ကျွန်တော် online ကျောင်းသား

Words
299
Reading
2 min
Listen
Play
3y

အားလုံး မင်္ဂလာပါ

ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ကြည့်ရင် ရှေ့နှစ်ပိုင်းတွေမှာ စီမံခန့်ခွဲတဲ့အပိုင်းမဟုတ်တဲ့ အလုပ်တွေကို ပဲ လုပ်ကိုင်ခဲ့တာတွေ့ရပါတယ်။ တစ်ချို့ အပိုင်းမှာတော့ စီမံခန့်ခွဲတဲ့အပိုင်းမဟုတ်ပဲ ကြီးကြပ်တဲ့ အနေတော့ လုပ်ကိုင်ခဲ့ရတာတွေရှိပါတယ်။ အရင် WHO မှာ Bio Engineer အနေနဲ့ အလုပ်လုပ်တုန်းက ဆိုရင် အခြား ပြင်ထိန်း အလုပ်သမားတွေကို ကြည့်ရှု ကြီးကြပ်ရတာရှိသလို ကိုယ်တိုင် ပြင်ရတာတွေလည်းရှိခဲပါတယ်။ ဒီနောက်ပိုင်းမှာတော့ အသက်အရွယ်ရလာလို့လားတော့ မသိ၊ ကိုယ်တိုင်လုပ်ရတာထက် စီမံလုပ်ကိုင်ရတာကို ပိုသဘောကျလာမိပါတယ်။ စီမံလုပ်ကိုင်တာက တစ်ဦးထဲ လုပ်တာထက်ပိုပြီး အလုပ်ပြီးစီးတယ်လို့ ထင်မြင်မိလာတာကြောင့်လဲပါပါမယ်။

အဲဒါနဲ့ MBA (Master of Business Administration) စီမံခန့်ခွဲမှု မဟာဘွဲ့ကို လေ့လာဖို့ ဆုံးဖြတ်မိပါတယ်။ အမှန် ဆုံးဖြတ်ထားမိတာကတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကဖြစ်ပါတယ်။ ခြေတုံချတုံ ဖြစ်နေတာနဲ့ တွေဝေနေတာနဲ့ အချိန်တွေကြာခဲ့ရာကနေ အခုမှ ဒီဘာသာရပ်ကို စပြီးသင်ယူမိတာပါ။ (အရင် နှစ်နှစ်ကတည်းကသာ စလုပ်ခဲ့ရင် ခုချိန် ဘွဲ့ရကောင်းရနေလောက်ပါပြီ။) ကျွန်တော့်အနေနဲ့ ကျောင်းလိုမျိုး အချိန်ပြည့်တက်ရတာမျိုးကို မလုပ်နိုင်လို့ online သင်ကြားပေးတဲ့ အဆင်ပြေတဲ့ တက္ကသိုလ်ရှိ မရှိစုံစမ်း မေးမြန်းကြည့်တော့ သူငယ်ချင်းတစ်ယောက်က University of the People ကို အကြံပေးပါတယ်။ အဲဒါကို စုံစမ်းသိရှိခဲ့ရတာကလည်း လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပါပဲ။ ဒီကြားထဲ့ ဘာတွေကျန့်ကြာနောက်နှေးနေခဲ့လဲဆိုတာ မမှတ်မိပါဘူး၊ နောက်ဆုံးတော့ မနှစ် နိုဝင်ဘာလလောက်မှာ အတန်းတက်ဖို့ ငွေသွင်းခဲ့ပါတယ်။ ဝင်ကြေးအဖြစ် ဒေါ်လာ ၆၅ သွင်းခဲ့ရပါတယ်။

ဒီတက္ကသိုလ်ဝင်ဖို့ အင်္ဂလိပ်စာနဲ့သင်တဲ့ တက္ကသိုလ်က ဘွဲ့မယူထားဘူးဆိုရင် Toefl, IELTS လို အင်္ဂလိပ်စာ လက်မှတ်လိုပါတယ်။ ဒီလက်မှတ်တွေမရှိရင် အင်္ဂလိပ်စာ လက်မှတ်အတွက် တက္ကသိုလ် website မှာပဲ Duolingo ကို ၅၉ ဒေါ်လာပေးပြီး ဖြေဆိုနိုင်ပါတယ်။ ကျွန်တော်တော့ ထိုင်းမှာ အင်္ဂလိပ်လိုသင်တဲ့ ကျောင်းမှာ ဘွဲ့ရခဲ့လို့ ဒီအဆင့်ကို ကျော်နိုင်ခဲ့ပါတယ်။

FB မှာ ဒီ တက္ကသိုလ်မှာ တက်နေတဲ့သူ ရေးထားတဲ့ပုံကို ဖတ်လိုက်တော့ တစ်တန်းမှာ ဘာသာရပ်နှစ်ခုယူပြီး ပုံမှန်လေး စာဖတ်ပြီး စာလုပ်သွားရင် တစ်နှစ် နဲ့ တစ်လဆို MBA ဘွဲ့မယ်ဆိုတော့ အော်သိပ်မကြာဘူးပေါ့။ ဒါပေမယ့်အဲဒါက စာကို အချိန်ပိုပြီး လုပ်နိုင်သူ ဒါမှမဟုတ် စီမံခန့်ခွဲ့တဲ့ပညာရပ်နဲ့ ရင်းနှီးပြီးသားသူမှ ဖြစ်နိုင်မယ်လို့ထင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာရပ်တစ်ခုအတွက် တစ်ပါတ်မှာ reading assignment ပြီးရင်၊ ဆွေးနွေးပွဲ discussion အတွက် နဲ့ portfolio အတွက် စကားလုံး ၅၀၀နဲ့ ၇၀၀ ကြား ရေးတင်ရလို့ပါပဲ။ ပြီးရင် အခြားအခန်းဖော်ရေးထားတဲ့စာ သုံးပုဒ်ကို ဖတ်ပြီး reply ပြန်ရပါဦးမယ်။ ဘာသာရပ်နှစ်ခုအတွက်ဆိုရင် စာဖတ်ရတာနဲ့ ရေးရတာနဲ့ လွယ်မှာ မဟုတ်လို့ အစပိုင်းမှာပဲ ဘာသာရပ်တစ်ခုကို လွတ်လိုက်ပါတယ်။ ဒါနဲ့ Marketing ဘာသာရပ်ကို မယူတော့ပဲ Organizational Behavior ကိုပဲ ယူဖြစ်ခဲ့ပါတယ်။

တစ်ပါတ်စာ စာအချိန်မှီတင် နိုင်ဖို့ စာဖတ်စာရေးတာလုပ်ရတဲ့အပြင် ရည်ညွန်းကိုးကားတာတွေကို ဖော်ပြဖို့ APA format ဆိုတာကို မေ့နေလို့ ပြန်ကြည့်ရပါတယ်။ သူဖတ်ခိုင်းတဲ့စာကိုဖတ်ရင်း အော် နှစ်နှစ်ကြီးတောင် ဒီလိုဖြတ်သန်းရမှာပါလား ငါဘာလို့ စလုပ်ခဲ့ပါလိမ့်ဆိုပြီး အတွေးကဝင်ဝင်လာပါတယ်။ စာနားလည်အောင်ဖတ်ရတာလဲ မပြီးနိုင်၊ စကားလုံးအရေအတွက် ပြည့်အောင် ရေးနိုင်မလားဆိုတာကလဲ စိတ်ပူမိပြန်တယ်။ ဒါနဲ့ သူပေးထားတဲ့ သင်ခန်းစာ စာအုပ်ကို ဖတ်ရင်းကနေ ရေးထားတဲ့ အကြောင်းအရာလေးတွေက စိတ်ဝင်စားဖို့ကောင်းပြီး ကိုယ့်ဝန်းကျင်နဲ့ အဖွဲ့အစည်းမှာ အသုံးဝင်နေတာကိုတွေ့မိတော့ အစောက အတန်းနားမယ်ဆိုတဲ့စိတ်က လျော့သွားပါတယ်။ ဒါနဲ့ပထမဆုံး discussion ကိုအချန်မှီလေး တင်ဖြစ်ခဲ့ပါတယ်။ ဒါနဲ့ အခြားသူတွေတင်ထားတာလေးတွေကို ဖတ်ကြည့်တော့ တစ်ချို့တစ်လေ စကားလုံး ၅၀၀ တောင်မပြည့်ပဲတင်ထားတာတွေ့တော့ အော် ကိုယ့်ထက်ဆိုးတာ ရှိသေးတာပဲ လို့တွေးမိပြီး ငါမဆိုးသေးပါဘူးလို့ တွေးမိလာပါတယ်။ ဒါနဲ့ နောက်တစ်ရက်မှာ ကျန်တာတွေကို အချိန်မှီ လုပ်နိုင်ခဲ့ပါတယ်။

University of the People မှာက သူ့ဖတ်စာတွေက အခမဲ့ ပေးတာမို့ ဖတ်စာအတွက် ငွေမကုန်ရဘူးလို့ဆိုပါတယ်။ ကျွန်တော်အခုလေ့လာနေတဲ့ ဖတ်စာကို ‌စိတ်ဝင်စားရင် အောက်က လင့်မှာရယူနိုင်ပါတယ်။

https://openstax.org/details/books/organizational-behavior

University of the People က MBA program ကို စိတ်ဝင်စားပြီး တက်ရောက်ချင်ရင်တော့ ကျွန်တော့်ဒီ Referral Link ကနေ ဝင်နိုင်ပါတယ်။

တခြား အပါတ်စဥ် ဖတ်ရမယ့် websites လင့်လေးတွေလဲ ရှိပါသေးတယ်၊ စိတ်ဝင်စားရင် မျှဝေပေးပါမယ်။


image source: https://www.brightoncollege.org.uk/college/enrichment/onlinelearning/

အားလုံးကျန်းမာ ချမ်းသာကြပါစေ။

princekham@princekham
9th Feb 2024
Myanmar