ဒီနေ့ ကိုသံခဲ ရိုက်ခံရတယ်လေ။ ဟုတ်တယ်.. မတရားရိုက်ချင်စရာကောင်းတာ။ ဟဲ့ သံခဲရဲ့ တော်ပါတော့ တော်ပါတော့ ပြောလည်း မရဘူး .. လူက အသံတောင် ပြာနေပြီ သူက မရဘူး ..။ အဲဒါနဲ့ ပြီးလည်းပြီးရော.. လာအုံးဆိုပြီး ဒုတ်တစ်ချောင်းနဲ့ ငါးချက်ခြောက်ချက် တီးပစ်လိုက်တယ်။
... ဟုတ်တယ် .. စိတ်က တိုတယ် ။ သူ့ကို ပြောရတာနဲ့ ကိုယ့်အသံ လူကြားတယ် ။ လမ်းက လူတွေက ကြည့်နေတော့ ရှက်လည်း ရှက်တာပေါ့။ စိတ်ဆိုးနေတာကို လူမြင်တာ ရှက်တယ်။
ကိုယ့်မှာ လမ်းပေါ် ဗျာများနေတော့ ကားတွေကလည်း ရပ်ပေးထားရတယ်။ ကိုယ်နဲ့ ခွေးနှစ်ကောင်နဲ့ ဗျောင်းကိုဆန်လို့ပါ။ ကိုယ့်ဇောနဲ့ကိုယ် ဆိုတော့ မသိပါဘူး နောက်မှ သူတို့ ကြည့်နေကြတာ သိပြီး ရှက်လိုက်တာ ဆိုတာလေ။
အဲဒါနဲ့ သူရော ကိုယ်ရော အိမ်ထဲရောက်တာနဲ့ ဒုတ်တစ်ချောင်းယူပြီး.. လာအုံး သံခဲ ဆိုတော့ .. ကုန်းကုန်း ကုန်းကုန်းနဲ့ လာတယ် .. ပြီးတော့ အနားရောက်တာနဲ့ မြေကြီးနဲ့ကပ်ပြီး ဝပ်ချလိုက်တယ် ။ သူ့ရိုက်ဖို့ ခေါ်တယ် ဆိုတာ သူသိတယ်။ အရိုက်ခံဖို့ကို လာတာ။ သတ္တိကတော့ အပြည့်။ မျက်နှာကလည်း လုပ်ချင်သလိုသာ လုပ်ပါ သခင် ဆိုတဲ့ မျက်နှာမျိုးနဲ့။
သူ့ကို ရိုက်နေတုန်းလည်း အသံတစ်ချက် မထွက်ဘူး .. ထွက်လည်း မပြေးဘူး .. ဒီအတိုင်း ကုန်းခံတယ် .. ကြည့်။ အိမ်က ဦးလေးက မထက်ရယ် တော်ပါတော့ တဲ့။ ကိုသံခဲ မျက်နှာငယ်လေးနဲ့ မော့ကြည့်ရင်း အရိုက်ခံနေတာ သနားသွားပုံရပါတယ်။
. ကိုယ်လည်း သံခဲနော် ဆိုပြီး ဒုတ်ပစ်ချလိုက်တယ်။ ဒါတောင် ကိုယ်က ဒေါသက မပြေဘူး။ ကားကို အိမ်ရှေ့ ဝင်းတံခါးနားမှာ ရပ်ပစ်ခဲ့ပြီး ဖျန်ဖြေရတာဆိုတော့ ကားပြန်ယူပြီး အိမ်ထဲထည့်တော့တောင် ကားပေါ်က ဆင်းတော့ အနားကပ်လာသေးတယ်။ ထပ်ရိုက်ချင်သေးရင် ရိုက်ပါအုံး ပေါ့။ ဒါနဲ့ နှစ်ချက်လောက် ထပ်ရိုက်လိုက်သေးတယ်။
ဟူး .. ဒီကောင်နဲ့ ခက်တယ်။ သူက သူ့စိတ်ထဲ သူ့သခင်နဲ့ ပတ်သက်ရင် မရဘူး။ ကျမ အပြင်ကို ထွက်ထွက် အပြင်က ပြန်လာလာ သူစိတ်အပူဆုံးက ကျမနားမှာ ဘယ်သူမှ မကပ်နဲ့ ဆိုတာပဲ။ တခြားအချိန်ဆို သူ့မျက်နှာက တစ်မျိုး ကျမအပြင်ထွက်ဖို့ ဂိတ်ပေါက်ဖွင့်လိုက်တာနဲ့ မျက်နှာက ချက်ချင်း တစ်မျိုးပြောင်းသွားတယ်။
အနီးအနားမှာ ရန်သူတွေ ရှိနေသလား .. ဆိုတာ သူအရမ်းစိတ်ပူတယ်။
မျက်နှာကြီးရှစ်ခေါက်ချိုးနဲ့ လမ်းပေါ်ကလူတွေ မောင်းထုတ်မယ် .. မော်တော်ဆိုင်ကယ်ပေါ်ကလူကို ပြေးလိုကိဆွဲမယ် .. ခပ်ဝေးဝေးကလူကို ခြေတစ်လှမ်းမှ ရှေ့မတိုးဖို့ ခြောက်ထား လှန့်ထားမယ်။ အဲ .. ကား ခြံထဲ မောင်းဝင်သွားပြီ ဘေးကင်းပြီ ဆိုရင် သူ့မျက်နှာပုတ်ကြီးက ပြုံးပြုံးကြီးဖြစ်သွားပြီ။
အဖေက ပြောတယ် သံခဲကို နားလည်မှတဲ့ သူ့စိတ်က သခင်စိတ် တစ်စိတ်ပဲ တဲ့။ သခင်ရှိနေပြီဆို သခင်အတွက် ဘေးအန္တရာယ် ကင်းရှင်းရေး တစ်ခုပဲ သူသိတော့တယ်။ ကျန်တာ သူမသိတော့ဘူး တဲ့။
ဟုတ်မှာပါ .. အဲဒီနေ့က ကျမ အပြင်က ပြန်လာတော့ .. တံခါးဖွင့်ဖို့ ကားဟွန်းတစ်ချက်တီးလိုက်တယ် .. အိမ်ကဦးလေးကြီးက ချက်ချင်းလိုလိုပဲ တံခါးနား ရောက်လာတယ်။ အဲဒီအချိန်မှာပဲ ကျမကားဘယ်ဘက်ခြမ်းမှာ Labrador အမဲတစ်ကောင် ခြင်းလုံးလေး ပါးစပ်မှာ ကိုက်လို့ မျက်နှာလေးက ပျော်နေပုံလေးနဲ့ ပြုံးပြုံးလေး မှန်မှာ ပေါ်လာတယ်။
ကျမလည်း ဦးလေးကို တံခါးမဖွင့်ဖို့ လှမ်းပြောပေမယ့် မရတော့ဘူး သူတံခါးကို လှပ်လိုက်ပြီ။
သံခဲ ဆိုတဲ့ ကိုသံခဲက ချက်ချင်း နယ်မြေရှင်လင်းရေး လုပ်တော့တာလေ။ ဆိုတော့ ထိပ်တိုက်တွေ့ပါလေရော။ ကျမလည်း ကမန်းကတန်း ကားပေါ်က ဆင်းပြီး ဟန့်တာပဲ .. မရတော့ဘူး။ ဟိုကောင်လေးခမျာ ခြင်းလုံးလေး ပစ်ချပြီး ပြန်ခုခံရရှာတာပေါ့။ သနားပါတယ်။ သူတို့အမျိုးက ရန်လိုတဲ့ အမျိုး မဟုတ်ဘူး။ သူ့ခမျာ ဘယ်လိုဖြစ်သွားမှန်းတောင် သိလိုက်မယ် မထင်ဘူး။ ရုတ်တရက်ကြီး ကားရှေ့က ပေါ်လာပြီး သူ့ကို ဒေါသတကြီး ဝင်လုံးတဲ့ ဒီပိန်ပိန်လျားလျား ခြေတံရှည်ရှည် အစွယ်အဖွေးသားနဲ့ ကောင်ကြီးကို။ သူလည်း တတ်သမျှ မှတ်သမျှ ပြန်ခုခံရှာပါတယ်။
ဒါပေမယ့် ကိုသံခဲလေ ။ ဗျူဟာ တအားကျွမ်းတယ်။ အပေါ်စီးကနေ ခုန်အုပ်ပြီး လည်ပင်း ခဲထားတယ် ပြီးတော့ ဆွဲခါနေတာ ... ။
ကိုသံခဲရေ လွှတ်ပါ သံခဲရေ မလုပ်ပါနဲ့ ။ ကျမမှာ အသံတွေကို ပြာလို့။ မရဘူး သံခဲတို့ ဒေါသ ဘယ်လောက်ရှေ့ထားလဲ ဆိုတာ။ တကယ် တကယ် ။
ကျမမှာ လည်ပင်းတောင်နာတယ် ၊ အော်ပြီး တားရတာ ၊ သနားလို့ ဟိုကလေးကို။ သူ့ခမျာ သနားပါတယ်။ တော်တော်ခံရရှာမှာ။
အနားမှာလည်း ဘာမှ ရိုက်စရာ မတွေ့။ ကျမ တအားစိတ်ဆိုးတဲ့ အသံနဲ့ သံခဲ တော်တော့ လို့ ဆိုမှ လွှတ်ပေးလိုက်တယ်။ အဲဒီကလေးလေးလည်း အောက်ပြန်ဆင်းပြေးသွားတယ်။ သူ့သခင် မပါဘူးလား မသိပါဘူး။ ဘယ်သူမှ မတွေ့ဘူး။ ဘယ်သူ့အိမ်ကလည်း မသိပါဘူး။
ဘယ်အိမ်က ဆိုတာ သိရင် ကျမနောက်နေ့ လူမမာမေးဖို့ ရောက်သွားမလား မသိဘူး။ လည်ပင်းများ ပေါက်ပြဲသွားမလား စိတ်ပူလို့ပါ။
အိမ်က ဦးလေးကြီးကလည်း ရပ်ကြည့်နေရုံပဲ တတ်နိုင်တယ်။
အဲဒါနဲ့ သူ့ကို စိတ်တိုတိုနဲ့ ရိုက်ပစ်လိုက်တယ်။ တော်တော်ရန်လိုတဲ့ကောင် လာအုံး ဆိုပြီး။
ညနေကျတော့.. အဖေကို သွား ကြိုပြီး ပြန်လာတော့ အိမ်ပေါက်ဝမှာ ဂိတ်တံခါးဖွင့်ဖို့ စောင့်နေတုန်း.. အဖေ့ကိုပြောပြတယ် .. အဖေ ကိုသံခဲ ရိုက်ခံရတယ် .. အဲလို အဲလိုပဲ .. သူတော်တော်ရန်လိုတယ်အဖေရဲ့ .. ဆိုတော့။ အဖေက ကိုသံခဲကို နားလည်မှ ၊ သူ သခင်ကို စိတ်ပူတတ်တယ် ၊ သူ့အမူအရာ ကြည့် . တဲ့။
ဟုတ်ပ ခုလည်း ကြည့်လေ .. ကား အိမ်ထဲ မရောက်မချင်း လမ်းပေါ်က လူတွေကို ခြောက်လှန့်ထားတာ ဟိုးခပ်လှမ်းလှမ်းက ကောင်လေးနဲ့ကောင်မလေးမှာ ရှေ့မတိုးရဲလို့ ရပ်နေရတယ်။
ကားအိမ်ထဲ ရောက်ပြီဆိုမှ ပြုံးစိ ပြုံးစိ မျက်နှာကြီးနဲ့ ပြန်ဝင်လာတယ်။
အဖေက သံခဲ လာပါအုံး ဆိုတော့ အင်မတန်ရို့ကျိုးတဲ့ အမူအရာနဲ့ အဖေနားတိုးပြီး သူ့ကိုယ်လုံးကြီးနဲ့ လူကိုကပ်ထိထားတယ် .. သူ သိပ်ချစ်တာ သိပါတယ်နော် ဆိုတဲ့ မျက်နှာကြီးနဲ့လည်း မော့ကြည့်လို့ ...။
ကျမကတော့ မျက်နှာကို ခပ်တင်းတင်း လုပ်ပစ်လိုက်ပြီး ဟင်း အမြင်ကို ကပ်တယ် လို့ အဖေမကြားအောင် ပွစိပွစိ ပြောပြီး အိမ်ထဲ ဝင်ခဲ့တယ်။
ခဏနေမှ သူကြိုက်တတ်တဲ့ ပေါင်မုန့်လေး ခေါ် ကျွေးရအုံးမယ်။
photob; facebook
![image](