မင်းမသိတဲ့အကြောင်းတွေ

putulay(40)
Published in
#esteem
Words
58
Reading
1 min
Listen
Play
8y

image

ဘာမှမဖြစ်ဘူးလို့ ကိုယ်ပြောတိုင်း
တစ်ခုခုဖြစ်နေခဲ့တာ မင်းမှမသိပဲ
ဖြေရှင်းလို့မပြေလည်နိုင်တဲ့အခါ
တိတ်ဆိတ်ခြင်းကို ရွေးလိုက်ရတယ်
ဒီလိုနဲ့ နာကျင်စရာကိုလည်း
မနာကျင်သလို နေပြတတ်လာတယ်။

အသည်းမာသူကြီးလို့ မင်းထင်မှာပေါ့
ရေခဲမြစ်လို အပေါ်ယံမာကြောပြီး
အတွင်းထဲ လှိုက်စီးနေတဲ့မျက်ရည်တွေ
မင်းမှမသိပဲ
ကြာတော့လည်း ဝမ်းနည်းတာကို
ဝမ်းမနည်းသလို ဟန်လုပ်တတ်လာတယ်။

မချစ်လို့မဟုတ်ဘူး
သိပ်ချစ်လွန်းရင်လည်း လူအအိမ်မက်မက်သလိုပဲ
ပြန်ပြောပြစရာ စကားလုံးမလုံလောက်တဲ့အခါ
ရင်ထဲအပြည့် ပြောချင်ပေမယ့်
ပြောစရာမရှိသလိုနေမိတယ်။

မင်းမရှိတဲ့ အခန်းရောက်မှ
မင်းမသိတဲ့အလွမ်းတွေ ပွင့်အန်ရတဲ့ကောင်ပါ
အားအားရှိ မင်းရှေ့မှာလွမ်းပြမနေချင်တဲ့မာနက
ကိုယ့်သေတွင်းကိုယ် ကြေကွဲစွာတူးနေတာပေါ့
ကြေကွဲတာကို မကြေကွဲသလိုနေရတာလည်း
ကံစီမံရာလို့ ထင်မိတဲ့ကောင်ပါလေ။

ငိုချင်တာကို မငိုချင်သလိုဟန်ဆောင်ရတာ
တစ်ခါတလေမှာ
ငိုလိုက်ရတာထက် ပိုခံစားရတယ်
ဒါတွေက မင်းမသိတဲ့အကြောင်းတွေပေါ့
တနည်းအားဖြင့်
"ဘာဖြစ်တာလဲ" မင်းမေးတိုင်း
"ဘာမှမဖြစ်ဘူး" လို့ကိုယ်ဖြေခဲ့တဲ့အကြောင်းတွေပေါ့။

  • စုမောင်မောင်

Please Follow Me

မင်းမသိတဲ့အကြောင်းတွေ | Ecency