လူရွေးပွဲ
ဒီနိုင်ငံမှာ မဟုတ်ပါဘူး။ ပေယျာလကန်မှာပါ
ပညာရေးဝန်ကြီးက သူ့လက်ထောက် အတွင်းဝန်ရာထူးအတွက် လူတွေ့စစ်ဆေးခြင်းကို ကိုယ်တိုင်လုပ်တယ်။ အရေးကြီးတဲ့ ရာထူးကိုးဗျ။
ပြန် မပြော၊ နားထောင်၊ ခိုင်းတာလုပ်၊ ဟုတ်ကဲ့ပြော၊ မြင်သလိုမပြော၊ လိမ်ပြော၊ မြှောက်ပြော၊ လွှဲပြောပြီး အလိုလိုက် အကြိုက်ဆောင် ဆရာခေါ်ဖို့ကို ဝန်ကြီးက ကိုယ်တိုင် အင်တာဗျူးရမှာ။
လောကမှာ ဒီလို လူတွေက ရှားလာပြီ မဟုတ်လား။ ဒီမိုကရေစီရလာတာကြောင့်နဲ့ တူပါရဲ့။
ဝန်ကြီးက
“ကဲဟေ့ … တစ်ယောက်ခေါ်လိုက်”
လူငယ်တစ်ယောက် ကြောက်ကြောက်ရွံ့ရွံ့နဲ့ ဝင်လာတယ်
“ထိုင်ကွာ”
ကျိုးနွံ သိမ်မွေ့စွာနဲ့ ထိုင်လိုက်ချိန်မှာ ဝန်ကြီးက မေးလိုက်တယ်
“ကဲ … မင်း ငါ့ကို သေသေချာချာကြည့်။ ဘာထူးခြားချက်တွေ့သလဲ”
လူငယ်က ကြည့်လိုက်ပြီး
“ဝန်ကြီးခင်ဗျား … ဝန်ကြီးမှာ နားရွက်တွေ မရှိပါခင်ဗျား”
ဝန်ကြီးလည်း ဒေါခီးတော့တာပေါ့
“ဟေ့ … ငါ့မှာ နားရွက်မရှိတာပဲ မင်းတို့ မြင်သလား … ထွက်သွား … ခုထွက်သွား … နောက်တစ်ယောက်”
ဒုတိယ လူငယ်တစ်ယောက် ကြောက်ရွံ့စွာ ဝင်လာပြန်တယ်။ ဝန်ကြီးက
“ပြောစမ်းကွာ … မင်း ငါ့မှာ ထူးခြားချက် ဘာတွေ့သလဲ”
“အင်း … ပွင့်ပွင့်လင်းလင်း အားမနာတမ်း ပြောလို့ရသလား”
“ဒီမိုကရေစီခေတ်ကွ … ရတယ်”
“ဝန်ကြီးခင်ဗျား … ဝန်ကြီးမှာ နားရွက်တွေမရှိပါဘူး”
ဝန်ကြီးက ဒုတိယအကြိမ် ပေါက်ကွဲပြီး
“ထွက်သွား” လို့ တစ်ခွန်းတည်း အော်လိုက်တယ်။
နောက်တစ်ယောက်ပဲ ကျန်တော့တယ်။ ဒုတိယတစ်ယောက်က တတိယတစ်ယောက်ကို သတိပေးသွားတယ်။
“ဝန်ကြီးက နားရွက်မပါဘူးလို့ သွားပြောလိုက်ရင်တော့ မင်း ကန်ထုတ်ခံရမှာသေချာတယ်” တဲ့
“နောက်တစ်ယောက်”
နောက်ဆုံးတစ်ယောက်ပဲ ကျန်တော့တယ်။ ဝန်ကြီးက ထုံးစံအတိုင်းမေးတယ်
“မင်း ငါ့ကို တွေ့တွေ့ချင်း ဘာတွေ သတိထားမိလိုက်သလဲ”
“ဝန်ကြီး မျက်ကပ်မှန်တပ်ထားရမယ်”
“ဟာ … မှန်လိုက်တာ … မင်းတော်တယ်။ အရမ်းတော်တယ်။ မင်းကို အလုပ်ခန့်တယ်”
“ကျွန်တော် ပြန်လို့ရပြီလား”
“အေး … သွားတော့ … ဒါနဲ့ နေပါဦး မင်းကို တစ်ခုလောက်မေးချင်တယ်။ ငါ့ မျက်ကပ်မှန် တပ်ထားမှန်း မင်း ဘယ်လို သတိထားမိသလဲ”
“ကျွန်တော့်ကို အလုပ်ခန့်ပြီးပြီနော်”
“အေးပါ … ပြောစမ်းပါ”
“ဝန်ကြီးက ဒီအရွယ်ဆိုရင် မျက်စိက အနီးရော အဝေးပါ မှုန်ဖို့ ကျိန်းသေတယ်။ ဒါပေမဲ့ ဝန်ကြီးက မျက်မှန် တပ်မထားဘူးလေ။ မျက်စိမှုန်နေတဲ့ ဝန်ကြီးဟာ မျက်မှန်မတပ်ထားတာ နားလည်းမပါလို့ ဆိုတာ အရှင်းလေးကို … အဆန်းလုပ်လို့”
“ဟေ့ … ခွေးမသား … ဝက်မသား … ထွက်သွား … မင်းကို ဖြုတ်တယ်”
ဒီမှာ မဟုတ်ပါဘူး။ ပေယျာလကန်မှာပါ။
(ကြားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ)
တင်ညွန့်
photo : facebook