မှန်ကြည့်ပြီးပြီလား

Words
266
Reading
2 min
Listen
Play
9y

image

မှန်ကြည့်ပြီးပြီလား

ကျွန်တော် ဘုန်းကြီးကျောင်းထဲ ဝင်လိုက်ချိန်မှာ ဦးဇင်းလေးက ကိုရင်လေးတစ်ပါးကို စကားပြောနေတယ်။ ကိုရင်လေးက ခေါင်းကြီးငုံ့ထားတော့ တစ်ခုခု ဆုံးမနေပုံရတယ်ဆိုပြီးတော့ အနီးကို မသွားတော့ဘဲ ကျောင်းဝင်းထဲကို လှည့်ပြီးတော့ သစ်ရွက်ခြောက်တွေကို ကောက်ပေးနေမိပါတယ်။

ဦးဇင်းလေးက လက်ပြပြီး ကျွန်တော့်ကို ခေါ်လိုက်တော့ ကိုရင်လေးက ထွက်သွားပါပြီ။

“အရှင်ဘုရား အကြောင်းကိစ္စများရှိရင် တပည့်တော် ပြန်ပါ့မယ်ဘုရား”

“မရှိပါဘူး ဒကာကြီး စောစောက ပြောဆိုရခက်တဲ့ ကိုရင်လေးကို ခေါ်ပြီးတော့ ဆုံးမနေရတာ”

“ဘာကြောင့်များလဲဘုရား”

“မပုတ်ခတ်သင့်တဲ့သူကို ပုတ်ခတ်ပြီးတော့၊ မပြစ်မှားသင့်တဲ့သူကို ပြစ်မှားလို့ ငရဲကျမယ့်ဘေးကို တွေးနိုင် အောင် ပြောပေးရတယ်ဒကာကြီး”

“ဦးဇင်းတို့လောကမှာလည်း ပြောဆိုဆုံးမရခက်တာတွေ ရှိသလားဘုရား”

“အင်း … ကိုရင်လောက်အဆင့်လေးတွေဆိုတော့လည်း ပြောရဆိုရ ဆုံးမနေရတာတွေရှိတာပေါ့”

“ဘုရားရှင်လက်ထက်က ပြုပြင်ပြောဆိုဆုံးမရခက်တဲ့သူတွေကို ဘယ်လို ပြောဆိုဆုံးမခဲ့တယ်ဆိုတာလေးများ သိပါရစေဘုရား။ တပည့်တော် စာရေးစရာ အကြောင်းကိစ္စလေးတွေရှိနေလို့ပါ”

“ရှိဖူးတယ် ဒကာကြီး။ ခု … ဦးဇင်းပြောမယ့် ဆုံးမစကားတွေကို ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောတာ မဟုတ်ဘူး။ ဘုရားရှင်ရဲ့ ယုံကြည်ကိုးစား အားထားခြင်းခံရတဲ့ တပည့်သာဝကကြီး ရှင်မောဂ္ဂလ္လာန် ကိုယ်တော် မြတ်ကြီးက ဟောခဲ့တာ”

“အို … စိတ်ဝင်စားသွားပြီဘုရား”

အရှင်မောဂ္ဂလ္လာန်ကိုယ်တော်မြတ်ကြီး ဘဂ္ဂတိုင်း၊ သံသုမာရဂိရိမြို့ကို ရောက်စဉ်၊ တေသကဠာအမည်ရှိတဲ့ ဘေးမဲ့တောမှာ သီတင်သုံးနေစဉ် ဒီတရားကို ဟောခဲ့ပါတယ်။ “အနုမာနသုတ္တန်” လို့ခေါ်တယ်

“ရဟန်းတစ်ပါးက အရှင်တို့ တပည့်တော်ကို ဆုံးမကြပါ၊ တပည့်တော်သည် အရှင်ဘုရားတို့ ဆိုဆုံးမ ရမည့်သူဖြစ်ပါတယ်လို့ အသံကောင်းဟစ်ပြီး ပြောနေပေမယ့်

  • ဆိုဆုံးမရခက်သူ

  • ဆိုဆုံးမ ခက်အောင် ပြုတတ်တဲ့ တရားများ ရှိနေသူ

  • သည်းမခံတတ်သူ

  • ဆိုဆုံးမမှုကို လေးစားစွာ မခံသူဖြစ်နေရင် အဲဒီရဟန်းကို ဆုံးမသင့်သူလို့ မယူဆရဘူး”

“အရှင်ဘုရား ပြောတဲ့အထဲမှာ ဆိုဆုံးမရခက်အောင် ပြုတတ်တဲ့ တရားများလို့ ပါသွားပါတယ်ဘုရား။ တပည့်တော် မရှင်းလို့ပါဘုရား”

image

“ဆိုဆုံးမရခက်တဲ့ တရားဆိုတာက ဤသာသနာတော်မှာ ရဟန်းဟာ

  • ယုတ်မာသော အလိုဆိုးနောက်ကို လိုက်ပါတတ်သူ

  • မိမိကိုယ်ကို ချီးမြှောက်ပြီး သူတစ်ပါးကို ရှုတ်ချတတ်သူ

  • အမျက်ဒေါသကြီးသူ

  • ရန်ငြိုးဖွဲ့တတ်သူ

  • အမျက်ဒေါသ ကပ်ငြိတတ်သူ

  • အမျက်ဒေါသနဲ့ နီးစပ်တဲ့ စကားတွေကို ပြောဆိုတတ်သူ

  • မိမိကို အပြစ်တင်ရင် ထိုအပြစ်တင်သူကို ဆန့်ကျင်ဘက်ပြုတတ်သူ

  • မိမိအား အပြစ်ပြောသူကို ခြိမ်းခြောက်တတ်သူ

  • မိမိအား အပြစ်တင်သူကို ပြန်ပြီး အပြစ်ဖို့တတ်သူ

  • မိမိအပြစ်ကို စကားလှီးလွဲပြီး ဖုံးဖိတတ်သူ

  • မေးမြန်းသော အကြောင်းကို ပြည့်စုံအောင် မဖြေဘဲနေတတ်သူ

  • သူ့ကျေးဇူးကို ချေဖျက်တတ်သူ

  • ဂုဏ်ပြိုင်တတ်သူ

  • မနာလို ဝန်တိုတတ်သူ

  • ကောက်ကျစ်သူ

  • လှည့်စားသူ

  • ခက်ထန်သူ

  • မာန်မူတတ်သူ

  • မိမိအယူမှအမှန်ဆိုပြီး လွဲမှားစွာ သုံးသပ်ကာ စွဲမြဲခံယူထားသူ

အဲဒီသူတွေကို ယုတ်မာသော အလိုဆိုးရှိသူတွေ၊ ဆိုဆုံးမရခက်သူတွေ၊ ဆိုဆုံးမရခက်လောက်အောင် တရားမဲ့သူတွေလို့ အရှင်မောဂ္ဂလ္လာန်ကိုယ်တော်မြတ်ကြီးက ဟောခဲ့ပါတယ် ဒကာကြီး”

“အလိုဆိုး၊ အယူဆိုးရှိရင် ဆိုဆုံးမရခက်တယ်လို့ ပြောနိုင်ပါသလားဘုရား”

“မှန်တာပေါ့ ဒကာကြီး လောကမှာ လူဖြစ်ဖြစ် ရဟန်းဖြစ်ဖြစ်

  • ယုတ်မာသော အလိုဆိုးမရှိသူ

  • မိမိကိုယ်ကို မချီးမြှောက်သူ

  • သူတစ်ပါးကို မရှုတ်ချသူ

  • အမျက်ဒေါသမကြီးသူ

  • လွဲမှားတဲ့ မိမိအယူကို စွဲမြဲစွာ မဆုပ်ကိုင်ထားတတ်သူသာ

ရဟန်းဆိုလည်း ရဟန်းမြတ် (သံဃာရတနာ)၊ လူဆိုလည်း တန်ဖိုးရှိတဲ့လူတစ်ယောက် ဖြစ်နိုင်ပါတယ် ဒကာကြီး။ ဦးဇင်းတို့ ဆရာသမားတွေကလည်း ဒီ အနုမာနသုတ်ကို နေ့တိုင်း အနည်းဆုံး သုံးကြိမ်ဆင်ခြင် ပါလို့ သွန်သင်ခဲ့ပါတယ် ဒကာကြီး။ ဒကာကြီးတို့လည်း ဆင်ခြင်နိုင်ရင် ကောင်းပါတယ်”

“အကျိုးကျေးဇူးကြီးလှပါတယ်ဘုရား။ တပည့်တော်တို့ကို လောကနေနည်းတွေ သွန်သင်ညွှန်ပြလို့ စိတ်ထဲမှာ ကြည်နူးမိပါတယ်ဘုရား”

“ဒကာကြီး”

“မှန်ပါ့ဘုရား”

“ဒကာကြီးတို့ မှန်ဘာကြောင့်ကြည့်သလဲ”

“မျက်နှာမှာ တစ်ခုခု ဖြစ်နေသလား၊ အဆင်ပြေရဲ့လားဆိုပြီး ကြည့်တာပေါ့ဘုရား”

“မျက်နှာပေါ်မှာ အိုးမဲပေနေရင် ဒီအတိုင်းထားပြီး လမ်းထွက်မလား”

“ဘယ်ထွက်မှာလဲဘုရား။ အိုးမဲကိုသုတ်ပြီးမှ လမ်းထွက်မှာပေါ့”

“ဘုရားဟောတရားတော်တွေကို နှလုံးသွင်းနေတာ နေ့တိုင်းမှန်ကြည့်နေသလို သဘောထားပါ ဒကာကြီး။ မြင်အောင်ကြည့်ပါ။ တွေ့ရင်ဆင်ခြင်ပါ။ ပယ်သင့်ရင်ပယ်၊ သုတ်သင့်ရင် သုတ်လိုက်ပါ”

“သာဓု … သာဓု … သာဓုပါဘုရား”

(ရည်ညွှန်း - မဇ္ဈိမနိကာယ်၊ အနုမာနသုတ်)

#တင်ညွန့်

photo ; facebook

image

မှန်ကြည့်ပြီးပြီလား | Ecency