Stop Rape!!!

Words
330
Reading
2 min
Listen
Play
9y

ခုတစ်လော ကျမတို့နိုင်ငံအတွင်းမှာရှိတဲ့ နေရာအနှံ့အပြားမှာရော, လူမှုကွန်ယက်မှာရောပါ စိတ်မချမ်းမြေ့စရာတစ်ခုအဖြစ် နေ့စဉ်နဲ့အမျှ ကြားနေမြင်နေရတဲ့ အရာတစ်ခုကို ဆွေးနွေးခြင်ပါတယ်။နိစ္စဓူဝဖြစ်ပျက်လေ့ရှိတဲ့ ပြစ်မှုပေါင်းမြောက်များစွာထဲက တစ်ခုဖြစ်တဲ့ မုဒိန်းမှုနဲ့ပါတ်သက်ပြီး ဒီတစ်ပါတ်ဆောင်းပါးလေးမှာ သမီးမိန်းကလေးမွေးထားတဲ့ အမေတစ်ယောက်အနေနဲ့ ကျမရဲ့အမြင်တစ်ချို့ကို တင်ပြခြင်ပါတယ်။စိတ်ဓါတ်အောက်တန်းကျမှု ယုတ်မာရက်စက်မှုများကို အခြေခံထားတဲ့ ဒီပြစ်မှုကြီးရဲ့ နောက်ဆက်တွဲမိုက်ရိုင်းမှုတွေအနေနဲ့ တစ်နေ့ထက်တစ်နေ့ ကလေးသူငယ်လေးများအပေါ်မှာ ပစ်မှတ်ထားလာကြတဲ့ အဖြစ်အပျက်တွေ ပေါများလာတာကိုလည်း ကျမတို့ရင်နာနာနဲ့ တွေ့မြင်နေရပါတယ်။ဘာ့ကြောင့် မုဒိန်းမှုတွေ များသထက်များလာရသလဲ?ဘယ်အရာကိုအခြေခံပြီး လူမဆန်တဲ့ အနိုင်ကျင့်သတ်ဖြတ်မှုတွေအထိ ဖြစ်နေရလောက်အောင် ယုတ်မာနေကြသလဲ?ဒီလို ရင်နာစရာအဖြစ်ဆိုးတွေ မဖြစ်ရအောင် ဘယ်လိုကာကွယ်မလဲ,ဘယ်လိုအပြစ်ဒဏ်တွေပေးကြမလဲ?ကျမတို့ကလေးငယ်တွေကိုရော sex educationနဲ့ပါတ်သက်တဲ့ အသိပညာတွေကိုဘယ်လို သင်ကြားပေးသွားမလဲ?စတဲ့ အတွေးပေါင်းမြောက်များစွာနဲ့ ဒီဆောင်းပါးလေးကို ရေးသားဖို့ ကျမဆုံးဖြတ်လိုက်ရခြင်းပဲ ဖြစ်ပါတယ်။
FB_IMG_1519483073787.jpg
ကျမဒီဆောင်းပါးမရေးခင် ၂ရက်လောက်အလိုမှာ မုဒိန်းမှုနဲ့ပါတ်သက်ပြီး တဖြည်းဖြည်း လျော့ပါးလာအောင်ဆိုပြီး အကြံပြုရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို လူမှုကွန်ယက်စာမျက်နှာ ကျမဖတ်ရှုလိုက်ရပါတယ်။များသောအားဖြင့် ကျမရဲ့အားလပ်ချိန်တွေမှာ facebookသုံးတိုင်း သမီးမွေးထားတဲ့အမေတစ်ယောက်အနေနဲ့ ကာကွယ်ဆုံးမတဲ့နေရာမှာ ကိုယ့်ထက်ပိုပြီး အသိဥာဏ်ရင့်ကျက်နိုင်မယ့် ပုဂ္ဂိုလ်တွေရဲ့ sex educationနဲ့ ပါတ်သက်တဲ့ အကြံပြုချက်တွေ ဆောင်းပါးတွေနဲ့ ကလေးနဲ့ပါတ်သက်တဲ့ ပညာရေး ကျန်းမာရေးဆောင်းပါးတွေ အဓိကထားပြီး ရှာဖွေဖတ်ရင်းနဲ့ဘဲ အချိန်ကုန်လေ့ရှိပါတယ်။သက်ငယ်မုဒိန်း ရွယ်တူမုဒိန်း စတဲ့ အမှုတွေပေါ်ပေါက်တိုင်းလည်း ကျမတို့လိုမိန်းမသားတွေ မိခင်တွေက သာမန်အမျိုးသားတွေထက်ပိုပြီး အသည်းနာ စိတ်မကောင်းဖြစ်ရပါတယ်။ဒါပေမယ့် ခုကျမဖတ်လိုက်ရတဲ့ ဆောင်းပါးမှာတော့ မုဒိန်းမှုနဲ့ပါတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ရေးသားထားတဲ့ စာရေးသူက အမျိုးသားတစ်ဦးဖြစ်နေပါတယ်။
အမျိုးသားတစ်ဦးအနေနဲ့ ကျမတို့လိုမိန်းမသားတွေနဲ့ယှဉ်ရင် ကိုယ့်ပါတ်ဝန်းကျင်က ရင်းနှီးသူမိန်းကလေးတွေမဟုတ်ရင် အရမ်းကြီးမခံစားတတ်, ဖာသိဖာသာနေတတ်ကြတဲ့ ယောက်ကျား(တစ်ချို့)ကြားမှာ မိန်းမသားတွေကို ကာကွယ်နိုင်စေမယ့် နည်းလမ်းတွေပါဝင်မယ်ထင်ရတဲ့ မုဒိန်းမှုကြီးကိုလျော့ပါးစေနိုင်မယ့် နည်းလမ်းကောင်းတွေကို ရေးသားထားနိုင်မယ်ထင်လို့ ကျမလည်း အားကိုးတစ်ကြီးနဲ့ ဖတ်လိုက်မိပါတယ်။စိတ်ဓါတ်မကောင်းတဲ့ ယောက်ကျားတွေတစ်ချို့ရဲ့လုပ်ရပ်တွေ လျော့ပါးပျောက်ကွယ်သွားအောင် အမျိုးသားတစ်ယောက်အနေနဲ့ ရေးသားထားတာဖြစ်လို့ ကျမတို့ မိန်းမသားတွေထက် ပိုပြီး သိနိုင် မြင်နိုင်ပြီး ထိရောက်နိုင်မယ့် အတွေးအမြင်တွေပါတဲ့ postတစ်ခုဖြစ်လိမ့်မယ်လို့လည်း ထင်မိလိုက်ပါတယ်။ဒါပေမယ့် သူ့postကိုဖတ်ပြီးတဲ့အချိန်မှာ ကျမတော်တော်ဒေါသထွက်မိပါတယ်။ရှည်ရှည်ဝေးဝေး ရေးထားတဲ့ သူ့postရဲ့ အကြံပြုချက်ကိုခြုံငုံပြောရမယ်ဆိုရင် မုဒိန်းမှုတွေ တစ်နေ့တစ်ခြားဖြစ်လာရတယ်ဆိုတာ ပိုက်ဆံပေါပေါနဲ့ လွယ်လွယ်ဝယ်စားလို့ရနိုင်မယ့် ဘိတွေမရှိတော့လို့ လို့သူကပြောပါတယ်။ပစ်မှုတွေဖြစ်လာရင်လည်း ကျူးလွန်သူကို ပြစ်မှုအကြီးစားတွေ သေဒဏ်တွေပေးတာလဲ မထိရောက်ဘူးလို့ ဆိုပါတယ်။postတစ်ခုလုံးမှာ လွယ်လွယ်ရနိုင်တဲ့ ဈေးပေါတဲ့ ဘိတွေ များများပေါ်ပေါက်လာဖို့ကိုဘဲ သူတွင်တွင်တောင်းဆိုနေပါတယ်။အဲ့လိုမှ မဟုတ်ရင် ဒီအမှုတွေနေ့စဉ်နဲ့အမျှဖြစ်လာလိမ့်မယ်လို့လည်း ရေးထားပါတယ်။ကျမကတော့ ပွဲလန့်တုန်း ဖျာခင်းတယ်လို့ဘဲ မြင်မိပါတယ်။လူတစ်ယောက်နဲ့တစ်ယောက်မတူနိုင်တာမို့ သူ့အမြင်ကို ထောက်ခံသူများလည်း ရှိကောင်းရှိနိုင်ပါတယ်။ကျမလည်း အသိဥာဏ် ပြည့်စုံရင့်ကျက်လွန်းသူတစ်ဦးမဟုတ်သေးတဲ့အတွက် ထောက်ခံသူတွေကိုမှားတယ် မှန်တယ်လို့လည်း မဝေဖန်သင့်တာကို ကျမကိုယ်တိုင် နားလည်ပါတယ်။ကျမရဲ့အမြင်သက်သက်ကိုသာ ပြောဆိုဆွေးနွေးခြင်းဘဲ ဖြစ်ပါတယ်။
FB_IMG_1519483143552.jpg
ပထမအချက် သူပြောသလို ကျမတို့မြန်မာနိုင်ငံမှာ တရားဝင်ဘိတွေ ရှိသင့်တယ်ဆိုတာမှန်ပါတယ်။သူ့ရည်ရွယ်ချက်လို စိတ်ထတိုင်း မုဒိန်းမှုမဖြစ်အောင် ဈေးပေါပေါနဲ့ လွယ်လွယ်အသုံးချနိုင်အောင် ဓားစားခံလုပ်ဖို့တော့မဟုတ်ပါဘူး။ဘဝပေးအခြေအနေအရ ဘယ်သူ့အသိုက်အမြုံမှ မဖျက်ဆီးဘဲ ခန္ဓာကိုယ်ရင်းပြီး ကိုယ့်ဘာကိုယ်ရဲရဲတင်းတင်းငွေရှာနေတဲ့ အပျော်မယ်တွေအပေါ်မှာထပ်ပြီး ခေါင်းပုံဖျက်မှုတွေ,ရက်စက်မှုတွေမရှိတော့အောင် မုဒိန်းမှုတွေလျော့ပါးအောင်သာ ရှိသင့်တာပါ။သူပြောသလို အဲ့လိုဘိတွေမရှိရင် မုဒိန်းမှုတွေလွယ်လွယ်ဖြစ်မယ်ဆိုတာတော့ အဖြေမဟုတ်ပါဘူး။စောင့်ထိန်းမှုတွေ သိမှုမြင့်မားမှုတွေဆိုတဲ့အရာတွေကို သူထည့်မတွက်ထားပါဘူး။နောက်တစ်ခုက ပြစ်မှုကျူးလွန်သူကို သေဒဏ်ကဲ့သို့သော ကြီးလေးတဲ့ပြစ်မှုတွေ ပေးတာလဲမထိရောက်ဘူးဆိုတာလဲ မှားပါတယ်။
FB_IMG_1519482924283.jpg
ကျမတို့နိုင်ငံအနေအထားအရ မိဘတွေအနေနဲ့ သားသမီးတွေကို အနိုင်ကျင့်သွားတဲ့ တရားခံကိုသာသေဒဏ်ပေးလိုက်ရင် နောက်တစ်ချိန်မှာ ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုများကြောင့် သားသမီးရဲ့အသက်အန္တရာယ်တွေပါ ထိခိုက်နိုင်မယ့်အရေးကို ကြိုတွေးပြီး လက်လျှော့တတ်ကြပါတယ်။ဒါပေမယ့် ခုနောက်ပိုင်းမုဒိန်းမှုတွေမှာတော့ ယုတ်မာမှုတွေသာမက ရက်ရက်စက်စက်သတ်ဖြတ်မှုတွေအထိပါ ရောင့်တက်ပြီး ကျူးလွန်လာကြပါတယ်။ဆိုတော့ကား သူတို့မကျေနပ်လို့လာသတ်တာနဲ့ မကြုံရလည်း အရှက်နဲ့အတူအသက်ပါပေးလိုက်ရတဲ့အဖြစ်တွေ အများကြီးရှိနေပါတယ်။နုနယ်လွန်းတဲ့ကလေးငယ်တွေ ကြုံလိုက်ရတဲ့သက်ငယ်မုဒိန်းမှုတွေဆိုရင် မသေရုံတမယ် ခံစားကြရတာပါ။
FB_IMG_1519483039756.jpg
မုဒိန်းသမားအများစုက သူတို့ရဲ့အောက်တန်းကျတဲ့အငုံ့စိတ်ကို အခြေခံပြီး ရက်စက်ယုတ်မာလေ့ ရှိပါတယ်။သာမန်အမှုလို စိတ်ဆိုးဒေါသထွက်ရင်း ရန်ဖြစ်ရင်း လက်လွန်သွားတဲ့အမှုမဟုတ်ပါဘူး။ပထမအဆင့်ဖြစ်သွားတဲ့ ကိုယ့်ရဲ့ယုတ်မာမှုကို ဖုံးကွယ်ခြင်လို့ စိမ်ပြေနပြေညှဉ်းပန်းနှိပ်စက်ရင်း ရက်ရက်စက်စက်သတ်ဖြတ်နေကြတဲ့ ဒီလိုမုဒိန်းကောင်တွေအတွက် သေဒဏ်မှတစ်ပါး တခြားသောကြီးလေးတဲ့ အပြစ်ဒဏ်ဆိုတာမရှိပါဘူး။အစစ အရာရာ စီးပွါးရေး ပညာရေး လူမှုရေးတွေ နိမ့်ကျနေတဲ့ ကျမတို့နိုင်ငံမှာ ရေရှည်မှာ တဖြည်းဖြည်း ဒီလိုအမှုတွေလျော့ပါးလာဖို့ sex educationလို အသိပညာတွေဖြန့်ဝေနိုင်ဖို့ တစ်ဖက်တစ်လမ်းကဝိုင်းဝန်း ကြိုးစားနေကြသလို လတ်တလောအခြေအနေအရလည်း လူယုတ်မာတွေ နောင်ကျဉ်သွားအောင် မုဒိန်းမှုကျူးလွန်တဲ့တရားခံမှန်သမျှကို သေဒဏ်ပေးသင့်ပါတယ်။ကရုဏာရှေးရှုပြီးလည်း ငါးနှစ်တစ်ခါ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲလည်း လူယုတ်မာတွေကို မထည့်သင့်ပါဘူး။
FB_IMG_1519483116321.jpg
မုဒိန်းမှုကျူးလွန်သူတော်တော်များများက ဆင်းရဲချမ်းသာ လူကြီးလူငယ်မရွေး (စိတ်ဓါတ်နိမ့်ပါးသူတော်တော်များများ)ဖြစ်ကြတာမို့ တရားခံကိုသာ သေဒဏ်မပေးဘဲ ထောင်ချရုံဘဲချထားမယ်ဆိုရင်(ကျူးလွန်သူက ခံရတဲ့သူထက်အင်အားကြီးနေမယ်ဆိုရင်) ထိုတရားခံလွတ်မြောက်တဲ့ နောင်တစ်ချိန်မှာ ခံရတဲ့မိန်းကလေးအပါအဝင်မိသားစုပါ အန္တရာယ်ရှိနိုင်တဲ့အနေထားတွေလည်း ကြုံရနိုင်ပါတယ်။အင်အားကြီးသူတွေအတွက် ထောင်ဆိုတာ အနားယူအပန်းဖြေစရာ နေရာတစ်ခုလည်း ဖြစ်သွားနိုင်တဲ့အတွက် ကျူးလွန်တဲ့ယုတ်မာသူဘယ်သူမဆို အကုန်အပြတ်ဖြတ်သင့်ပါတယ်။လူ့ပါတ်ဝန်းကျင်ကိုဒုက္ခပေးမယ့် လူမှန်သမျှမြန်မြန်ပျောက်ကွယ်သွားဖို့ လိုအပ်ပါတယ်။
FB_IMG_1519483019113_1519483723875.jpg
နောက်တစ်ချက်ပြောခြင်တာကတော့ ကျမတို့မိဘတွေအနေနဲ့ သားသမီးတွေကို sex educationနဲ့ပါတ်သက်တဲ့ အသိပညာတွေကို အသက်အရွယ်အလိုက် သားသမီးတွေနားဝင်မယ့်အနေအထားလေးနဲ့ ဆုံးမသွန်သင်သင့်ပါတယ်။sex educationနဲ့ပါတ်သက်တဲ့ အသေးစိတ်ဆုံးမရမယ့် ပုံစံလေးတွေကိုတော့ ကျမကိုယ်တိုင်လည်း သမီးမွေးထားတဲ့အမေတစ်ဦးဖြစ်တဲ့အလျောက် လက်လှမ်းမီသမျှ ဟောပြောပွဲဆောင်းပါးလေးတွေ ကိုယ့်ထက်အသိဥာဏ်ရင့်ကျက်တဲ့ မိဘတွေတော်တော်များများရဲ့အကြံပြုချက်တွေကို သမီးလေးအရွယ်ရောက်တဲ့အခါ ဆုံးမနိုင်ဖို့ ကြိုးစားလေ့လာနေပါတယ်။အခုချိန်မှာ ကျမကိုယ်တိုင်လည်း sex educationနဲ့ပါတ်သက်တဲ့ အသိပညာတွေကို လေ့လာနေဆဲမိခင်တစ်ဦးဖြစ်လို့ မပြည့်စုံသေးတဲ့အတွက် အမှားတစ်စုံတစ်ရာပါသွားမှာစိုးလို့ ဒီဆောင်းပါးမှာတော့ အသေးစိတ်ထည့်မရေးတော့တာကိုလည်း နားလည်ပေးစေခြင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင် လူယုတ်မာတွေရဲ့ရက်စက်မှုတွေအောက်မှာ ကျရှုံးသွားရတဲ့ သက်ငယ် သက်လတ် သက်ကြီး စတဲ့မုဒိန်းမှုတွေ လျော့ပါးအောင် ကျမတို့အားလုံးတတ်နိုင်သလောက် အမျိုးသမီးတွေရော အမျိုးသားများပါ အားတက်သရော လက်လှမ်းမီသလောက် ပါဝင်ပြီးကူညီစောင့်ရှောက်စေခြင်ပါတယ်။မိဘတွေအနေနဲ့လည်း သားသမီးတွေကို အရွယ်အလိုက်သိသင့်တဲ့ sex educationနဲ့ပါတ်သက်တဲ့ အသိပညာဗဟုသုတလေးတွေ ပေးနိုင်အောင်ကြိုးစားကြပါလို့ တိုက်တွန်းရင်း ကျမရဲ့ဆောင်းပါးလေးကို နိဂုန်းချုပ်လိုက်ပါတယ်။
Author:sandipoe@sandipoe
MSC.035
Credit for all photo from facebook search.
IMG_20180223_153035.jpg

Stop Rape!!! | Ecency