တောအုပ်အတွေး

Words
277
Reading
2 min
Listen
Play
8y

image

တောအုပ်လေးက ချစ်စရာ စိမ်းလို့ နက်ရှိုင်းမဲမှောင်လို့ ...
ဒါပေမယ့် ငါ့မှာ တည်ရမယ့် ကတိတွေနဲ့ ....
အိပ်ပျော်မသွားခင်အထိ သွားရအုံးမယ့် ခရီးမိုင်များစွာရှိနေသေးတယ်...
ငါ မအိပ်ခင် အရောက်သွားဖို့ မိုင်ပေါင်းများစွာ ကျန်သေးတယ်....

         စိမ်းစိုမဲမှောင်လို့လှလွန်းတဲ့ တောလေးကို တွေ့ရတဲ့အခါတိုင်း ငါငေးကြည့်နေမိတယ်...  စိတ်ရှိသလောက် အကြာကြီး ကြည့်နေချင်ပေမယ့် အခုမှ လမ်းခုလတ်ပဲရှိသေးတယ်.... ပေးထားတဲ့ကတိတွေတည်ဖို့ ခရီးဆက်ရအုံးမယ်..... အဝေးကြီးကို.... ပင်ပန်းနွမ်းနယ်လွန်းလို့ ငါ့မျက်လုံးတွေ မှိတ်ကျပြီး အိပ်ပျော်မသွားခင်အထိပေါ့.....
                  
          ဘဝမှာ လုပ်ချင်တာတွေ မလုပ်ရပဲ လုပ်သင့်တာတွေကို ဦးစားပေးပြီး လုပ်ရတိုင်း ဒီကဗျာလေးကို ဖွဖွရွတ်မိတယ်...

 လှလွန်းတဲ့တောလေးကို ကြည်ကြည်နူးနူးလေး ကြည့်နေတုန်း တည်ရမယ့်ကတိတွေကို သတိရလို့  ကျောခိုင်းခဲ့ရတာတွေ ဘယ်လောက်များခဲ့သလဲ တွေးမိတယ်...

သွားရအုံးမယ် ခရီးမိုင်များစွာ ကျန်သေးလို့ ချန်ခဲ့ရတဲ့  လှလွန်းတဲ့တောလေးတွေ ဘယ်လောက်များခဲ့သလဲလို့ တွေးနေမိတယ်....
                 
            ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ဒီနှစ်ခုမှာ ... ဖြစ်သင့်တာကို အမြဲဦးစားပေးတတ်တဲ့သူတိုင်း ရင်ထဲမှာ ငိုနေသံလေးတွေ ရှိတတ်ကြမှန်း သိပါတယ်... ဘာလို့လဲဆိုတော့ ငါကိုယ်တိုင် ရင်ထဲက ငိုသံလေး နားထောင်ရင်း အိပ်ပျော်သွားခဲ့တဲ့ညတွေ ရှိခဲ့ဘူးတယ်လေ....                
     ငိုသံလေး တိုးတိတ်သွားတဲ့အခါ မင်းမျက်လုံးတွေ ဖွင့်ကြည့်လိုက်ပါ.... ကြယ်တွေက ပိုလင်းနေမှာ.... လကြီးက ပိုသာနေမှာ.... မင်းရဲ့ ရင့်ကျတ်မှုက မင်းကို ကောင်းကင်ပေါ်ကို ပို့ပေးနေတာ.... အမှန်တော့ မင်းကိုယ်တိုင်က တောက်ပနေတာပါ......

       ယုံကြည်ထားလိုက်ပါ .... 
    သွားဖို့ကျန်သေးတဲ့ ခရီးမှာ လှလွန်းတဲ့ တောလေးတွေ ရှိနေသေးတယ်ဆိုတာ.....နောက်ထပ် တွေ့ရအုံးမယ့် လှလွန်းတဲ့ တောအုပ်စိမ်းစိမ်းလေး ကို ခဏတော့ဖြင့် ငေးမော ကြည်နူးဖို့ အချိန်ရအုံးမှာပါ ...

image

   ဒါပေမယ့် ပေးထားခဲ့တဲ့ ကတိတွေကို တည်ဖို့ ခရီးဆက်ရအုံးမှာမို့ ကျောခိုင်းရအုံးမှာပဲ ... မျက်လုံးတွေ မှိတ်ပြီး အိပ်ပျော်မသွားခင်ထိ သွားရအုံးမယ်.... အိပ်ပျော်မသွားခင်ထိ ခရီးမိုင်များစွာ ဆက်သွားရအုံးမယ်....

      ကတိတွေ တည်ဖို့ လှလွန်းတဲ့တောလေးကို ငေးမောကြည်နူးနေရာကနေ လှည့်ထွက်လာရတဲ့ အခါတိုင်း ဝမ်းမနည်းလိုက်နဲ့နော်....
      ဒီကတိတွေကို ပေးမိတယ် ဆိုပြီးတော့လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်လိုက်ပါနဲ့.....

          ကတိတွေမရှိတဲ့ဘဝကို "ဘဝ"လို့ရော ခေါ်နိုင်သေးရဲ့လား မင်းစဉ်းစားကြည့်ပါ...
             
     တကယ်တော့ တို့အားလုံး ကတိတွေ ကိုယ်စီနဲ့ပါ... ပေးထားတဲ့ကတိတွေက  ထုတ်ပြောထားတာမဟုတ်တဲ့အတွက် ပိုလို့တောင် တည်ဖို့ လိုသေးတာ....

    အဲဒါ ဘာကတိလဲလို့ မင်းမေးသလား..... မင်းအတွက် သီးသန့်အဖြေက မင်းအတွင်းထဲမှာပါ... မင်းသေသေချာချာ နားထောင်မယ်ဆိုရင် ကြားမှာပါ......
                 
       သွားဖို့ ကျန်သေးတဲ့ ခရီးကလည်း ရှည်လွန်းလှတယ်လို့ မငြီးငြူမိစေနဲ့နော်...
  ငါဆက်မသွားနိုင်တော့ဘူးလို့လည်း ကိုယ့်ကိုယ်ကိုယ် ပျော့ညံ့မပစ်လိုက်ပါနဲ့ .... ဒီလောက်ရှည်တဲ့ ခရီးကြီးကို ငါမှ လာမိတယ်လို့လည်း မရေရွတ်လိုက်ပါနဲ့....
        
               သွားဖို့ ခရီးရှည်ကြီးမရှိတဲ့ဘဝကို "ဘဝ" လို့ရော ခေါ်နိုင်သေးရဲ့လား မင်း စဉ်းစားကြည့်ပါ....

        တကယ်တော့ တို့အားလုံး ရောက်အောင်သွားရမယ့် ခရီးတွေ ကိုယ်စီနဲ့ပါ.... 

   ဘယ်အထိရောက်အောင် သွားရမှာလဲလို့ မင်းမေးသလား.... မင်းအတွက်သီးသန့်အဖြေက မင်းအတွင်းထဲမှာပါ.... မင်းသေသေချာချာ  နားထောင်မယ်ဆိုရင် ကြားမှာပါ.....

       ငါ အိပ်ချင်ပြီ  ခရီးမဆုံးခင် အိပ်လိုက်တော့မယ်လို့လည်း ဘယ်တော့မှ မလျှော့မိစေနဲ့နော်...  ငါသိပ်ပင်ပန်းလွန်းနေပြီ အနားယူချိန်ရောက်ပြီလို့လည်း ကိုယ့်ကိုယ်ကိုယ် မသနားမိပါစေနဲ့.....

         အချိန်မရွေး အနားယူလို့ရတဲ့ ဘဝကို "ဘဝ" လို့ရော ခေါ်လို့ ရသေးရဲ့လား... မင်းစဉ်းစားကြည့်ပါ.....   

         တကယ်တော့ တို့အားလုံး ဆန္ဒတွေကိုယ်စီနဲ့ပါ... ဆန္ဒတွေကို ကျော်လွန်ပြီး သွားနိုင်လို့သာ မျှော်လင့်ချက်တွေ ရှင်သန်ခွင့်ရနေတာ...

     ရှင်သန်နိုးကြားနေရခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲလို့ မေးသလား ... အဖြေက မင်းအတွင်းမှာ ...  ကိုယ့်အဖြေကိုယ်တွေ့အောင် ရှာမယ်ဆိုရင်  တွေ့မှာပါ....
                 
        လှလွန်းတဲ့ တောအုပ်စိမ်းစိမ်းလေးကို ကြည်ကြည်နူးနူး ကြည့်လို့ မဝသေးခင် ကျောခိုင်းခဲ့ပြီး ... နောက်ထပ် ဒီလိုလှတဲ့တောအုပ်လေး ထပ်မှ တွေ့ရပါအုံးမလား လို့ ပူပန်နေမလား...

    လမ်းခရီးအပေါ်မှာ ယုံကြည်မှုထားလိုက်တာ သတ္တိတစ်မျိုးပါ....

      လှလွန်းတဲ့ တောအုပ်စိမ်းစိမ်းလေးတွေ ရှေ့မှာလည်း ရှိကိုရှိရအုံးမယ်လို့... ယုံကြည်မှုထားလိုက်နိုင်တဲ့အခါ .... ဘဝအပေါ် အဆုံးစွန်ဆုံးထိ ယုံကြည်လိုက်တာပါ....

          ဘဝအပေါ် ယုံကြည်မှု ထားတာဟာ အင်အားကြီးတဲ့စိတ်ဓာတ်ရှိတဲ့သူမှ လုပ်တာပါ.....

      ဘာမှ မသေချာတာကြီးအပေါ် ယုံကြည်မှုထားရမှာလားလို့ မင်းမေးသလား...

     မသေချာတာတွေအပေါ် ယုံကြည်မှုထားနိုင်တဲ့သူဟာ ဘဝကို သတ္တိအပြည့်နဲ့ နေတော့မှာ...
     ဒီသတ္တိကသာ  အကြီးမားဆုံး စိတ်ခွန်အားပါ....
    ဒီခွန်အားကသာ အဆုံးစွန်ဆုံးကို စွမ်းဆောင်နိုင်တာပါ........

Credit # Htet Htet Htun......
photob: facebook

image

တောအုပ်အတွေး | Ecency