“ သ၀န်တိုကြသူများအတွက် ”

Words
273
Reading
2 min
Listen
Play
8y

“ သ၀န်တိုကြသူများအတွက် ”

တကယ်လို့ သင်တို့တွင် သ၀န်တိုတတ်သော ဇနီးသည် သို့မဟုတ် လင်ယောင်္ကျား သို့မဟုတ် ချစ်သူရည်းစားကဲ့သို့ တစ်စုံတစ်ယောက်ရှိခဲ့လျှင် မည်သို့သောအဖြစ်မျိုးများ ရှိခဲ့ကြမည်နည်း။ ကျနော်အလွန်သိလိုသော မေးခွန်းတစ်ခုဖြစ်သည်။

သင်သည် အိမ်နှင့်ဝေးရာသို့ ခရီးသွားခြင်း၊ အလည်အပါတ်သွားခြင်း အစီအစဉ်တစ်ခုတွင် မမျော်လင့်ပဲ အိမ်ပြန်ချိန် နောက်ကျခဲ့ပါက သင့်အား သင်၏ ဇနီး/ ခင်ပွန်း/ ချစ်သူရည်းစားက မည်သို့မည်ပုံ ကြိုဆိုမည်နည်း။ ကျွန်တော်အလွန်သိလိုသော မေးခွန်း နောက်တစ်ခုဖြစ်သည်။

img01.jpeg
Credit image source

ထို့အတူ သင်သည် မိသားစု၏ စီးပွားရေးအရ လုပ်ငန်းဆောင်တာများ ဆောင်ရွက်နေစဉ် သင်နှင့်အတူ လုပ်ငန်း လုပ်ဖော်ကိုင်ဖက် တစ်ဦးနှင့် စကားအတူပြော၊ စားသောက်ဆိုင်တစ်ခုခုတွင် ဆွေးနွေးတိုင်ပင်နေစဉ် သင့်တို့နှစ်ဦးအား သင်တို့၏ ဇနီး/ ခင်ပွန်း/ ချစ်သူရည်းစားက တွေ့မြင်ခဲ့လျင် မည်သို့သော အကြောင်းများ ဖြစ်လာမည်နည်း။ ကျနော်အလွန်ပင် စဉ်းစားရခက်ခဲနေသော မေးခွန်းတစ်ခုဖြစ်သည်။

သင်သည် သ၀န်တိုသော ဇနီး/ ချစ်သူရည်းစား ရှိနေသူဖြစ်ပါက ထိုအချိန်မတိုင်မီက သင့်ဇနီး/ ချစ်သူရည်းစားထံ တယ်လီဖုန်းသို့မဟုတ် အခြားသောနည်းလမ်းဖြင့် ဆက်သွယ် ပြောပြထားသင့်သည်။ ထို့အတူ သင်သည် သ၀န်တိုသော လင်ယောင်္ကျား/ချစ်သူ ရှိနေပါက အထက်ပါ ကိစ္စရပ်မျိုးကြုံလာဖွယ် ရှိနေပါလျင် သင့်လင်သား/ရည်းစားထံ ကြိုတင်အသိပေး ထားသင့်သည်။

img02.jpeg
Credit image source

သို့မှသာ သင်တို့တွင် သ၀န်တိုသော လင်သား/ ဇနီးမယား/ ချစ်သူရည်းစားတို့အား စိတ်ပင်ပန်းစွာ ဖြေရှင်းရမည့် အခက်အခဲ ဘေးမှ ကင်းလွတ်ပေမည်။ ထိုသို့မဟုတ်ပါကလည်း သင့်အတွက် ဖြေရှင်းရန် အထောက်အကူတစ်ခု ရရှိနေမည်ဖြစ်သည်။ ထိုသို့ တွေ့ဆုံဖြေရှင်းကြလျင် ထိုသူတို့ တစ်ယောက်ချင်းစီ၏ စိတ်နေသဘောထားသည် အလွန်အရေးပါနေသည်ကို တွေ့ရပေမည်။

ထိုကဲ့သို့ ကိစ္စရပ်မျိုး ကျွန်တော်တို့ အနီးအနားတွင် အမြဲရှိနေသည်။ တစ်ခုသော အတွေ့အကြုံလေးတစ်ခု ပြန်လည်ဖောက်သည်ချပါအုန်းမည်။ ဇနီးမောင်နှံနှစ်ယောက် ရှိကြရာတွင် ယောင်္ကျားဖြစ်သူသည် အလွန် သ၀န်တိုတတ်သူ တစ်ယောက် ဖြစ်သည်။ သို့သော် သူသည် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားတတ်သူလည်း ဖြစ်သည်။ တနေ့တွင် သူ၏ ဇနီးသည် မိတ်ဆွေသူငယ်ချင်း မိန်းကလေးတစ်ယောက်၏ မွေးနေ့ပွဲသို့ သွားရောက်လည်ပတ်စဉ် အိမ်ပြန်ချိန်သည် အလွန် နောက်ကျနေတော့သည်။

img03.jpeg
Credit image source

ဤတွင် အိမ်မှာကျန်ခဲ့သော လင်ယောင်္ကျားကို တယ်လီဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားရန်လည်း သတိမေ့ခဲ့သည်။ သူမ၏ ယောင်္ကျားဖြစ်သူမှာ အလွန်ဒေါသတကြီးဖြင့် ဧည့်ခန်းတွင်စောင့်နေမည်ကို သူမသိနေလေသည်။ သူမအိမ်ပြန်လမ်းတွင် မိုးကသည်းထန်စွာ ရွာသွန်းပြန်၏။ သူမအိမ်ပြန်ရောက်ချိန် အိမ်ရှေ့တံခါးဝတွင် ခြေစုံရပ်မိချိန်၌ အိမ်တွင်းမှ ယောင်္ကျားဖြစ်သူ၏ အသံကိုကြားလိုက်ရချိန်တွင် သူမ အလွန်အံ့သြခဲ့ရသည်။

“မိန်းမရေ မင်းဘယ်တွေလျောက်သွားနေလဲကွာ ငါစိုးရိမ်လိုက်ရတာ မိုးရွာထဲမှာ မင်းဒုက္ခရောက်နေပီလား ထင်နေတာ အဲဒါကြောင့် မောင်လေ မင်းနောက်ကို အခုပဲလိုက်ခဲ့မလို့ ပြင်ဆင်နေတာမိန်းမရေ”လို့ ပြောပြောဆိုဆို သူမကို နွေးထွေးသော တံဘက်ရှည်ဖြင့် ထွေးပတ်ကာ အိမ်ထဲသို့ တွဲခေါ်သွားလေသည်။ ဤသည်မှာ သ၀န်တိုစိတ်ရှိသော်လည်း အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားတတ်သော သူတစ်ယောက်၏ အိမ်ပြန်ချိန်နောက်ကျသော ဇနီးကို ကြိုဆိုသည့် အဖြစ်လေးတစ်ခုဖြစ်သည်။

img04.jpeg
Credit image source

သူတို့ ဇနီးမောင်နှံနှင့်ဆန့်ကျင်ဘက် အခြားသော ဇနီးမောင်နှံနှစ်ယောက်မှာကား လင်ယောင်္ကျားမှာ သ၀န်တိုသည်၊ အသောက်အစားနှင့် ဒေါသကြီးသူတစ်ယောက်ဖြစ်သည်။ သူတို့ နှစ်ယောက်၏ အိမ်ပြန်ချိန်နောက်ကျသော ဇနီးသည်အား ယောင်္ကျား၏ ကြိုဆိုပုံကား “ဒီအချိန်ကျမှ ပြန်လာတာ မင်းက အငယ်အနှောင်း လင်ငယ်များ ရှိနေပီလားဟင်၊ ငါစိတ်ပူနေတာ မင်းမသိဘူးလား၊ ကြည့်စမ်း မိုးရေထဲမှာ ဘယ်လောက်များ အကြည်ဆိုက်လာတယ်မသိဘူး တစ်ကိုယ်လုံးစိုရွှဲနေတာပဲ၊ မင်းအိမ်ပေါက်ဝမှာပဲ သေလိုက်တော့ကွာ”တဲ့။

ကဲ သ၀န်တိုသူ ယောင်္ကျားနှစ်ယောက်ရဲ့ စိတ်ထားမတူတော့ တုန့်ပြန်ပုံမတူတာကို စာရှုသူများ တွေ့လိုက်ရမည် ထင်ပါတယ်။ တကယ်တော့ သ၀န်တိုကြတာခြင်းအတူတူ ဘာကြောင့် တုန့်ပြန်ပုံမတူရတာလဲဆိုတာ မေးစရာပါ။ ဒါကတော့ သူတို့တွေရဲ့ ပြဿနာကို မြင်တတ်တာခြင်း ကွာခြားသွားလို့ပါပဲ။ အကောင်းမြင်တတ် စဉ်းစားချင့်ချိန်တတ်သူနှင့် အဆိုးမြင်တတ် မစဉ်းစားမချင့်ချိန်တတ်သူ ထိုသူတို့နှစ်ဦး၏ ဘ၀လမ်းတို့သည် အသွင်ကွဲပြား တလမ်းစီသွားနေကြမည် ဖြစ်သည်။

ထိုသူတို့ ဇနီးမောင်နှံ နှစ်ခု၏ စိတ်နှလုံးတို့တွင် မည်သူတို့၏ စိတ်နှလုံးသည် ပို၍ငြိမ်းချမ်းမည်နည်း။ သ၀န်တိုသည်ခြင်းအတူတူ မည်သူ၏ သ၀န်တိုခြင်းက လှပမည်နည်း။ စာရှုသူတို့တွင် တိကျသောအဖြေတစ်ခုတော့ ရှိနေမည်ဟု ကျွန်တော်မှတ်ယူလိုက်ပါသည်။

DQmNuF3L71zzxAyJB7Lk37yBqjBRo2uafTAudFDLzsoRV5L.gif

OriginalWork by shwemon@shwemon

MSU 045