“မကူညီရင်နေ မနှောက်ယှက်ရပါ”
အားလုံးဘဲ မင်္ဂလာပါဗျာ။ကျွန်တော် ဒီနေ့ရေးမယ့်အကြောင်းအရာလေးကတော့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်တတ်တဲ့ အကြောင်းအရာလေးတွေထဲက တစ်ခုအကြောင်းပါဘဲ။ဒီအကြောင်းအရာလေးကတော့ ကျွန်တော်တို့၏လမ်း လမ်းခမ်းခြင်းမှ ဆက်စပ်ပြီး ဖြစ်တဲ့အကြောင်းလေးပါဘဲ။ယခုအကြောင်းအရာလေးကလဲ နေရာတိုင်း ရပ်ကွက်တိုင်း လမ်းတိုင်းမှာ ကြုံဖူးရှိဖူးကြမယ်လို့ထင်ပါတယ်။
အကြောင်းအရာလေးကတော့ ကျွန်တော်တို့လမ်း လမ်းခင်းပြုပြင်ခြင်းကနေစတဲ့အကြောင်းအရာလေးပါဘဲ။ ရပ်ကွက်အတော်တော်များများဟာ အခုဆိုရင် ကွန်ကရစ်လမ်းခင်းခြင်းကို တော်တော်များများ လုပ်လာကြတာတွေ့မိကြမှာပါ။အဲဒီလိုဘဲ ကျွန်တော်တို့လမ်းဟာလဲ တစ်ခြားလမ်းများမှ လမ်းခင်းခြင်းများပြုလုပ်ကြခြင်းကြောင့် ကျွန်တော်တို့လမ်းတစ်လမ်းသာ ကျန်ပြီး မိုးရွာချိန်ဆိုလျှင် ရေများဟာ မခင်းရသေးတဲ့ကျွန်တော်တို့လမ်းဆီကို စုပြုံရောက်လာမှုကြောင့် အမြဲတမ်းရေ၀ပ်ပြီး လမ်းသွားရာမှာ အခက်အခဲဖြစ်ကြပါတယ်။ လူကြီးများအတွက်တော့ လမ်းသွားရသည်မှာ မခက်ခဲသော်လည်း ကလေးများအတွက်တော့ မကောင်းလှပါ။နောက်ဆုံး ကလေးများဆော့ကစားချင်လျှင်တောင် ရွှံ့ဗွက်များတင်ကျန်နေသည့်အတွက် ကစားရာတွင်လည်းအဆင်မပြေလှပါ။
ထို့ကြောင့် လမ်းလူကြီးများမှတိုင်ပင်ပြီး လမ်းခင်းရန်သဘောတူဆုံးဖြတ်လိုက်ကြပါတယ်။ ဆုံးဖြတ်ပေမယ့်လည်း လမ်းခင်းရန် ကုန်ကျစရိတ်များရှိသည်အတွက် ရန်ပုံငွေကိစ္စအတွက်ပါ တိုင်ပင်ကြရပါတယ်။ဒီလိုနှင့် အိမ်ရှင်များနှင့်အိမ်ငှားများကို အချိုးကျထည့်သင့်သည်များကို လဆန်း ၅ရက်အတွင်း၁လတစ်ခါကောက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒီနေရာမှာ လူတော်တော်များများဟာ အစည်းအဝေးခေါ်သည့်အချိန်များတွင် မအားတာလိုလို မလာချင်တာလိုလိုတွေကများပါသည်။ပြီးရင် ကွယ်ရာတွင် လုပ်မည့်သူများအားအပြစ်တင်လက်ညိုးထိုး ကန့်လန့်တိုက်သူများလည်းရှိကြပါသည်။ ဦးဆောင်လုပ်သူများမှာ အများနှင့်လုပ်ရသည့်အတွက် သည်းခံကာလုပ်ဆောင်ရသည်မှာ မလွယ်ကူလှပါပေ။
ထိုသို့ကန့်လန့်တိုက်သူများထဲတွင် လွန်ခဲ့သော လများကကျွန်တော်ရေးခဲ့သည့် “လောဘမီး”ဆောင်းပါးမှ ဒေါ်နီဆိုသော အမျိုးသမီးမှာ ထိပ်ဆုံးကပင်ဖြစ်ပါသည်။ကျွန်တော်အရင်ကရေးခဲ့သည့်အတိုင်း ဒေါ်နီမိသားစုမှာ တစ်လမ်းလုံးနှင့်တစ်ယောက်ဖြစ်ပါသည်။ယခုလည်း လမ်းကောင်းစားရေးအတွက် အားပေးကူညီမှုမရှိသည့်အပြင် လမ်းခင်းရန်ငွေကောက်ခံပါက ၄င်းမှမထည့်နိုင်သေးကြောင်း လမ်းအားလုံးခင်းပြီးမှသာ ပေးမည်ဟုပြောလာပါသည်။မထည့်နိုင်သေးဟု ပြောလောက်အောင်လည်း စီးပွားရေးမပြေလည်သူများလည်းမဟုတ်ကြပါ။ လမ်းလူကြီးများမှ စိတ်ဆတ်သူဆိုလျှင် လမ်းထဲမှာနေပြီး လမ်း၏ကောင်းရာကောင်းကြောင်းကို တစ်ခါမှမလုပ်သည့်အပြင် မိမိကျသင့်ငွေကိုလည်းဈေးဆစ်သလိုဆစ်နေသည့်အတွက် ပေါက်ကွဲပြီး စကားများကုန်ကြပါတော့သည်။နောက်ဆုံးလမ်းလူကြီးများမှ ဖက်ပြီးစကားမများချင်သောကြောင့် အဆင်ပြေသလိုသာပေးပါဟု ပြောလိုက်ပါတော့သည်။ဒီကြားထဲလမ်းခင်းရန် မြောင်းများစတင်တူးဖော်ချိန်တွင်လည်း ဒေါ်နီအိမ်မှ လမ်းပေါ်ထိခင်းထားသော ကွန်ကရစ်များကိုတူးသည့်အခါတွင်လည်း သူ၏ကွန်ကရစ်များကိုမထိရန် ပြောလာသောကြောင့် နောက်ဆုံးလမ်းလူကြီးများမှာ စည်ပင်မှတာဝန်ရှိသူများခေါ်ပြီး ရှင်းမှသာ နောက်ဆုတ်သွားပါသည်။
နောက်အကြောင်းအရာများမှာ လမ်းခင်းရန်စတင်လုပ်ဆောင်ချိန်တွင် လမ်းထဲမှ အိမ်တစ်အိမ်သည် အသစ်ဆောက်လုပ်ရန်အိမ်ဖျက်လိုက်သည့်အတွက်ထွက်လာသည့်အုတ်ခဲကျိုးများကို လမ်းခင်းရန်လှူသည့်အတွက် ၄င်းအိမ်ဖျက်ချိန်တွင်လမ်းပေါ်သို့သယ်ပြီးတစ်ခါတည်းခင်းလိုက်ရပါသည်။ ခင်းသည့်အချိန်တွင် ၄င်းအုတ်ခဲကျိုးများကိုလမ်း၏တစ်ဖက်ကိုကပ်ကာခင်းလိုက်ရပါသည်။ သို့မှသာနောင်တစ်ချိန် သဲကား အုတ်ကားများဝင်ရန် အခက်အခဲမရှိမှာဖြစ်ပါသည်။သို့ပေမယ့် ၄င်းအုတ်ခဲကျိုးများချထားသည့် တစ်ချို့အိမ်များသည် လမ်းခင်းသည့်အချိန်လေးတွင်အခက်အခဲဖြစ်သည်ကို သည်းမခံနိုင်ဘဲ လမ်းသွားရာတွင် အဆင်မပြေကြောင်းကို ကန့်လန့်တိုက်ပြောကြသည်က ရှိပါသေးသည်။မိမိလမ်း ကောင်းရာကောင်းကြောင်း လုပ်ဆောင်နေကြသူများမှာ စေတနာနှင့်လုပ်ကြသူများဖြစ်ကြပါသည်။သို့ပေမယ့် ၄င်းလုပ်ဆောင်နေသူများကို မကူညီကြသည့်အပြင် အနှောက်အယှက်ဖြစ်အောင်ပင်လုပ်နေကြပါသေးသည်။
ထို့ကြောင့် ကျွန်တော်တို့တစ်တွေသည်လည်း အခြားသူများမှ ကောင်းသည့်ကိစ္စများလုပ်ဆောင်နေချိန်၌ မိမိမှ မကူညီနိုင်ပါက ၄င်းတို့ကို အနှောက်အယှက်မပေးသည်မှာကူညီရာရောက်ပါသည်။ ထို့ကြောင့်ကျွန်တော်တို့သည် မကူညီနိုင်ပါက မနှောက်ယှက်မိစေရန် တိုက်တွန်းရေးသားလိုက်ရပါသည်။
စာဖတ်သူများအားလုံးကို ကျေးဇူးတင်ပါသည်……..။
Writer- Thant Zin Soe(@tharpauk)
MSC 134