စာဖတ်ကြမယ် အပိုင်း (၂) (Atomic Habbits)

Words
268
Reading
2 min
Listen
Play
1y

အားလုံး မင်္ဂလာပါ။

နောက်တစ်ပိုင်းမှာတော့ စာရေးဆရာက ကျွန်တော်တို့ရဲ့ အမှုအကျင့်တွေဟာ ကျွန်တော်တို့ မည်သူမည်ဝါဖြစ်မှု identity နဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ အပိုင်းကို ရေးသားထားပါတယ်။ ကျွန်တော်တို့ ထပ်ကာထပ်ကာ လုပ်တဲ့ အပြုအမှုတွေဟာ ကိုယ်ဘယ်သူဘယ်ဝါလဲ ဆိုတာကို ဖော်ပြ နေတာပါ။

အဲဒီနောက်မှာ စာရေးဆရာ ရေးထားတာက အမှုအကျင့်ပြောင်းလဲဖို့ အလွာသုံးလွာရှိတယ်ဆိုပါတယ်။

ရလဒ်ကို ပြောင်းလဲ ခြင်း (outcome change) - ဥပမာ ဝိတ်ကျရမယ်၊ စာအုပ် တစ်အုပ် ထုတ်မယ်။

လုပ်ငန်းစဥ်ကို ပြောင်းလဲ ခြင်း (process change) - ဥပမာ gymမှာ ကစားဖို့ အချိန်သတ်မှတ်လုပ်ဆောင်မယ်၊ အလုပ်ပိုမိုချောမွေ့ဖို့ အလုပ်စားပွဲကိုရှင်းလင်းမယ်၊ တရားထိုင်တဲ့ အလေ့အကျင့် လုပ်မယ်။

ကိုယ်ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာကို ပြောင်းလဲ ခြင်း (identity chang​e)၊ ဒီအဆင့်မှာတော့ ကိုယ့်ကိုကိုယ် မြင်တဲ့အမြင်၊ အများက ကိုယ့်ကို မြင်တဲ့ အမြင်ကို ပြောင်းအောင်လုပ်ဆောင်တာပါ။

"True behavior change is identity change." (Page 33).

"စာရေးသူက ကိုယ့်အမူအကျင့်တကယ် ပြောင်းလဲတယ်ဆိုတာ ကိုယ့်ရဲ့ identity (ကိုယ်ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတဲ့ယုံကြည်ချက်) ပြောင်းတာကို ဆိုလိုတယ်လို့ ပြောပါတယ်။

ကိုယ်ဘယ်သူဘယ်ဝါလို့ ကိုယ့်ကိုကိုယ် ခံယူချက်/မှတ်ယူချက်ဟာ ကိုယ့်အပြုအမှုအပေါ်မှာကိုလွမ်းမိုးမှုရှိတယ်။ ဥပမာ - ကိုယ့်ကိုကိုယ် အားကစားသမား/ ကျန်းမာရေးလိုက်စားတဲ့သူ လို့ ယုံကြည်ခံယူထားတဲ့သူဟာ အားကစားကို ပုံမှန်လုပ်ဖြစ်နေမယ်။ ဒီနေ့တော့ ကျန်းမာရေးအတွက် အားကစားသွားလုပ်ဦးမယ်ဆိုတဲ့ အပေါ်ယံအပြုအမှုကို ပဲ အာရုံစိုက်တဲ့သူအတွက်ကတော့ ပုံမှန် အားကစားလုပ်ဖို့ ခဲယှဥ်းပါလိမ့်မယ်။

ကိုယ့်ရဲ့ လုပ်ဆောင်မှုတိုင်းဟာ ကိုယ်ဘယ်သူဘယ်ဝါဖြစ်ချင်တယ်ဆိုတာကို မဲပေးထောက်ခံနေတာပါ။ အမှုအကျင့်တစ်ခုကို ထပ်ကာထပ်ကာလုပ်ခြင်းက ဒီအမူအကျင့်နဲ့ သက်ဆိုင်တဲ့ ကိုယ့်ရဲ့ identity ကို အားကောင်းစေပါတယ်။ အတိုချူန်းပြောရရင် ကိုယ့်ရဲ့ အမူအကျင့် (habbits) တွေက ကိုယ့်ရဲ့ identity ပြောင်းဖို့/ ခိုင်မြဲဖို့ အတွက် လမ်းကြောင်းပါပဲ။ အလေ့အကျင့်တွေထပ်ကာထပ်ကာ လုပ်ဆောင်တာက အလုပ်ကို ပြီးစီးစေရုံတင်မဟုတ်ပဲ ကိုယ့်ကိုယ်ကို ယုံကြည်လာစေပါတယ်။

ကိုယ့်ကိုကိုယ် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတဲ့ ယုံကြည်လက်ခံချက်က အမူအကျင့် ပြောင်းဖို့အတွက် အရေးပါသလို၊ မကောင်းတဲ့ အပိုင်းလဲ ရှိနိုင်ပါတယ်။

ဥပမာ -

  • ငါဟာ အမြဲနောက်ကျတတ်တယ်။ ( သူ့ကိုယ်သူ အဲလို ခံယူထားတာ)

  • ငါက စောစော ထတတ်တဲ့ သူမဟုတ်ဘူးလေ။

  • ငါက ဂဏန်းသင်္ချာပိုင်း မကောင်းဘူး။

စသည်ဖြင့် ပြောတာ တွေ့ဖူးကြမှာပါ။ ကိုယ့်လုပ်ဆောင်ချက်တွေက ကိုယ့်ရဲ့ identity ခံယူယုံကြည်ချက် အပေါ်မှာမူတည်မှာမို့ သတိထားဖို့တော့လိုပါတယ်။

တစ်ချို့ဆို အမူအကျင့်ကို စွဲနေတာလား ကိုယ့် identity ကို စွဲနေတာလားမသိ (နှစ်ခုကတော့ တစ်ခုကို တစ်ခု အပြန်အလှန် အားပေးနေကြတာပါ။) ၊ သူတိုပြောတတ်ကြတာက

  • ငါက အေးအေးပဲ နေတတ်တာလေ။

  • ဒီအလုပ်နဲ့ မရဘူး၊ ဟိုအလုပ်နဲ့ မဖြစ်ဘူး၊ လုပ်နေကျမဟုတ်ဘူး။

စသည်ဖြင့်

ကျွန်တော့်အမြင်မှာတော့ ကိုယ်က ငယ်ငယ်ကတည်းက အေးအေး နေတတ်လည်း၊ ဒီအမူအကျင့်ကို ပြောင်းသင့်ရင် ပြောင်းရမယ် ထင်ပါတယ်။ လူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆို တတ်ဖို့ လေ့ကျင့်ယူရမှာပါ။ အသစ်အသစ်ဖြစ်တဲ့ ခံစားချက်၊ ပတ်ဝန်းကျင်၊ စိန်ခေါ်မှု‌တွေကို ရင်ဆိုင်ရမယ် ထင်ပါတယ်။ (ဒါကတော့ ကျွန်တော့် ထင်မြင်ချက်ပါ။)

ခြုံငုံပြောရရင် ကိုယ့်ရဲ့ အမူအကျင့်ဟာ ကိုယ်ဘယ်သူဘယ်ဝါဖြစ်တယ် (identity) ဆိုတာကို ပြောင်းလဲ စေပါတယ်။

  • သင် စာတစ်မျက်နှာရေးတဲ့အချိန်တိုင်း သင်ဟာ စာရေးဆရာ တစ်ယောက်ပါ။

  • သင် တယောထိုးလေ့ကျင့်တဲ့ အချိန်တိုင်း သင်ဟာ ဂီတပညာရှင် တစ်ယောက်ပါ။

  • သင် အားကစား တစ်ကြိမ်လုပ်တိုင်း သင်ဟာ အားကစားသမားတစ်ယောက်ပါ။

  • သင့်ရဲ့ နောက်လိုက်တွေကို သင်အားပေးတိုင်း သင်ဟာ ခေါင်းဆောင်တစ်ယောက်ပါ။

ဒါကြောင့် စာရေးဆရာက

  • ပထမဆုံး သင့်ကိုယ်သင် ဘယ်သူဘယ်ဝါအဖြစ် ခံယူမယ်ဆိုတာကို ဆုံးဖြတ်ပါ။

  • အဲဒီနောက်မှာတော့ ကိုယ့် identiy ကို အမူအကျင့်လေးတွေနဲ့ ပြောင်းလဲရယူပါလို့

ရေးသားထားတာကို မှတ်သားရပါတယ်။

အားလုံးကျန်းမာချမ်းသာကြပါစေ။

princekham@princekham 15th June 2025 Myanmar

Reference:

The Atomic Habits (https://dn790007.ca.archive.org/0/items/atomic-habits-pdfdrive/Atomic%20habits%20%28%20PDFDrive%20%29.pdf)

စာဖတ်ကြမယ် အပိုင်း (၂) (Atomic Habbits) | Ecency