ရှက်ကြောဖြတ်ပွဲ

Words
274
Reading
2 min
Listen
Play
9y

image

ရှက်ကြောဖြတ်ပွဲ

မနက်စောစောစီးစီးဖုန်းလာ၊ ဘယ်သူပါလဲလို့ကြည့်လိုက်တော့ နေပြည်တော်က ညီမတစ်ယောက်ဆီက

“အစ်ကိုရေ … လမ်းလျှောက်နေလား”

“ပြန်တောင်လာပြီဟ။ စောစောစီးစီး။ ဘာလဲ”

“အစ်ကိုရေ မနေ့က တက္ကသိုလ်ဝင်တန်း ဓာတုဗေဒမေးခွန်းကတော့ ရုပ်ပျက်ဆင်းပျက် ကြားပြီးပြီလား”

“နင်တို့ ပညာရေးဌာနက စက္ကူပေါပေါပဲပဲတွေနဲ့ မေးခွန်းရိုက်လို့ ရုပ်ပျက်တာလား”

“မဟုတ်ဘူးအစ်ကိုရေ ၂၀၁၄ ခုနှစ်က ရခိုင်ပြည်နယ်မှာ မေးပြီးသား မေးခွန်းအဟောင်းကြီးကို ဒီအတိုင်း လောက်နီးပါး Copy နဲ့ Paste လုပ်ပြီး ပြန်မေးထားလို့”

“နင်တို့ကလည်း မြန်မာ့ပညာရေး အဆင့်မြင့်မားအောင် မေးခွန်းကို လှည့်နေသလားမှ မသိတာ”

“အဲဒါပဲ အစ်ကိုရေ …. မြန်မာ့ပညာရေးက လှည့်ရင်းနဲ့ ရှေ့ကို မတိုးနိုင်လောက်အောင် ဖြစ်ပြီးတော့ နောက်ကို ပြန်ပြန် ရောက်နေတယ်ဆိုတာ”

“ဟဲ့ … ဒါနဲ့ မနေ့က ဓာတုဗေဒဖြေတဲ့နေ့ နင်တို့ နေပြည်တော်မှာ ပညာရေးဝန်ကြီးနဲ့ စာစစ်မှူးညွှန်ချုပ်တို့ ကတောင် လက်ကလေးတွေ နောက်ပစ်ပြီးတော့ လိုက်စစ်နေသေးတယ်မဟုတ်လား”

image

“အဲဒါပဲ … အဲဒါပဲ … လက်တွေကိုတောင် နောက်ပဲပစ်တာ … ရှေ့မထုတ်နိုင်သေးဘူး။ စာမေးပွဲခန်းထဲ ဝင်ကြည့်တောင် … ဒါမေးခွန်းလားလို့ ပြောမယ့်သူတွေ။ မေးပြီးသလား၊ မမေးရသေးဘူးလားဆိုတာ လားလားမှ သိမှာတောင် မဟုတ်ဘူး”

“ဟဲ့ … ညီမလေးရဲ့ ဝန်ကြီးလေ … ဝန်ကြီး … ဒီလောက်အထိ သိစရာလိုသလား”

“တာဝန်ခံမှု … တာဝန်ယူမှုဆိုတာတွေ မသိကြတော့ဘူးလား အစ်ကို။ မေးခွန်းဟောင်းနဲ့ ၉၀ ရာခိုင်နှုန်း လောက်တူနေတဲ့အပြင်၊ ပြဋ္ဌာန်းချက်ထဲမပါဆိုပြီး ပယ်ထားတာတောင် ထည့်မေးသွားတာ။ ဘယ်သူ့မှာမှ တာဝန်မရှိတော့ဘူးလား”

“အေး … ညည်းကို ရှင်းရှင်းပဲပြောမယ် … ဒါ မြန်မာပြည် … နင် ကျောင်းတက်ခဲ့တဲ့ ဂျပန်ပြည်မဟုတ်ဘူး။ ရှက်လွန်းလို့ သတ်သေတဲ့ဝန်ကြီးဆိုတာ မြန်မာပြည်မှာ ဘယ်တော့မှရှိမှာမဟုတ်ဘူး။ မြန်မာ့စာမေးပွဲမှာ နှစ်တိုင်း တစ်ခုခုမှ မလွဲရရင် နူပါစေသားလို့ သစ္စာဆိုထားတာ နင်မသိဘူးလား”

“အစ်ကိုရေ … တကယ်လား”

“နင်လေ … နေပြည်တော်မှာနေပြီးတော့ ဘာမှမသိဘူး။ ငါ့လောက်တောင်မသိဘူး။ နင်မသိသေးတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုရှိသေးတယ်။ ငါပြောရရင် မကောင်းလို့”

“လုပ်ပြီ အစ်ကိုကတော့ ပြောမယ်ဆိုပြီး … မပြောတော့ လူကို ဟပ်ကော့ကြီးဖြစ်တော့တာပေါ့ … ပြောပါ အစ်ကိုရဲ့ ဌာနရောက်ရင် ဖောက်သည်ချပြီး ဟားရတာပေါ့”

“ညီမလေး … လျှောက်မပြောနဲ့ … ငါ မောင်နှမချင်းမို့ပြောတာ … ဒီလို မြန်မာနိုင်ငံမှာ ထိပ်ပိုင်းကို တက်လာတဲ့ သူတွေကို အခမ်းအနားတစ်ခု တိုးတိုးတိတ်တိတ်လုပ်ကြရတယ်”

“အစ်ကိုရေ … စိတ်ဝင်စားလာပြီ … ဘာပွဲလဲ … ဘယ်မှာလုပ်တာလဲ”

“နင်ကလည်း နားထောင် … ဖြတ်ဖြတ်မပြောနဲ့။ အဲဒီအခမ်းအနားကို တိုးတိုးတိတ်တိတ်လုပ်တာ။ ဘယ်နေရာမှာလဲဆိုတာ မမေးနဲ့”

“မမေးတော့ပါဘူး အစ်ကိုရေ … သိချင်နေတာ … ဘာပွဲလဲ”

“ရှက်ကြောဖြတ်ပွဲ”

“ဘာ … အစ်ကို … ဘာပွဲ …”

“ရှက်ကြောဖြတ်ပွဲ”

“တကယ်”

“တကယ် … သောက်ရှက်ကို တစ်ရွေးသားမကျန်အောင် ရှက်ကြောဖြတ်ပြီးမှ လူကြီးတက်လုပ်လို့ရတာ”

“ဟာ … အစ်ကိုကလည်း အကောင်းမှတ်လို့ နားထောင်နေတာ”

“နင်မယုံဘူးလား”

“မယုံပါဘူး”

“ဘယ်သူက ရှက်လှပါတယ် ဝန်ခံဖူးသလဲ”

“အင်း … အဲဒါတော့ အဟုတ်သား … ဒါပေမဲ့ မဖြစ်နိုင်ပါဘူး။ ညီမတို့ဋ္ဌာနက အကြီးအကဲဆိုလည်း မှားနေတာ တောက်လျှောက်ပဲ။ အဲဒီလို အလွဲတွေ အမှားတွေနဲ့ပဲ ရာထူးတွေ တက်လာတာ”

“အေး … ငါပြောတာ အဲဒါပဲ”

“ဒါနဲ့ အစ်ကို ရှက်ကြောဖြတ်တယ်ဆိုတော့ တစ်ခုလောက် မေးစမ်းပါရစေ”

“ဘာလဲဟ”

“ရှက်ကြောက ဘယ်နေရာမှာလဲ”

“နင်က ဘာလုပ်မလို့လဲ”

“သိချင်လို့ပေါ့”

“အင်းလေ … နင်လည်း ခုဆို နောက်ကနေ မှူးဆိုတဲ့ အဆင့်လောက်ကို တပ်နိုင်ပြီပဲ။ ချုပ်ဆိုပြီးတော့ တပ်လာနိုင်ရင် ရှက်ကြောအဖြတ်ခံရတော့မယ်။ အဲဒီတော့မှ ရှက်ကြောဆိုတာ ဘယ်နေရာဆိုတာ နင်ကောင်း ကောင်းသိမယ်”

“အစ်ကိုကလည်း အဟုတ်မှတ်လို့ နားထောင်နေတာ”

“ဟား … ဟား … ဟား … ဟား”

photo ; facebook

image

ရှက်ကြောဖြတ်ပွဲ | Ecency