ကျွန်တော်နှင့်စာအုပ်စာပေ(၂)

Words
313
Reading
2 min
8y
Listen to this post
~2 min

  ကျွန်တော်နှင့်စာအုပ်စာပေ (၁) တွင် စာအုပ်စာပေများကို ကျွန်တော်မည်မျှ အရူးအမူး ဖြစ်ခဲ့ကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ 

  ဆရာ့ဆရာများရဲ့ စာပေများကို ဖတ်ရှုရင်း စာရေးချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လို့ လာပါတယ်။ ဒါကြောင့်မို့ စာရေးရန် ကျွန်တော်ကြိုးစားပါတယ်။ သို့သော်လည်း စာရေးခြင်း အတတ်ပညာ ဟူသည်ကား အလွန်ပင် ခက်ခဲပေစွ။ ဝါကျတစ်ကြောင်းပင် ကောင်းမွန်စွာ ထွက်ပေါ်မလာသေးပေ။

  စာရေးရန် လမ်းစရပြီ

  ကျွန်တော် နဝမတန်း ကျောင်းသားဘဝမှာ မြန်မာစာ ကျူရှင် ယူပါတယ်။ ကျူရှင် ဆရာသည် တက္ကသိုလ်မှာ တတိယနှစ် တက်ရောက်နေတဲ့ ဆရာပါ။ သို့သော်လည်း ထိုဆရာမှာ ဆိုကရေးတီးပြိုင်ပွဲများမှာ ပြည်နယ်အဆင့် အရေး၊ အတီးပိုင်းမှာ ဂုဏ်ထူးဆောင် ဆုတံဆိပ်ရှင် ဖြစ်ပါတယ်။ မဂ္ဂဇင်း၊ စာစောင် များမှာလည်း ကလောင်းအမည် အမျိုးမျိုးနဲ့ စာရေးနေသူဖြစ်ပါတယ်။ ဆရာက အလွန်အသင်အပြကောင်းပါတယ်။

 များသောအားဖြင့် မြန်မာစာဆရာများမှာ စာစီစာကုံးရေးနည်းကို အထူးတလည် သင်လေ့မရှိပေမယ့် ထိုဆရာမှာ သင်ကြားပေးပါတယ်။ အကြောင်းအရာ ခေါင်းစဉ်လေး တစ်ခုပေးပြီး ၁၀ မိနစ် ၁၅ မိနစ် စသဖြင့် အချိန်ပေးကာ  စာကြောင်းရေ အကန့်အသတ်နဲ့ လက်တန်း စာရေးခိုင်းပါတယ်။ ဥပမာ "လမိုက်ည တစ်ညမှာ သင့်အိမ်ကို ပြန်လာချိန် ခံစားချက်" စသဖြင့်ပေါ့။ ဆရာက တပည့်တွေရဲ့ စာရေးသားမှုကို တဖြည်းဖြည်း လက်ရေတက်လာအောင် ဆွဲခေါ်ပါတယ်။ မြန်မာ ကဗျာ အသင်အပြတွေလည်း အလွန်ကောင်းပါတယ်။  

တစ်နေ့ ဆရာအိမ်ကို အလည်အပတ်သွားရင် ဆရာရေးထားတဲ့ ဆောင်းပါး၊ ဝတ္ထု တွေကို ထုတ်ပြတော့ ကျွန်တော်လည်း စာရေးတာကို ဝါသနာပါကြောင်း၊ ဆရာ့ အနေနဲ့ တပည့်ကို လမ်းညွှန်ပေးပါဦးဆိုတော့ ကျွန်တော့်ကို မြန်မာကဗျာ ဖွဲ့နည်း ဆိုတဲ့ စာအုပ်ကို လက်ဆောင်ပေးပါတယ်။ အဲ့ဒီစာအုပ်ထဲမှာ လေးလုံးစပ်၊ သံပေါက်ကအစ ဘောလယ်အဆုံး မြန်မာကဗျာ ဖွဲ့နည်းပေါင်းစုံကို စုံစုံလင်လင် ရေးသားထားပါတယ်။ မြန်မာကဗျာ ဖွဲ့နည်းစာအုပ်ကို လေ့လာလိုက်ရတဲ့ အတွက် ကျွန်တော့်အတွက် မြန်မာကဗျာများ ရေးသားဖွဲ့နွဲ့ရန် အခွင့်အလမ်း လမ်းစပွင့် လာပါတယ်။ ကဗျာများကို ကြိုးစားဖွဲ့ကြည့်ရင်း အခွင့်အရေး တစ်ရပ်က ရလာပါတယ်။ တစ်နေ့ လွတ်လပ်နေ့မှာ ကဗျာပြိုင်ပွဲ ဝင်ရောက်ပြိုင်ကြည့်ရန် စာရင်းပေးလိုက်ပါတော့တယ်။ ကျွန်တော်လည်း ပေးထားတဲ့ ကဗျာခေါင်းစဉ်နဲ့အညီ လေးလုံးစပ် ကဗျာတစ်ပုဒ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ ဒုတိယဆုရတာပေါ့။ ပထမဆုကိုတော့ ကျွန်တော်တို့ အခန်းထဲက မိန်းကလေးတစ်ယောက်က ရပါတယ်။ သို့သော်လည်း ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ကျွန်တော့ကဗျာကို ကျွန်တော်အတွေး၊ ကျွန်တော့် ကိုယ်တိုင် ဖွဲ့တာဖြစ်သော်လည်း ထိုမိန်းကလေးမှာ သူ့အမေက မြန်မာစာ ဆရာမ ဖြစ်တာပေါ့ သူ့အမေက စပ်ပေးတဲ့ ကဗျာကို အလွတ်ကျက်ပြီးဝင်ပြိုင်တာပါ။ ဆိုတော့ တရားမျှတမှုတော့ မရှိပေမယ့် ကျွန်တော့အရည်အချင်းနဲ့ ကျွန်တာ် ဒီအဆင့်ထိ ရတာ အလွန်ပဲ ဝမ်းမြောက်ဂုဏ်ယူလှပါတယ်။  

ဒီလိုနဲ့ တစ်မျက်နှာဝတ္ထုလေးတွေ၊ မဂ္ဂဇင်းတိုက်များက ပြုလုပ်တဲ့ ကလောင်သစ် ပြိုင်ပွဲတွေကို စာမူတွေပို့ရင်း ကျွန်တော်အချိန်ကုန်လေ့ရှိပါတယ်။ သို့သော်လည်း အရွေးခံရတာတော့ မရှိသေးပါဘူး။  

  မှတ်တိုင်တစ်ခုစိုက်ထူနိုင်မှု  

  ကျွန်တော့ဘဝအတွက် ဝမ်းသာလုံးဆို့ရတဲ့ နေ့တွေထဲတစ်ခုလည်း ဖြစ်ပါတယ်။ တစ်နေ့ စာတိုက်ကနေ ပါဆယ်တစ်ထုပ်ရောက်လာပါတယ်။ ဘယ်ကလည်းဆိုတော့ ရယ်စရာမဂ္ဂဇင်းတိုက်ကပါ။ ကျွန်တော်မှတ်မိပါသေးတယ်။ အယ်ဒီတာချုပ် ရဲစတိုင် လက်မှတ်ထိုးထားတဲ့ အမှတ်တရ မဂ္ဂဇင်း တစ်အုပ်နဲ့ စာတိုက်မှာ စာမူခ တစ်ထောင်ကျပ် သွားပြီး ထုတ်ရပါတယ်။ များလှတဲ့စာမူခ မဟုတ်ပေမယ့်လည်း ကျွန်တော်အလွန်ပျော်ပါတယ်။ ဆမ်အယ်ဆိုတဲ့ကလောင်အမည်နဲ့ "ယုန်ထောင်ကြောင်မိ" ဆိုတဲ့ တစ်မျက်နှာ ဟာသဝတ္ထုလေး အရွေးခံရတာပါ။ ဘဝမှာ အလွန်ပျော်ရွှင်ခဲ့ရတဲ့ မှတ်တိုင်လေးတစ်ခုပေါ့။   

  ဒီနောက်ပိုင်းနှစ်တွေမှာတော့ ၁၀ တန်းစာမေးပွဲအတွက် လုံးပန်းရင်းနဲ့ စာတွေလည်း မရေးဖြစ်တော့ပါဘူး။ ကဗျာလေးတွေတော့ အားရင် အားသလို စပ်ရင်းနဲ့သာ မိမိကိုယ်ကို မိမိကျေနပ်လို့နေပါတော့တယ်။ စာရေးသားခြင်းကို အဆက်ပြတ် သွားလိုက်တာ ကျွန်တော် အလုပ်ရတော့ မြန်မာစာအရေးအသားကို ပြန်လည်ပြီး လေ့ကျင့်ရပြန်ပါတော့တယ်။ ဘာလို့ဆို အလုပ်က ထွက်စာတွေ အစီရင်ခံစာတွေ အမိန့်စာတွေ ရေးသားရတဲ့အခါ မြန်မာစာဝါကျ ဖွဲ့စည်းပုံဟာ အလွန်ပဲ အရေးပါလာပါတော့တယ်။ မြန်မာစာကို စာကိုစာလို မရေးတတ်ရင် မိမိဆိုလိုရင်းတွေ ပျောက်ပြီး ကကျိုးကကြောင်စာတွေ ထွက်လာမှာလေ။ ကျွန်တော်မျက်စိရှေ့မှာတင် ပြန်တမ်းဝင်အရာရှိတချို့ အစီရင်စာလေးတစ်စောင်တောင် ဖြောင့်ဖြောင့် တန်းတန်း မရေးနိုင်တာတွေ စာအရေးအသား အားနည်းတာတွေကို တွေ့ခဲ့ရပါတယ်။ သူတို့ကတော့ နှုတ်နဲ့ ဒီလိုဒီလို ဖြစ်ချင်တာ ဒါပေမယ့် စာနဲ့ ချရေးလိုက်တော့ ဝါကျတွေက အမြီးအမြောက်မတည့် ဖြစ်ကုန်ပါတော့တယ်။ ဒါကြောင့်မို့ တစ်ချို့တွေကပြောတယ်။ ဟာ …. မြန်မာစာကို ဘာလို့သင်နေရမှာလည်းကွာ … နေ့တိုင်းပြောနေရတာပဲ … မြန်မာက မြန်မာစာကို မွေးကတည်းက တတ်တယ်ဆိုပဲ … လုပ်ကြည့်လိုက်လေ …. တကယ် လွယ်သလား မလွယ်လားဆိုတာကိုပေါ့။  

  ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။  

  Author @shankhunsam

ကျွန်တော်နှင့်စာအုပ်စာပေ(၂) | Ecency