အဖျက်သမားကျွန်တော်

Words
510
Reading
3 min
Listen
Play
8y

image

အဖျက်သမားကျွန်တော်

ကျောင်းဆရာ လုပ်ချင်တဲ့အထဲမှာ ဖတ်နေရတဲ့ စာပေတွေကြောင့်လည်းပါတယ်။ တက္ကသိုလ်ကျောင်းသား ဘဝက ဆိုဗီယက်သံရုံး၊ တရုတ်သံရုံးတွေ မကြာ မကြာသွားပြီး စာအုပ်တောင်းတယ်။ သူတို့ကလည်း တက္ကသိုလ်ကျောင်းသားဆိုတဲ့ ကတ်ပြားလေးထုတ်ပြ စာအုပ်တွေ အများကြီးပေးတော့တာပဲ။

တစ်နေ့တော့ ပြည်လမ်းပေါ်က ဆိုဗီယက်သံရုံးကိုသွားပြီးတော့ စာအုပ်တောင်းတယ်။ အန်တန် မာကရန်ကို စာအုပ်လေး လက်ဆောင်ပေးလိုက်တယ်။ အဲဒီမှာ ရောဂါဖြစ်တော့တာပဲ။ ဘာရောဂါလည်း ဆိုတော့ ကျောင်းဆရာဖြစ်ချင်တာ။

ကြွားပြောတာမဟုတ်ပါဘူး။ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘဝက Sputnik, Reader’s Digest တွေ ဖတ်နိုင်တယ်။ အသစ်ဝယ်ဖတ်ရင်မတတ်နိုင်လို့ လမ်းဘေးက အဟောင်းတွေ ဝယ်ဖတ်ရတယ်။ လှည်းတန်းမှ အင်္ဂလိပ်ဝတ္ထုအငှားဆိုင်ရှိတယ်။ တစ်အုပ် ငှားဖတ်မှ ငါးမူး၊ တစ်ကျပ်ပဲ။ ကျွန်တော်တို့ခေတ် တက္ကသိုလ် ကျောင်းသားတိုင်း အင်္ဂလိပ်လိုဖတ်နိုင်သလားလို့ မေးစရာရှိတယ်။ မဖတ်နိုင်ပါဘူး။ ပညာရေးရဲ့ အစမ်းသပ်ခံ ဘဝတွေနဲ့ ကြီးပြင်းခဲ့ရတာကြောင့် အင်္ဂလိပ်လို ဖတ်နိုင်စရာ အကြောင်းလည်း သိပ်မရှိဘူး။ ကျွန်တော်ကတော့ ၈ တန်းကျောင်းသားဘဝကတည်းက ဝါသနာကြောင့် ကြိုးစားဖတ်ရင်း တက္ကသိုလ်ရောက်တော့ လမ်းလျှောက် တတ်ခါစ ကလေးတစ်ယောက်လိုဖြစ်ပြီး အင်္ဂလိပ်စာကို ရူးသွပ်ခဲ့ရတာ။

တစ်နေ့တော့ Sputnik စာစောင်ထဲမှာ ရုရှားက ပါမောက္ခကြီးတစ်ယောက်က တောနယ်ဆင်းပြီး မူလတန်း ကလေးတွေကို ပြုစုပျိုးထောင် သင်ကြားပုံအကြောင်း ဆောင်းပါး ပါလာတယ်။ ကြိုက်လိုက်တာလေ။ ဒါကြောင့် ဘာသာပြန်ပြီး မဂ္ဂဇင်းတစ်စောင်ကို သွားပို့တယ်။ မပါခဲ့ပါဘူး။ စိတ်ထဲမှာ စွဲနေတယ်။ တစ်နေ့ ငါ ကျောင်းဆရာ ဖြစ်ရင် အဲဒီလို သင်မယ်ပေါ့။

“မင်္ဂလာပါဆရာကြီး”

ကျွန်တော့်ကို ကျောင်းသားတွေက နှုတ်ဆက်။ သူတို့ မျက်နှာလေးတွေကပြုံးရွှင်။ ဆရာကို အရိပ်လိုကြည့် နေတဲ့ကလေးတွေ သိတာပေါ့။ သူတို့ဆရာ မျက်နှာ မချိုမချဉ်ဖြစ်လာရင် တစ်ခုခုပဲဆိုတာ။

“ဟေ့ … ငပျင်းလေးတွေ ခါးချိနေပြီလား … အိပ်ချင်နေပြီလား …”

“စာအုပ်ထဲက စာတွေချည်း အော်ဆိုနေရတာ ပါးစပ်တွေညောင်း … လည်ချောင်းတွေနာနေပြီဆရာကြီး”

“ကဲ … အားလုံး မတ်တတ်ရပ်”

ကလေးတွေက တစ်ခုခု လုပ်တော့မယ်ဆိုတာ သိနေတယ်။ ဝုန်းခနဲ ထရပ်လိုက်ကြတယ်။

“ကဲ … ညောင်ပင်အောက်ကို သွားမယ်။ တိတ်တိတ်လေးသွား ဘေးခန်းတွေကို အနှောင့် အယှက်မဖြစ်စေနဲ့”

ကလေးတွေက အပြင်ထွက်ရတော့မယ်ဆိုတော့ ပျော်သွားတယ်။ ဒါပေမဲ့ လက်ကလေးတွေပိုက်လို့

“ဟဲ့ … နေကြပါဦး … ဘာဖြစ်လို့ လက်တွေပိုက်တာလဲ”

“လက်မပိုက်ရင် ရိုက်မှာပေါ့”

“ဘယ်သူက ရိုက်မှာလဲ”

image

“အခန်းအပြင်ထွက်တာနဲ့ လက်ပိုက်ထွက်ရမယ်လို့ ကျောင်းအုပ်ဆရာကြီးက ပြောထားတာလေ”

“အဲဒါက ကျောင်းလွှတ်မှ။ ခုကျောင်း မလွှတ်သေးဘူး။ လက်ဖြုတ် … မိုးပေါ် အားလုံးမြှောက် … လက်ကလေးတွေခါ … ဟုတ်ပြီ … ခါတဲ့ အတိုင်းလျှောက် … ညောင်ပင်အောက်”

ကလေးတွေက ပျော်ရွှင်စွာ လက်တွေခါပြီး ညောင်ပင်အောက်ကို တန်းစီထွက်။ ကျောင်းထဲမှာ ဖြစ်နေတော့ တစ်တန်းက လှုပ်ရှားတာ ကျန်အတန်းတွေက ဝိုင်းကြည့်ပေါ့။ ကလေးတွေ ဆိုတော့ သူတို့စိတ်ထဲမှာ လွတ်လပ်စွာ ပျော်နေတာကို စိတ်ဝင်စားတာပေါ့။

ညောင်ပင်အောက်ရောက်တော့ ကလေးတွေက ယောက်ျားလေးတစ်ဖွဲ့၊ မိန်းကလေးတစ်ဖွဲ့ ခွဲထိုင်လိုက်ကြ တယ်။ ကျွန်တော်က သူတို့ အလယ်မှာရပ်ပြီး

“နေပါဦး … မင်းတို့က ဘာဖြစ်လို့ ယောက်ျားလေးနဲ့ မိန်းကလေး ခွဲခြားထိုင်နေရတာလဲ”

“တူမှ မတူတာ ဆရာကြီးရယ်”

“အလိုဗျာ … သူတို့မှာ ခြေနှစ်ချောင်း၊ လက်နှစ်ချောင်း၊ ခေါင်းတစ်လုံး၊ ညည်းတို့မှာလည်း ခြေနှစ်ချောင်း၊ လက်နှစ်ချောင်း၊ ခေါင်းတစ်လုံး ဘာတွေများ ကွဲပြားနေလို့ပါလိမ့်။ နေဦး … ကွဲပြားတာ တစ်ခုခုတော့ ရှိနေလိမ့်မယ်နဲ့ တူတယ်”

ကလေးတွေက “ဝါး” ခနဲ ရယ်လိုက်ကြတယ်။ ပျော်စရာကောင်းလာပြီ

“ကဲ … အားလုံး မတ်တတ်ရပ် … ယောက်ျားလေးတွေတန်းစီ၊ မိန်းကလေးတွေ တန်းစီ၊ ဝိုင်းပြီးတော့ ဆရာ မျဉ်းသားထားတဲ့ အဝိုင်းအတိုင်း နှစ်ထပ် လျှောက်မယ်”

ကလေးတွေကို စည်းဝိုင်းကြီး ဝိုင်းပေးပြီး ယောက်ျားလေးတွေက နောက်၊ မိန်းကလေးတွေက ရှေ့ အဝိုင်းကို ပတ်ခိုင်းပြီး ခဏကြာတော့ ကျွန်တော်က

“ရပ် … အဲဒီအတိုင်းထိုင်”

အဲဒီအချိန်မှာ ယောက်ျားလေးတွေ မိန်းကလေးတွေ အားလုံး ရောသွားတယ်။

“ဟဲ့ … ဘာဖြစ်လို့ ခွာထိုင်လိုက်တာလဲ … ယောက်ျာလေးတွေက နူနေလို့လား”

ကျွန်တော်က စည်းဝိုင်းကို ပြင်ဆွဲ

“အဲဒီ စည်းဝိုင်းထဲက မထွက်အောင်ထိုင်လိုက်ပါ”

ကလေးတွေ မျက်နှာပေါ်မှာ အပြုံးရိပ်တွေ ပေါ်လာမှ

“ကဲ … ဆရာတို့ ကိုယ့်အကြောင်း ကိုယ်ပြောရအောင်။ စာလိုကြီး မပြောနဲ့ ပုံပြောသလို ပြောမယ်။ အတန်းထဲမှာ စာစီစာကုံး ရေးသလို မပြောနဲ့။ ကိုယ်ပြောတတ်သလိုပြောမယ်။ နည်းနည်း များများ ပြောချင်တာ ပြောမယ်။ ဆရာက သင်ထားတာမရှိဘူး။ ကိုယ့်အကြောင်းဆိုတာ သိလား”

“သိပါတယ်”

“ဆရာက စပြောမယ်။ ကျွန်တော့်နာမည်က တင်ညွန့်ပါတဲ့။ အဖေက ဦးတွတ်နီ၊ အမေက ဒေါ်ခင်ကြည်။ အလုပ်က ဈေးရောင်း၊ အမေကလည်း ဈေးသည်။ ဘီဘီအမ်ကျောင်းမှာ ကျောင်းတက်ခဲ့တယ်။ ငယ်ငယ်က စာအလွန်ညံ့ပါတယ်။ စာမရလို့ အရိုက်ခံရတာလည်း ခဏခဏ။ ငိုခဲ့ရပေါင်းလည်း မနည်းဘူး။ ခုံပေါ်တက် မတ်တတ်ရပ်ဆိုရင် ထိပ်ဆုံးက။ အတန်းရှေ့ထွက် ထိုင်ထ လုပ်ဆိုရင်လည်း ရှေ့ဆုံးက။ ဒါပေမဲ့ ၁၀ တန်းအောင်တော့ အတန်းတစ်တန်းလုံးမှာ တစ်ယောက်တည်း အောင်ခဲ့သဗျ။ တက္ကသိုလ်ဆက်တက်ပြီး ခုတော့ ဆရာဖြစ်လာတာပေါ့။ လောကမှာ ညံ့တယ်၊ သုံးမရဘူး ဆိုတာမရှိပါ။ ကြိုးစားရင် ဖြစ်ပါတယ်”

ကျွန်တော် ပြောပြီးတော့ ကလေးတွေက မျက်လုံးလေးတွေပြူး၊ ပါးစပ်လေးတွေ အဟောင်းသားနဲ့ ငြိမ်နေတယ်

“အလို … ဆရာပြောတာ သဘောမကျလို့များလား”

“သဘောကျတာမှ လွှတ်ကျ”

“ဒါဆိုရင် ဘာဖြစ်လို့များ လက်ခုပ်မတီးကြတာလဲဗျာ … သဘောကျရင် လူကြီးမင်းများ လက်ခုပ်တီးပါ”

“ဟေး … ဖြောင်း ဖြောင်း ဖြောင်း”

“ကဲ … ဘယ်သူစ ပြောမလဲ … ပြောချင်တဲ့လူ လက်ညှိုးထောင် … ထောင်တဲ့ လက်ညှိုး”

“ချေးပုံထိုး … ဟေး … ဟေး”

ကလေးတွေ အပြိုင်လက်ထောင်။ သူပြောမယ် ငါပြောမယ်။ မင်းလွင်က မတ်တတ်ရပ်

“ဆရာကြီး”

“ဘာလဲကွ”

“သားအဖေနဲ့ အမေနာမည်ကို ပြောရင် ဆရာမသင်ထားတဲ့အတိုင်း ပြောရမှာလား … အမှန်ပြောရမှာလား”

“ကြိုက်တာပြော”

“ကျွန်တော့်အဖေမှာ ဦးတရုတ်ဖြစ်ပါတယ်။ အမေကတော့ ဒေါ်ဝက်မပါ”

“ဟေး … ဟေး”

“ဘာဖြစ်လို့ လှောင်တာလဲကွ”

“တရုတ်နဲ့ဝက်ဆိုတော့ ဆေးပဲ”

“အဲဒါ ရယ်စရာလားကွ။ သူ့အဖေက မောင်မောင်လွင်တဲ့။ သူ့အမေက သီတာပြုံးဆိုပြီး မှတ်ပုံတင်ထဲမှာ ရှိနေတာ။ သူက ရွာထဲက ခေါ်တဲ့အတိုင်း မှန်တာကိုပြောတာ ရယ်စရာလား … မောင်မင်းလွင်ကို အမှန်အတိုင်း ပြောတဲ့အတွက် လက်ခုပ်လေး ချီးမြှင့်လိုက်ပါဦး”

“ဟေး … ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း”

အဲဒီနေ့က ပျော်လိုက်တာ။ အချိန်ပြောင်း သံချောင်းခေါက်မှ အတန်းထဲကို ပျော်ရွှင်စွာဝင်လာ။ ရုံးခန်းထဲကို ပြန်ရောက်။ ချွေးသုတ်ပြီး အနားယူမယ်လုပ်တုန်း

“ဦးတင်ညွန့်”

“ဟုတ်ကဲ့ ဆရာကြီး”

“ခင်ဗျား နောက် အဲဒီလို စာမသင်ပါနဲ့”

“ဘာဖြစ်လို့လဲဆရာကြီး … အဲဒါ ရုရှားမှာ ပညာရှင်တွေ စမ်းသပ်သင်နေတဲ့နည်းခင်ဗျ”

“ဒါရုရှား မဟုတ်ဘူး။ ခင်ဗျား အဲဒီလို လုပ်နေတော့ ကျန်တဲ့အတန်းတွေက ခင်ဗျားတို့ကို ဝိုင်းကြည့်နေပြီး စာသင်လို့ မရဘူးလို့ ဆရာမတွေက လာတိုင်နေတယ်”

“ကျွန်တော် အားလုံးကို အနှောင့်အယှက် မပေးချင်လို့ ညောင်ပင်အောက်မှာ သွားသင်တာပါ”

“မလုပ်ပါနဲ့ဗျာ … ခင်ဗျား သင်နေတာ ကျွန်တော် နားထောင်နေပါတယ်။ ကလေးတွေကို စည်းကမ်း ဖျက်နေတာပဲ”

“သြော် … ဟုတ်လား … အင်းနော် … ကျွန်တော်က ဖျက်ဆီးနေတာပဲ”

တင်ညွန့်

photo : facebook

image

အဖျက်သမားကျွန်တော် | Ecency