စိန်တလုံး

Words
147
Reading
1 min
8y
Listen to this post
~1 min

  အသီးမှာသရက် အသားမှာဝက်တဲ့ ဆိုလိုတာက အသီးတကာမှာ သရက်သီးက စားလို့အကောင်းဆုံး ဖြစ်ပြီး အသားတကာမှာ ဝက်သားက စားလို့အကောင်းဆုံးလို့ ဆိုလိုတာပါ။ ဒီအချိန်က သရက်သီးတွေ လှိုင်လှိုင်ပေါ်ချိန်ဆိုတော့ သရက်သီးတွေကို အစိမ်းစားလို့တမျိုး အမှည့်တမျိုး မရိုးရအောင် အသီးမတုန်းခင်လေး စားရသည်မို့ အားရပါးရ ရှိလှပေသည်။   

  ဒီနေ့လည်း ဈေးထဲမှာ စိန်တစ်လုံး သရက်သီးတွေ့သည်မို့ ဝယ်လာဖြစ်သည်။ နေ့လယ်ခင်း ထမင်းစားပြီးရင် အချိုတည်းဖို့လေ။ ပြောလို့ပြောတာမဟုတ် ခုခေတ်ကြီးကလည်း ဘာစားလို့ စားရမယ်မသိအောင်ကိုပင် ဓာတုဆေးဝါးနဲ့ လွတ်ကင်းတဲ့ စားစရာဆိုတာက ခပ်ရှားရှားသား။ ငပိဆိုလည်း ဓာတ်မြေသြဇာ ရန်ကနေ ကြောက်ရသေး။ အသားဟင်းစားမယ် ကြက်သား ဝက်သား စားမယ်ဆိုတော့လည်း ကြီးထွား စတီးရွိုက် ဟော်မုန်းဆေးရန်က ကြောက်ရ။ အသီးအရွက် ကျပြန်တော့လည်း မလွတ်။ ဓာတ်မြေသြဇာ အကြွင်းအကျန် ဘေးက ကြောက်ရသေး။   

  စိန်တလုံးက အိမ်ကအပင်ကဟာကို ခူးရောင်းတယ်ပြောတယ်။ ဆေးလည်း မတို့ပါဘူး။ သဘာဝ အတိုင်းပါ ဆိုပြီးတော့ အာမခံနေတော့လည်း ဝယ်ဖြစ်သွားတယ်။   

  မဆိုးပါဘူး။ စားရတာ။ ကျွန်တော်တို့ဘက်မှာက သရက်သီးဆို စိန်တလုံးတို့ မြကျောက်တို့က နာမည်ကြီးပဲလေ။ နာမည်ကြီးဆို … အနံ့ရော အရသာပါ ပြည့်စုံတာကိုး။ လျှာပေါ်တင်လိုက်တာနဲ့ ပျော်ဝင်သွားတဲ့ အရသာ၊ အနံ့၊ ချိုမြမှု စတာတွေက သရက်သီးရဲ့ ကောင်းမွန်ခြင်း အင်္ဂါရပ်တွေပါပဲ။ များသောအားဖြင့် သရက်သီးမှည့်တွေ မပေါ်သေးခင်ဆို စိမ်းစားသရက်သီးတွေကတော့ အရင်းဆုံး အသုံးတော် ခံရတာပါ့။  

  ကျွန်တော်နဲ့ထပ်တူ မိတ်ဆွေတို့လည်း သရက်သီးကို ကြိုက်မယ် ထင်ပါတယ်။ သရက်သီးပေါ်ချိန်ဆို သရက်ပျဉ်စား ရတာလည်း အလွန်ကြိုက်တာပါ့။   

  သရက်ပျဉ်လုပ်နည်းကလည်း သိပ်တော့ အခက်ကြီးမဟုတ်ပါဘူး။ သို့ပေမယ့် ကရိကထ များပြီး လုပ်စားမယ့်အစား ဈေးမှာပဲ လွယ်လွယ်ကူကူ ဝယ်စားလိုက်တာက ပိုများပါတယ်။ မိမိကိုယ်တိုင် လုပ်စားရင် စားကောင်းချင်မှ စားကောင်းမှာ ဖြစ်ပေမယ့် ဝယ်စားတဲ့အခါကျတော့ မိမိအကြိုက်ကို ရွေးချယ်လို့ ရတာပေါ့။   

  မိတ်ဆွေတို့လည်း သရက်သီးကြိုက်တတ်တယ်ဆိုရင် သရက်သီးရာသီ မတုန်းခင်လေး အမြန်ဝယ်စား ဖြစ်အောင် ဝယ်စားပါလို့ တိုက်တွန်းလိုက်ပါရစေ။  

  အင်း …. YUMMY!! YUMMY!!  

  Author @shankhunsam