အပိုင်း ၂၁

Words
276
Reading
2 min
Listen
Play
9y

image

အပိုင်း ၂၁

 တစ်ချိန်တည်းမှာ တစ်ပြိုင်နက်တည်း အများကြီး မြင်နေတဲ့သူတစ်ယောက် အနေနဲ့ ဘာကို စိတ်လှုပ်ရှားအုံးမှာလဲ။
ဒီတစ်ချိန်တည်းမှာ တစ်ယောက်က အချစ်ကြောင့်အူမြူးနေပြီး ဒီတစ်ချိန်တည်းမှာ  နောက်လူတစ်ယောက်က လမ်းမှာ ကားအက်စီးဒန့် ဖြစ်လို့ သေလုမျောပါး ဖြစ်နေတယ်။ ဒီတစ်ချိန်တည်းမှာ တစ်ယောက်က သူ့သွေးကို ဖောက်ထုတ်ပေးနေတဲ့အချိန်မှာ တစ်ချိန်တည်းမှာပဲ နောက်လူတစ်ယောက်က ယုံကြည်မှုကတိသစ္စာတစ်ခုကို ဖောက်ဖျက်နေတယ်။
    ဖြစ်ပျက်နေတာတွေကို တစ်ပြိုင်နက်တည်း မြင်ပြီး ခံစားမှုတွေ အကုန်လုံးကို တစ်ပြိုက်နက်တည်း သိနေရတဲ့သူအတွက် သူ ဘာကိုများ တုန်လှုပ်နေအုံးမလဲ။  ကျမသိချင်တယ်။ 
    လူအထင်ကြီးခံရဖို့ ကြိုးကြိုးစားစား လုပ်နေတဲ့သူတွေကို ကြည့်ရင်း သရဲတစ်ယောက်နဲ့ စကားပြောချင်မိတာ ... ကျမ ခုထိ ဆန္ဒပြင်းပြတုန်း။        
    တစ်ယောက်တည်းနေတဲ့အခါ မကြောက်ဘူးလား .. သရဲကြောက်တတ်လား .. လို့ မေးရင် ကျမဘာပြန်ပြောရမှန်း မသိဘူး။ 
  တစ်ခုခုကို စွဲလန်းမိလို့ မကျွတ်မလွတ်ရတဲ့ဘဝကို ကျမ သိပ်စိတ်ဝင်စားတယ်။ သူတို့ ဘာလို့ နောက်တစ်ဘဝ မကူးနိုင်တာလဲ။ သူတို့ ဘာလို့ သူတို့ကိုယ်သူတို့ အရင်လူလို့ ထင်နေသေးတာလဲ။ လူတွေဟာ အဲလိုပဲ သူတို့ကိုယ်သူတို့ ဘယ်တော့မှ မသေတော့မယ့်အတိုင်း ထင်နေတတ်ကြလား။ ဘယ်လောင်ထိ နက်နက်ရှိုင်းရှိုင်း ထင်နေလဲ။ အဲဒီအထင်တာ ဘယ်လောင်ထိ ရင်ထဲမှာ နက်သလဲ။ 
   အကြောင်းတစ်ခု ရှိလို့ လူဖြစ်လာရတဲ့ဘဝမှာရော အရေးကြီးတာ ဘယ်လောက် များများစားစား ရှိလဲ။

image

    ကျမအနေနဲ့ အသက်အရွယ်တစ်ခုထိ ရလာတဲ့ အချိန်မှာ အရေးကြီးတာ သိပ်များများစားစားတော့ မရှိတော့ဘူး။ လုပ်ချင်တာလေးတွေ နည်းနည်းပါးပါး လုပ်မယ်။ ချစ်ချင်တဲ့သူနည်းနည်းပါးပါးကို နည်းနည်းပါးပါး ချစ်မယ်။ လုပ်သင့်တာတွေကိုတော့ အများကြီးကို လုပ်ခဲ့ချင်တယ်။ 
    ဘာကိုမှ စွဲလန်းပြီး မသေချင်ဘူး။  
   ကိုယ့်ကိုယ်ကိုယ် ဘာကြီး ညာကြီး လို့ ထင်မသွားချင်ဘူး။ 
   ဘာကိုမှ ငါပိုင်တယ်လို့ မထင်ချင်ဘူး။ 

      သတိထားမိသဘောက်  လူတွေဟာ များသောအားဖြင့် နေရာကို စွဲလန်းကြတာ များတယ်။ 
    ကိုယ့်နေရာကိုယ် စွဲလွန်းလို့ မကျွတ်တဲ့သူ ရှိတဲ့ နောက်တစ်နေရာမှာလည်း အကြာကြီးနေဖူးတယ်။ 
  အဲဒီမှာနေတုန်းက ရောက်တဲ့နေ့နောက်နေ့မနက် အဖေက ပြောတယ် သမီးအစောကြီးထပြီး မချက်နဲ့လေ သမီးထတာ စောလွန်းတယ်တဲ့။ အမလေး အဖေ သမီးခုမှ ထတာပါ လို့ ဆိုတော့ အဖေက ပြုံးတယ်။ အဲဒီကောင်မလေးက ထမင်းဟင်းတွေ ထချက်နေတာကို ကျမချက်တယ်ထင်လို့ ။ အဲဒီအကြောင်း နောက်ကြုံတော့ ပြောပြမယ်။ သူလေးလည်း ဒီနေရာ ငါ ပိုင်တယ်လို့ ထင်လို့ မကျွတ်တာ။ 

 တကယ်တော့ ဒီနေရာ ငါပိုင်တယ် ဒီမြေကြီးငါပိုင်တယ်လို့ ပြောရတာ Officially ပြောရတာ မဟုတ်ဘူးလား။ လူ့လောက လူတွေထဲမှာ  တရားဝင်အောင်လို့ ပြောရတာ မဟုတ်ဘူးလား။ ကိုယ့်အိမ်ထဲ သူများ ဝင်လာနေလို့ မရအောင် ပြောရတာ။ ကိုယ့်အဝန်းအဝိုင်းထဲ သူများလာပြီး စော်ကားမော်ကား လုပ်လို့မရအောင် ပြောရတာ။
   ဒီကမ္ဘာမြေကို ငါပိုင်တယ်လို့ ပြောခဲ့တဲ့သူတွေ အရိုး ဆွေးသွားတာ ကြာလှပြီ။ သမိုင်းဖတ်ကြည့်ရင် ရှင်းနေတာပဲ။ 
    အပြောကြီးတဲ့သူတွေ သေခါနီး ငိုသွားကြတာ ဒုနဲ့ဒေးပါ။ 

image

     အဖေက ကျမကို အမြဲ သင်ပေးတယ် ... လောကကြီးအပေါ် အမြတ်မထုတ်ဖို့ လူတွေအပေါ် အမြတ်မထုတ်ဖို့။ ကိုယ်က ပေးနိုင်တဲ့သူ ဖြစ်ဖို့။ ပေးနိုင်တဲ့ဘက်က နေဖို့။ 

    လောကကြီးအပေါ်လည်း အမြတ်မထုတ်ဖူးပါဘူး။
   လူတွေအပေါ်လည်း ဘယ်တုန်းကမှ အမြတ်မထုတ်ဖူးပါဘူး။
     စိတ်ပျက်ရတာတွေ မုန်းတီးရတာတွေ ဖြစ်ရပြီးမှ ရရမယ်ဆိုလည်း ဘယ်လောက်ကောင်းကောင်း ဘာမှ မလိုချင်ဘူး။
  လူတစ်ဖက်သားကို စိတ်နာရတဲ့ အဖြစ်မျိုးနဲ့ ဘယ်ကိစ္စမှ အဆုံးမသတ်လိုဘူး။ 
 ဆက်ဆံရေးဖြစ်ဖြစ် အလုပ်ဖြစ်ဖြစ် ဈေးသည်ကပေးတဲ့ အဆစ်ဖြစ်ဖြစ် ..   ပေးချင်လို့ ကျေကျေနပ်နပ် ပေးသွားတာကို ကျေကျေနပ်နပ် ခံယူချင်တယ်။ ဘာမှ မတောင်းခံလိုဘူး။ 
 
  တစ်ချိန်တည်းမှာ တစ်ပြိုင်နက်တည်း အများကြီး မြင်နေတဲ့သူတစ်ယောက် ... သူဘာခံစားရမလဲ ... ဘာကို သိနေမလဲ ... ဘာတွေ တွေးနေမလဲ ... သူအဝေးကြီး ဘာတွေ ကြိုမြင်နေမလဲ ...  သူဘယ်လောက် ငြိမ်သက်နေမလဲ ....    .. စွန့်လွှတ်ထားရင်းနဲ့ ပိုင်ဆိုင်တယ် ဆိုတာ ဘာလဲ ...

  ဒီအတွေးကလည်း ကျမအတွေးထဲမှာ ဘယ်တော့မှ ရိုးမသွားတဲ့ စိတ်ဝင်စားမှု အနေနဲ့ ဘယ်အချိန်ထိ ရှိနေအုံးမလဲ မသိဘူး။

photov; facebook

image

အပိုင်း ၂၁ | Ecency