အရက်အကြောင်းနဲနဲ

Words
443
Reading
2 min
Listen
Play
8y

တစ်နေ့က ဆရာသမားဖြစ်သူ အရက်တစ်လုံး လက်
ဆောင်ရလာခဲ့ရာ ကျနော့်အား ဝမ်းသာအားရ
လက်တို့ရှာလေသည်။ ဤသို့နှင့် ညနေရုံးဆင်းချိန်
တွင် လူအိုကာလသားတို့ ထုံးစံအတိုင်း ဝိုင်းဖွဲ့ကြလေတော့သည်။ ကျနော့်မှာ ယမကာ ကိုပုံမှန်မှီဝဲတတ်သူ မဟုတ်သော်လည်း တစ်ခေတ်တစ်ခါက ဆရာကြီး အီ ကြာကွေး ရေးခဲ့ဖူးသလို ဖရီးမေသင် ဂိုဏ်းဝင် တစ် ယောက် ဖြစ်ပေသည်။ Leader ကြီးကိုဟင်ရေးတဲ့ ဖရီးမေဆင် မဟုတ်ပါ။ ဖရီးမေသင်ဖြစ်ပါသည်။ အဓိပ္ပါယ် ပြန်ရမည် ဆိုလျှင် ဖရီးဆိုသည် အလကား မေသင်ဆိုသည်မှာ မင်သေ ဖြစ်ပါသည်။ မှင်သေသေနဲ့ free လိုက်ကြိတ်တတ်သည့် သူများတွင် ကျနော်လည်း အပါ အဝင်ဖြစ်သည်။

ူ
ခုနစကားပြန်စက်ရရင် လက်ဆောင်ရတဲ့ ပုလင်းလေး
က အတော်လှသည်.... ကြည့်ရင်းနဲ့ကိုချစ်ဖို့ကောင်း
သည့်အမျိုး။ ပယင်းရောင်လေးတစ်လဲ့လဲ့နဲ့ အဖုံးဖွင့်
ရတာကိုက တစ်မျိုးလေး ကဗျာဆန်မိသည်။ အနံလေး
ကလည်း အရိုင်းဆန်ဆန် နူးညံ့တဲ့ ရနံ့မျိုးလေး.... ။
အပိုတွေပြောခြင်းမဟုတ် ကျနော် က အရက်ဆိုလျှင်
သူ့ရဲ့ ကြန်အင်လက္ခဏာ တွေအားလုံးကို အာရုံခံပြီး
မှ သောက်တတ်သည်။ အဲဒီလိုနဲ့ ဆရာသမားခွက်ထဲ
တစ်ပက် ကျနော့်ခွက်ထဲတစ်ပက်လောက်ထည့်ပြီး
ရေရောမလို့. .. .. စိတ်ထဲအကြံပေါ်လာတာနဲ့
ရေမရောပဲမြည်းကြည့်အုံးမှပါဆိုပြီး..... အာဆွတ်ရုံ
လေး လျှာပေါ်တင်ကြည့်တဲ့အခိုက်...... ခဲလေသမျှ
သဲရေကျ ဆိုသလိုမျိုး စိတ်အပျက်ကြီး ပျက်သွား
ရပါတော့တယ်။
ဘယ်ဟုတ်မလဲ.... သူလက်ဆောင်ရတာ အရက်မှမ
ဟုတ်ပဲ ချိုလိုက်တဲ့အရက်ဗျာ... ရှတတ လေးနဲ့....
သူ့အရသာနဲ့သူကတော့ အကောင်း... သို့သော်
ကျနော်တို့က အဲဒီလိုင်းမဟုတ် ။အဲဒါမျိုးကို ကျနော်
တို့က မကြိုက်။ သိတော့သိလိုက်ပါပြီ.... အရက်လို့
ထင်ခဲ့တဲ့ အနှီပုလင်းဟာ အရက်ပုလင်းမဟုတ်....
ရိုးရာ ဝိုင်ပုလင်းသာ ဖြစ်ကြောင်း မြည်းကြည့်မှ
သိလိုက်ရသည်။ ဒါတောင် ဇွဲမလျှော့.... တစ်ချို့
အရက်တွေ ချိုပေမယ့် နဲနဲကြာမှ အစွမ်းပြတတ်
သည်ဟု ကြားဖူးသည်။ ပုလင်းတစ်ဝက်သာ ကုန်
သွားသည် ဘာဆိုဘာမှ မဘာတဲ့အရက်ဆိုတော့
ဆရာ တပည့် ၂ ယောက် အတော်လေး feel အောက်
သွားရသည်။ အရက်၏ကြန်အင် လက္ခဏာ မပြည့်
စုံသော ထိုပုလင်းအား ဆက်မသောက်တော့ရန်
ဆုံးဖြတ်လိုက်ကြသည်။ ကျနော့်အတွေ့အကြုံအရ
အရက်ဆိုတာ တစ်ခွက်စသောက်လိုက်ရင် ခါးသက်
သက်နဲ့ နဲနဲအဝင်ဆိုးရမည်. .... အလယ်လောက်
ရောက်လာလျှင် ချိုမြသောအရသာ ရှိရမည်။
ကုန်ခါနီးလျှင် ဆိမ့်ဆိမ့်လေး ဖြစ်နေရမည်။
အဲလိုနဲ့ဆရာတပည့် ၂ ယောက်ကြံရာမရတဲ့အဆုံး
ဗူးနီလို့ ကျနော်တို့ခေါ်တဲ့ Andamangold ဘက်
ကိုပဲ လှည့်ဖြစ်ကြသည်။ ဈေးချိုသည် သောက်ရတာ
နဲ့တန်အောင် မူးနိုင်စွမ်းရှိသည့် Andamangold
ဖြစ်သည်။ စပေါ်ခါစက ဗူးနီရဲ့ ပညာပြမှုကို အလူး
အလဲခံခဲ့ရဖူးသည်။ ဘီယာဆိုပြီး ပေါ့တော့လျော့တော့
တဂွပ်ဂွပ်သောက်ပြစ်ခဲ့ရာ.... လူတွဲပြီး အိမ်ပြန်ခဲ့
ရဖူးသည်။နောက်တော့ ၄င်းအား အရက်ကို
သောက်သလို လေးလေးစားစား သောက်ရသည်။
အရက်အကြောင်းပြောနေပေမယ့် ကျနော်သည်
အရက်နဲ့ပတ်သက်၍ Pro ကျသူဟု မထင်ပါနှင့်
ကြုံတွေ့ဖူးသော အတွေ့အကြုံအနဲငယ်ကိုသာ
အခြေ ခံ၍ပြောနေခြင်းဖြစ်ပါသည်။ အရက်ကို
တစ်လေးတစ်စားသောက်သည်ဆိုရာဝယ် တစ်ဖြေး
ဖြေးချင်း နဲနဲစီသောက်ခြင်းကိုပြောခြင်း ဖြစ်ပါတယ်။
ဖြေးဖြေးချင်း သောက်ခြင်းအားဖြင့် အရက်မူးရာ
တွင်လည်း တစ်ငြိမ့်ငြိမ့်လေး နဲ့ကောင်းခန်းကို
ရောက်စေနိုင်ပါတယ်။ ဝမ်းသာ၍ဖြစ်စေ စိတ်ညစ်
၍ဖြစ်စေ အရက်ကို တာဝန်ကြီးတစ်ခုလို မကုန် ကုန်
အောင် အမြန်သောက်မည်ဆိုပါက ဥသြဆွဲခြင်း နောက်
ရက် အရက်နာကျခြင်းတို့ကိုသာ အရက်က ပြန်ပေး
ပါလိမ့်မယ်။
အသက်လေးရလာတော့ အရက်နာကျတာက
လည်း အနဲနဲ့အများ ခံစားရလေ့ရှိပါတယ်။ အဲဒါကို
တော့ ကျနော့်ထက်ဝါရင့်သူ ဆရာသမားများက
ဘယ်လိုအကြံပေးလည်းဆိုရင် သောက်ပြီးအိပ်ခါနီး
ဆိုရင် ရေ ၁ လီတာမှ ၂ လီတာလောက်ကို ကုန်အောင်
သောက်ပြီးမှ အိပ်ပါ ဆိုပြီးပြောပါတယ်။ တကယ်
စမ်းကြည့်တဲ့အခါမှာလည်း အလုပ်ဖြစ်တာကို သိရှိ
ခဲ့ရပါတယ်။ လေးစားဖို့ကောင်းတဲ့ ဆရာသမားများပဲ
ဖြစ်ပါတယ်။

အခြားအရက်တွေနဲ့ယှဉ်လျှင် ရိုးရာအရက်တွေ
မှာ ထူးခြားသည့်ဂုဏ်သတ္တိတွေရှိသည်။ သူများတွေ
တော့ ဟုတ်ချင်မှ ဟုတ်မည် ကျနော့်အတွက်ကတော့
ဟုတ်သည်။ နိုင်ငံခြားဖြစ် ဝီစကီတို့ဆိုသည်မှာ
သောက်လို့ကောင်းသည် မှန်သော်လည်း ၄င်းတို့
မှာ ဝိညာဉ်မရှိ။ ဟုတ်ပါသည် ကျနော်တို့ ရိုးရာ
အရက်တွေမှာ ဝိညာဉ်ရှိသည်။ ဘယ်လိုဝိညာဉ်လည်း
ဆိုတာမပြောခင် ကျနော်ဟာ တိုင်းရင်းသား ဒေသ
တွေဖြစ်တဲ့ ကယားပြည်နယ်နဲ့  ကချင်ပြည်နယ်တို့
မှာ နှစ်အတန်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့
ဖူးပါသည်။ ကချင်ပြည်နယ်မှာ ရှိတုန်းက စကားဝှက်
အနေနဲ့ ကကြီး ခခွေးလို့ ခေါ်ကြသည့် ကချင်အရက်
ကို သောက်ခဲ့ဖူးပါသည်။ သောက်လိုက်လျှင် အဝင်
ကြမ်းသည်... ထူးဆန်းသော အနံ့ရှိသည်... ။ ငါးဖက်
ထုပ်ကင်လေးနဲ့ အရက်လေးကို တစ်ကျိုက်မော့လိုက်
နဲ့ စည်းစိမ်ယစ်ခဲ့ဖူးသည်။ ၃ ပက်လောက်ဆို ခပ်ထွေ
ထွေဖြစ်လာပြီ။ ဆောင်းတွင်းကာလဆိုလျှင် အလွန်ကောင်း....။
ပြောချင်သည့်ဝိညာဉ်ဆိုသည်က အခုကျနော် အဲဒီ
ဒေသတွေမှာ တာဝန်ကျတာ မဟုတ်တော့ပေမယ့်
မိတ်ဆွေများက လက်ဆောင်ပေးတတ်ကြတဲ့အထဲမှာ
အဲလိုရိုးရာလေးတွေပါလာတတ်ပါတယ်။ ကချင်အရက်
ဆိုပါတော့... ဒီအချိန်မှာ သူ့ရဲ့အနံ့ကို ရရုံနဲ့
ရင်ဘတ်ထဲထိ အေးသွားတတ်တယ်. .... တောတောင်
တွေကိုဖြတ်ပြီး တိုက်ခတ်လာတဲ့ လေခပ်ကြမ်းကြမ်း
လေး ကိုယ့်ကို ပွတ်တိုက်သွားသလိုပဲ.... ယခင်က
အချိန်တွေ မျက်လုံးထဲမှာ မြင်လာမိတယ်.... ကြည်
လင်နေတဲ့ ချောင်းရေစီးသံတွေ ကိုယ့်နားလေးကို
ရောက်လာသလိုမျိုး... လတ်ဆတ်တဲ့ အနံ့အသက်မျိုး
ရပါတယ်။တကယ်ပါ ..... ။ ကယားကလာတဲ့
ပြောင်းခေါက်အရက်ဆိုရင် သောက်လိုက်တာနဲ့
ဘီလူးချောင်းရေတံခွန်က ရေကျသံတွေ ကြားလိုက်
ရသလိုမျိုး..... တောင်ကွဲစေတီပေါ်က ကြည့်လိုက်
ရင် ငွေရောင်သမ်းနေတဲ့ တောင်တန်းတွေနောက်က
မိုးကုပ်စက်ဝိုင်းကြီးကို တွေ့ရသလိုမျိုး အဲလို အာရုံ
မျိုးတွေ တစ်ပြိုင်တည်း ရစေပါတယ်။ ကျနော်ပြော
တဲ့ ဝိညာဉ်ဆိုတာ အဲသလိုပါ။
သို့ဆိုပေမယ့်လည်း အရက်ဆိုတာ တစ်လေးတစ်
စားသာ သောက်သင့်ပါသည်။စွဲလမ်းအောင် သောက်
ခြင်းကို ရှောင်ကျဉ်သင့်သည်။ ကျနော်ကျောင်းပြီးခါ
စက ပျဉ်းမနားအရှေ့ဘက် အထက်ပေါင်းလောင်း
လျှပ်စစ်စီမံကိန်း မှာလုပ်ခဲ့တဲ့ အချိန်ရှိခဲ့ဖူးပါသည်။
တောတောင်လျိုမြှောင်ကြားထဲ ပျော်စရာ စိတ်
ထွက်ပေါက်အနေနဲ့ အရက်သာရှိတဲ့နေရာမျိုးပါ။
ညနေဘက် ဆိုရင် သောက်ခါနီးဆို အလိုလိုပျော်
နေမိတတ်ခဲ့တယ်။ လစာပြုတ်ရုံမက အကြွေးယူ
သောက်ခဲ့ကြပါတယ်။နောက်ဆုံးဆိုင်ကတောင်
မယုံလို့ အကြွေးမပေးတဲ့ အထိသောက်ခဲ့ပါတယ်။
ပိုက်ဆံကလည်းမရှိ ကိုယ့်ဘေးခန်းက သူများတွေ
သောက်နေတဲ့အချိန် ခွက်သံ ငှဲ့သံလေးကြားရင်ကို
တံတွေးသီးခဲ့ရတဲ့ ဘဝရောက်ခဲ့ရပါတယ်။
သောက်စရာကမရှိ ညဆိုအိပ်လို့မပျော် တော်တော်
ကြီး ဆင်းရဲဒုက္ခရောက်ခဲ့ဖူးပါတယ်။ အဲလိုဖြစ်ပြီး
နောက်ပိုင်း ကျနော့်အနေနဲ့ အရက်ကို အစွဲအလန်း
မထားတော့ပါကြောင်း.......။
thettinaung@thettinaung
MSC-105

အရက်အကြောင်းနဲနဲ | Ecency