လုပ်စားသူများ
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေစဉ်ကဖြစ်သည်။ သံဃာတော်များသည် ဘုရားရှင်၏ ဆုံးမသော စကားများနှင့် သာယာကြည်နူးကာ ကျင့်ကြံအားထုတ် နေထိုင် တော်မူကြလေသည်။
ရှင်သာရိပုတ္တရာအရှင်မြတ်သည် ကျောင်းတော်ကဆင်းလာပြီး သစ်ပင်အရိပ်တစ်ခုတွင်ထိုင်တော်မူနေလေ သည်။ ထိုအချိန်တွင် ရဟန်းတစ်ပါးက ကိုယ်တော်ထံ ချဉ်းကပ်လျက်
“အရှင်ဘုရား မေးလျှောက်ခွင့်ပြုတော်မူပါ”
“ငါ့ရှင် ဘာများ မေးချင်သလဲ”
“အရှင်ဘုရား လာဘ်လာဘရသော အကျင့်အကြောင်း တပည့်တော်ကို ဟောတော်မူပါ”
“ရဟန်း ထူးဆန်းလှချည်လား။ အဘယ်ကြောင့် ဤစကားမျိုးမေးရသနည်း”
“တပည့်တော်သည် အဘယ်သို့ကျင့်လျှင် သင်္ကန်းစသည့် လာဘ်လာဘများကို ရနိုင်ကြောင်း သိလိုပါသည်။ ကျင့်၍ရလျှင်လည်း ကျင့်ချင်ပါသည်ဘုရား”
“တကယ်ကျင့်မည်လား”
“ကျင့်ပါမည်ဘုရား”
“လေးချက် လိုက်လုပ်ရမည်ငါ့ရှင်”
“လိုက်လုပ်ပါမည်ဘုရား”
“တကယ်လုပ်မလား”
“တကယ်လုပ်ပါမည်”
“ကောင်းပြီလေ လိုက်ဆို”
မရူးသော်လည်း အရူးလိုနေပါမည်
ကုန်းတိုက်စကား ပြောကြားပါမည်
ကချေသည်လိုနေပါမည်
ဖရိုဖရဲစကားဆိုပါမည်
“အရှင်ဘုရား … အရှင်ဘုရားကျင့်စဉ်တွေကလည်း ဘယ်လိုကြီးလဲဘုရား”
“အဲဒီအတိုင်းကျင့်လေ လာဘ်လာဘတွေ ပေါမှာပေါ့။ သင့်မှာ အဲဒီလေးပါးအတိုင်း ပြည့်စုံလာလျှင် မိုက်မဲသူတွေက သင့်ကလှူကြလိမ့်မပေါ့။ ဒီတော့ လာဘ်ပေါမှာပေါ့”
“အရှင်ဘုရား … အရှင်ဘုရားပြောတဲ့ အကျင့်က အဓမ္မအကျင့်ပါလား။ ထိုအဓမ္မအကျင့်ကို ကျင့်ပြီး လာဘ်လာဘ ပေါများခြင်းထက် သပိတ်လက်စွဲကာ ဆွမ်းခံစားရသည်က ပိုမြတ်ပါသေးတယ်ဘုရား”
ရဟန်းကထိုသို့ဆိုပြီးလျှင် နေရာကထသွားတော့သည်။
မှတ်ထားလိုက်ကြဦးဗျ ခေတ်သစ်မှာ
အရူးလိုနေ
ကုန်းတိုက်
ကချေသည်လိုပြော
စကားကို မဟုတ်က ဟုတ်ကလျှောက်ပြောပြီး စီးပွားရှာနေတာတွေက ဘယ်သူတွေလဲ။
ဤနေရာတွင် ကြုံကြိုက်သဖြင့် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်) မိန့်ကြားတော် မူခဲ့သော စကားတစ်ခွန်းကို ညွှန်းချင်ပါသည်။
“သူတစ်ပါးကိုသတ်တာ၊ သူတစ်ပါး စည်းစိမ်ဥစ္စာကို ပျက်စီးအောင်ဖျက်တာ ရဟန်းမဟုတ်ဘူး။ အဲဒီလူတွေကို ဗုဒ္ဓဘာသာဝင်လို့ကို မပြောနဲ့။ စောင့်ထိန်းရမယ့် ကျင့်ဝတ်ပျက်ရင် ဘုရားသားတော် မဟုတ်ဘူး။ အကျင့်ပျက် နေပေမယ့် သင်္ကန်းဝတ်မို့ တပည့်တော်တို့ မှေးကိုးကွယ်နေမယ်၊ ကိုးကွယ်ရမယ် လာမလုပ်နဲ့။ ရဟန်း အကျင့်နဲ့ မညီမှတော့ ဘာကောင်ကြီးဖြစ်ဖြစ် ကိုးကွယ်စရာမလိုဘူး”
“ရဟန်းတရား အားထုတ်ပြီး ရဟန်းအလုပ် လုပ်ရ၊ ရဟန်း သီလ၊ သမာဓိ၊ ပညာတွေမှာ ညီညွတ်နေမှ သံဃာ”
“ရဟန်းကျင့်ဝတ် မစောင့်ထိန်းတဲ့သူ အမျိုးဖျက်တဲ့ကောင်ပဲလို့ ဘုရားရှင် မိန့်ကြားတော်မူခဲ့တယ်”
“ရှင်းလား”
“နားရောလည်ရဲ့လား”
(ရည်ညွှန်း - ငါးရာ့ငါးဆယ် နိပါတ်တော်၊ လာဘဂရဟဇာတ်)
တင်ညွန့်
၁.၃.၂၀၁၈
photo credit ; google image