတွေကြောင့် နောက်ထပ်ရဲကားတွေ
လူနာတင်ကားတွေ အများအပြားလည်း
လာနေကြတာကို သိလိုက်ရတယ်။
“ကျေးဇူးပြုပြီး ကိုယ့်နောက်လိုက်ခဲ့ပါ”
သူပြောပြီး လှည့်ထွက်ကာဆက်လျှောက်
သွားပါတယ်။
ဒီတစ်ကြိမ်မှာတော့ သူဖြေးဖြေးပဲ လျှောက်ပြီး
နှစ်ဘလော့ လောက်အရောက်မှာရှိတဲ့ ကော်ဖီ
ဆိုင်လေးရှေ့မှာ ရပ်လိုက်ကြတယ်။ရဲကားဥသြ
ဆွဲသံတွေကတော့ ကြားနေရတုန်းပဲ . . .
သူကတော့ နောက်ထပ်ဘာသံမှမကြားမိသလို
ပုံစံနဲ့ ဆိုင်ထဲဝင်သွားပါတယ်။ ကောင်တာကိုသွားပြီး
ကော်ဖီနှစ်ခွက်နဲ့  ငှက်ပျောသီးအရသာ
ပေါင်မုန့်ကို မှာလိုက်ပါတယ်။
ကောင်တာမှ လူငယ်လေးက
“ခင်ဗျားတို့ တရားရုံးတော်ဘက်က လာခဲ့ကြတာလား”
လီယိုနာ့ဒ်က ဘာမှမထူးခြားတဲ့ လေသံနဲ့ 
“ဟုတ်တယ်”
“ဘာဖြစ်ကြတာလဲ ၊ ဗုံးပေါက်သွားတာလား”
“ဟုတ်တယ် . . . လူအများကြီးရဲ့ ဘဝတွေ
ပြောင်းလဲကုန်ပြီ”
ခုနက လေသံအတိုင်း သူပြန်ဖြေလိုက်တယ်။
ဆက်ရန် . . . .
Translated From “THE CHOICE MAN” by O.H.Reads
@thettinaung
MSC - 105