မိခင်များသည် ကလေးငယ်တွေရဲ့ ဘ၀တစ်လျှောက်လုံး ဘေးနားမှာ အတူတူရှိနေပေးသူဖြစ်သလို လက်ဦးဆရာနှစ်ပါးထဲက တစ်ပါးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ဘ၀အတွက် အရေးကြီးတဲ့ အမူအကျင့်တွေကို အနီးကပ် ပြုစုပျိုးထောင်ပေးထားဖို့ လိုအပ်ပါတယ်။ အစကောင်းမှ အနှောင်းသေချာဆိုတဲ့စကားအတိုင်း ငယ်စဉ်ကလေးဘ၀တည်းက ကျန်းမာရေးနဲ့အညီ စနစ်တကျ ပြုမူနေထိုင်တတ်စေဖို့ မိခင်တိုင်း သင်ပေးဖို့လိုအပ်တဲ့ အရာတွေကို အကြံပြုလိုက်ပါတယ်။
Images Credit - Original Source
မိခင်တွေအနေနဲ့ ကလေးတွေအတွက် အဓိကလေ့ကျင့်ပေးသင့်တဲ့ အရာတစ်ခုကတော့ ကျောင်းသင်ခန်းစာတွေအပေါ်မှာ ကောင်းမွန်စွာ လေ့လာကျက်မှတ်နိုင်ပြီး ကလေးရဲ့ ကိုယ်ပိုင်အချိန်တွေမှာ မိသားစုတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကျောင်းစာနဲ့ ကိုယ်ပိုင်အချိန်တွေကို အညီအမျှဖြစ်အောင် ဘယ်လိုစီမံခန့်ခွဲရတယ်ဆိုတာ ကလေးအရွယ်တည်းက သင်ကြားထားခြင်းဟာ အရွယ်ရောက်တဲ့အထိ အထောက်အကူ ဖြစ်စေမယ့်အရာလည်း ဖြစ်ပါတယ်။ နောက်ပြီး ကလေးအရွယ်တည်းက အကောင်းမြင်စိတ်ရှိအောင် လေ့ကျင့်ပေးခြင်းဟာလည်း အရွယ်ရောက်တဲ့အထိ အောင်မြင်ပျော်ရွှင်တဲ့ ဘ၀အခြေအနေ ဖန်တီးနိုင်ဖို့ရန် အထောက်အကူ ဖြစ်စေပါတယ်။ အကောင်းမြင်စိတ်နဲ့ ခင်မင်ရင်းနှီး ဖော်ရွေစွာ နေထိုင်တတ်ခြင်းဟာ သူငယ်ချင်း အပေါင်းအသင်းသစ်တွေလည်း တိုးပွားစေလို့ ပျော်ရွှင်စရာ ကလေးဘ၀ကို ရရှိစေနိုင်ပါတယ်။ မိသားစုတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ရင်းနှီးနွေးထွေးစွာ နေထိုင်တတ်စေဖို့ လေ့ကျင့် သင်ကြားပေးနိုင်ပြီး ကျောင်းသင်ခန်းစာနဲ့ ဆော့ကစားတဲ့အချိန်တွေကိုလည်း စနစ်တကျ ပိုင်းခြားစီမံ တတ်အောင် လေ့ကျင့်ပေးထားသင့်ပါတယ်။
Images Credit - Original Source
ကလေးတွေဟာ သူတို့ရဲ့ဝါသနာနဲ့ စိတ်ဝင်စားတဲ့အရာတွေပေါ်မှာ အားပေးမှုရရှိသင့်ပါတယ်။ ကိုယ့်ရဲ့ဝါသနာ၊ ကိုယ်စိတ်ဝင်စားတဲ့အရာက ဘာတွေဆိုတာကို သေသေချာချာ သိရှိမှသာ ဘ၀တစ်လျှောက်လုံး တိကျသေချာတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ချမှတ်နိုင်မှာဖြစ်တာကြောင့် မိခင်တွေအနေနဲ့ အနီးကပ် ဂရုစိုက်ထောက်ပံ့သင့်ပါတယ်။ ၀ါသနာပါရာလေးတွေကို စိတ်ဝင်တစား ပြုလုပ်ခွင့်ရတဲ့ ကလေးတွေဟာ လမ်းမှားရောက်နိုင်ချေလည်း နည်းတဲ့အတွက် နောင်ရေးအတွက်ပါ စိတ်ချရစေပါလိမ့်မယ်။ ဒါ့အပြင် စာဖတ်တတ်တဲ့အကျင့်၊ စာအုပ်တွေကြားမှာ မွေ့လျော်တတ်တဲ့အကျင့်ဖြစ်အောင် ငယ်စဉ်ကတည်းက ကလေးအရွယ်နဲ့လိုက်ဖက်မယ့် စာအုပ်စာပေလေးတွေကို ရွေးချယ်ဖတ်ရှုစေသင့်ပါတယ်။ စာအုပ်တွေကရရှိတဲ့ အသိပညာတွေ၊ ဗဟုသုတတွေနဲ့ အတွေးအခေါ်တွေဟာ သူတို့လေးတွေရဲ့ဝါသနာနဲ့ စူးစမ်းလေ့လာလိုစိတ်တွေကိုလည်း မြှင့်တင်ပေးရာရောက်တဲ့ အတွက် နောင်တစ်ခေတ်ရဲ့ ကြယ်ပွင့်လေးတွေ မွေးထုတ်ပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်းလည်း ဖြစ်ပါတယ်။
Images Credit - Original Source
လူရယ်လို့ဖြစ်လာရင် တစ်ကိုယ်ရည်စာ အခြေခံစည်းကမ်းလေးတွေ ထားရှိဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် သင့်ကလေးငယ်ကိုလည်း ငယ်စဉ်ကတည်းကစပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ ကျန်းမာရေးအတွက် လိုအပ်မယ့် အလေ့အကျင့်လေးတွေ ပြုစုပျိုးထောင်ပေးထားသင့်ပါတယ်။ သူငယ်ချင်းတွေနဲ့ ရွှံ့တွေဗွက်တွေကြားမှာ ဆော့ကစားလာပြီးရင် ကိုယ့်အသိစိတ်နဲ့ကိုယ် ပြန်လည်ဆေးကြောသန့်စင်ဖို့၊ အိမ်သာကထွက်တဲ့အခါ လက်ကိုစင်စင်ဆေးကြောဖို့၊ အစာမစားမီနဲ့ အစာစားပြီးတိုင်းမှာ လက်ကိုဆပ်ပြာနဲ့ စင်ကြယ်စွာ ဆေးကြောဖို့၊ ချေးညှော်ကင်းရှင်းစွာ နေထိုင်ဖို့စတာတွေကို စည်းကမ်းနဲ့ အလေ့အကျင့် လုပ်ပေးသင့်ပါတယ်။ အမိန့်ဆန်ဆန် လိုက်နာခိုင်းတာမျိုးထက် အကျိုးအပြစ်တွေကိုရှင်းပြပြီး နားလည်အောင် ပြောပြတာမျိုးက ပိုသင့်တော်ပါတယ်။ ဥပမာ – အရာဝတ္ထုတွေကို ကိုင်တွယ်ထိတွေ့နေရတဲ့လက်မှာ ဘက်တီးရီးယားတွေ၊ ရောဂါပိုးမွှားတွေ ကပ်ငြိနေနိုင်တာကြောင့် မကြာခဏ လက်ဆေးဖို့နဲ့ လက်မဆေးတဲ့အခါ အဲ့ဒီ့ပိုးမွှားတွေ ခန္ဓာကိုယ်ထဲ ၀င်ရောက်ပြီး ဖျားနာမှုတွေ ဖြစ်စေနိုင်တဲ့အကြောင်း ပြောပြပါ။ မသန့်ရှင်းတဲ့ လက်ကနေမှတစ်ဆင့် တုပ်ကွေး၊ ၀မ်းလျှော၊ မျက်စိနာ၊ လည်ချောင်းနာ၊ အရေပြားရောဂါ၊ ၀မ်းကိုက်၊ နားကိုက်၊ အဖုအပိန့်ထွက်ခြင်း၊ ၀က်ခြံနဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းဆိုတဲ့ ရောဂါတွေဖြစ်နိုင်တယ်ဆိုတာ သူတို့နားလည်အောင် ရှင်းပြထားသင့်ပြီး အဲ့ဒီ့ရောဂါပိုး(၁၀)မျိုးရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်တဲ့ ဆပ်ပြာမျိုးကိုလည်း အခြားမိသားစုများလိုပဲ အသုံးပြုသင့်ပါတယ်။ ကိုယ်တိုင်ကလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် သန့်သန့်ရှင်းရှင်း နေထိုင်ပြပြီး ကလေးကိုလည်း သင်ကြားပေးခြင်းအားဖြင့် ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘ၀ကို ရရှိပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
Images Credit - Original Source
မိခင်အားလုံးပဲ ထူးချွန်ထက်မြက်ပြီး ကျန်းမာပျော်ရွှင်တဲ့ သားသမီးရတနာလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။
@steemitarrman