“ဆရာမ…….. ဆရာမ”
“ဟေ ဘယ်သူလဲ”
“သား မောင်ပိန်ပါဆရာမ”
“အော် သားဘာကိစ္စရှိလို့လဲ”
“ဆရာမ ကျွန်တော့်ညီမလေး ကိုယ်တွေတအားပူပြီး တကိုယ်လုံးတုန်နေလို့ပါ။အဖေတို့ကလဲ တောထဲထင်းသွားခုတ်တာ ပြန်မလာသေးလို့ပါ ဆ၇ာမ၊အဲဒါ ကျွန်တော့်ညီမလေးကိုလိုက်ကြည့်ပေးပါဦး”
“အော် အေးအေး သွားနှင့် ဆရာမလိုက်လာခဲ့မယ်”
“ဟုတ်ကဲ့ဆရာမ ကျွန်တော်သွားနှင့်ပြီနော်”
မြစိမ်းတစ်ယောက် တပည့်ဖြစ်သူကလာခေါ်ပေမယ့်လဲ အိမ်မှာ သမီးလေးကလဲနေသိပ်မကောင်းချင် ဒါပေမယ့်လဲ ကလေးတွေချည်းဘဲ ပစ်ထားလို့မရတာကြောင့် သမီးလေးကို သူ့အဖွားနဲ့ခဏထားပြီး တပည့်ဖြစ်သူရဲ့အိမ်ကိုလိုက်ခဲ့လိုက်ပါတယ်။အိမ်ကနေ လိုရမယ်ရ ရှိတဲ့ဆေးလေးတွေကို ရှာပြီးယူခဲ့လိုက်ပါတယ်။
Image Source
ဒီလို ဝေးလံခေါင်သီတဲ့နေရာမှာ ဆေးရုံမပြောနဲ့ ဆရာဝန် ဆရာမတောင်မရှိတဲ့နေရာမှာ အသိပညာနည်းပါးတဲ့ကျေးလက်ပြည်သူတွေဟာ ကျန်းမာရေးအတွက် ရှေးလူကြီးများပြောခဲ့သော ဆေးမီးတိုများနှင့်သာ ဖြစ်သလိုကုသကြတာများပါတယ်။ မြစိမ်းတစ်ယောက် ဖွံ့ဖြိုးသောမြို့ပြကနေ ဖွံ့ဖြိုးမှုနည်းသော တောင်တန်းဒေသဆီကို ပြောင်းရွှေ့မိန့်ကျတော့ ပထမစိတ်ညစ်သွားပါတယ်။ဒါပေမယ့် အစိုးရ၀န်ထမ်းတစ်ယောက်အနေနဲ့ ငြင်းပိုင်ခွင့်မရှိဘဲ မပြောင်းချင်ပါက ၀န်ထမ်းဘ၀မှထွက်ရုံသာ။ရထားသော ဆရာမအလုပ်လေးကို မက်မောတွယ်တာမှုကြောင့်သာ ဒီလိုတောင်တန်းဆီကိုရောက်ခဲ့ရခြင်းပါ။
မြစိမ်းစရောက်ခါစကဆို တော်တော်ကို ဒုက္ခရောက်ပါတယ်။နေစရာအိမ်ကလဲရှိပေမယ့် ယိုင်နဲ့နဲ့ အိမ်သာ ကမရှိနဲ့ မြို့ပြကနေပြောင်းလာသော မြစိမ်းတို့သားအမိအဖို့နေသားတကျဖြစ်အောင် အတော်လေးကို လေ့ကျင့်ယူရပါတယ်။မြစိမ်းတို့ရောက်လာမှသာ အိမ်သာသုံးရမှန်းသိလာပြီး သူတို့အဖို့တော့ ဖြစ်သလိုဖြေရှင်းနေကြမြဲပါ။ဆက်သွယ်ရေးမကောင်းမှု ဖွံ့ဖြိုးမှု နောက်ကျခြင်းများရဲ့အကျိုးဆက်များပါ။ ဒီလိုနေရာမျိုးကို မလာချင်သောသူများကိုလဲ အပြစ်မပြောလိုပါ။မြို့ပြမှလာသောသူများအဖို့ အစစအရာရာ အဆင်မပြေမှုများနှင့် ဖြတ်သန်းကြရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒေသခံတွေရဲ့ ရိုးသားတဲ့ စိတ်ထားလေးတွေကတော့ မြို့ပြမှာရှာလို့မရနိုင်တဲ့ အရာလေးတွေပါ။
ယခုလို တပည့်အိမ်ကိုလာရာတွင်လဲ တောင်ကုန်း တောင်နံရံများကို ဂရုစိုက်၍လာရပါတယ်။ကျေးရွာအတွင်း တစ်အိမ်နှင့်တစ်အိမ်မှာ မြေပြန့်ဒေသများလိုမဟုတ်ဘဲ တောင်ကုန်းတောင်နံရံဘေးများတွင် တည်ထားသောကြောင့် တစ်အိမ်နှင့်တစ်အိမ်သွားလာရေးကအစ ခက်ခဲစွာသွားလာရပါတယ်။ မိုးရာသီများဆိုလျှင် တောင်နံရံများဆီမှ မြေပြိုကျမှုကြောင့်အခက်အခဲများ ပိုလို့ကြုံရပါတယ်။အရင်မြေပြန့်မှာနေစဉ်အချိန်တုန်းက ဒီဒုက္ခများကို မခံစားခဲ့ရပါ။ယခုတောင် မြစိမ်းတို့အိမ်မှလာရာတွင် ၁၀မိနစ်ခန့်ကြာမြင့်ပါတယ်။မြစိမ်းတို့ရောက်တာ ၁နှစ်ခွဲခန့်ရှိပြီဆိုတော့ သွားလာရာတွင်လည်း အသားကျခဲ့ပါပြီ။ဒီလိုနဲ့ တပည့်ဖြစ်သူရဲ့အိမ်ထဲကိုဝင်လိုက်ပါတယ်။
Image Source
“သမီးလေး တော်တော်လေးချမ်းနေလား”
“ဟုတ်ကဲ့ဆရာမ”
“မောင်ပိန် ညီမလေးကိုဘာလုပ်ပေးထားသေးလဲ”
“အိမ်မှာရှိတဲ့ အဖေတို့သောက်နေကျဆေးတော့တိုက်ထားတယ်”
“ဘာဆေးလဲ”
“မသိဘူးဆရာမ အဖေတို့သောက်နေကျဆိုတော့ တိုက်လိုက်တာဘဲ နောက်ဆုံးညီမလေးကကိုယ်တွေတအားပူနေတာနဲ့ ဆရာမကိုလာခေါ်တာပါ။”
“သား မောင်ပိန်နောက်ဆို ဘာဆေးမှန်းမသိဘဲ မတိုက်နဲ့ကြားလား၊ဘေးဖြစ်လိမ့်မယ်၊အခုရေကိုခွက်ထဲထည့်ခဲ့ အ၀တ်လေးပါယူခဲ့”
မြစိမ်းလဲ ပါလာတဲ့ ပါရာစီတမောလ် ကို တိုက်ပြီး ကလေးရဲ့တစ်ကိုယ်လုံးကို ရေပတ်တိုက်လိုက်ပါတယ်။၁၅မိနစ်ခန့်အကြာမှာတော့ ကလေးက ကိုယ်ပူကျသွားတာကြောင့် မြစိမ်းလဲ စိတ်အေးသွားရပါတယ်။အိမ်မှာလဲ သမီးလေးကိုထားခဲ့ရတာကြောင့် မောင်ပိန်ကို နောက်ထပ်ဆေးအချိန်နဲ့တိုက်ဖို့ပါ သေချာမှာပြီး မြစိမ်းပြန်ခဲ့လိုက်ရပါတယ်။မြစိမ်းတို့အဖို့ ဒီလိုဝေးလံလှပြီး ဖွံ့ဖြိုးမှုနောက်ကျတဲ့ဒေသတွေမှာ ကလေးများအတွက် ပညာရေးကိုသင်ကြားရုံတင်မဟုတ်ဘဲ ဒေသခံတွေရဲ့ လိုအပ်ချက်တွေ ၊အသိပညာဗဟုသုတတွေ၊ကျန်းမာရေးတွေကအစ ကိုယ်သိသလောက်တတ်သလောက် ပြန်လည်မျှဝေပေးရပါတယ်။ဒါကြောင့် ဒီလိုဝေးလံပြီး ဖွံ့ဖြိုးမှုနောက်ကျတဲ့ဒေသတွေကို အခြားဖွံ့ဖြိုးသောဒေသများနည်းတူ ဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်။ဒါမှသာ ဒီဒေသရဲ့ပြည်သူတွေ လူမှုရေး ကျန်းမာရေး ပညာရေး စီးပွားရေးတွေဟာအများနည်းတူ ကောင်းလာမှာဖြစ်ပါတယ်။အခုတော့လဲ မြစိမ်းတစ်ယောက် ဒီဒေသရဲ့လိုအပ်မှုတွေကိုဖြည့်ဆီးရင်း နောင်တစ်ချိန်ဖြစ်လာမယ့် ဖွံ့ဖြိုးတိုးတက်မှုတွေကို မျော်လင့်နေမိပါတော့တယ်……………။
စာဖတ်သူများအားလုံးကိုကျေးဇူးတင်ပါတယ်……….။
Thant Zin Soe (@tharpauk)
MSC 134