လွန်ခဲ့တဲ့ နှစ်နှစ် ဇန်နဝါရီက ကျွန်တော် အလုပ်ကိစ္စနဲ့ကချင်ပြည်နယ် မိုးညှင်းမြို့ကိုရောက်တော့ အချိန်ရတာနဲ့ အင်းတော်ကြီးဘက် ဆက်သွားဖို့ဆုံးဖြတ်ခဲ့တယ်။ အင်းတော်ကြီးဒေသမှာ အလုပ်ဝင်နေတဲ့ မိတ်ဆွေတစ်ယောက်ရှိလို့ အဲဒီကို သွားလည်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့တာပါ။ မိုးညင်းကနေ ညနေ ဆိုင်ကယ်ကယ်ရီနဲ့ ငှါးပြီး သွားတော့ အင်းတော်ကြီးဘက်ကို ည ၇ နာရီခွဲလောက်ရောက်တယ်။ တည်းခိုဖို့ နေရာလဲ မေးထားပြီးပြီမို့ ဧည့်ရိပ်သာကို တန်းပို့ခိုင်းလိုက်ပါတယ်။ အောက်ပုံက တော့ ကျွန်တော် တည်းခဲ့တဲ့ လုံးတုံရွာက ဧည့်ရိပ်သာပါ။ ရေချိုးခန်း အိမ်သာ တွဲရက်မဟုတ်ပေမယ့် ရေနွေးနဲ့ချိုးလို့ရအောင် ရေနွေးတည်ထားပေးပါတယ်။ ကျွန်တော်သွားတဲ့ အချိန်က ဇန်နဝါရီလဆိုတော့ အေးနေသေးတဲ့ အချိန်မို့ ရေနွေးနဲ့ မဟုတ်ရင် ရေချိုးဖို့ အဆင်မပြေပါဘူး။ ဒီတစ်ဝိုက်မှာ တည်းခိုခန်းရယ်လို့ ကြီးကြီးမားမား မရှိတာပါ။ ဒီကျွန်တော်တည်းတဲ့ အင်တော်မဟာရဲတဲ့ ရှေ့မှာတော့ home-stay လို တည်းလို့ရပါတယ်။ (အင်းတော်ကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးပြခန်းမှာလဲ တည်းခိုဖို့နေရာရှိတယ် ထင်ပါတယ်။)
နောက်တစ်ရက် မနက်ကျတော့ အဲဒီ လုံးတုံရွာထဲက အင်းတော်ကြီး သဘာဝဝန်းကျင် ထိန်းသိမ်းရေးပညာပေးပြခန်း ကိုသွားပါတယ်။ အဲဒီကနေ စက်ဘီးငှါးပြီး ရွှေမြဥ္ဇူဘုရားသွားပါတယ်။ အင်းတော်ကြီးကန် အနောက်ဘက်ကမ်းကနေ ကမ်းဘေးလမ်းတစ်လျှောက် မြောက်ဘက်ကို စက်ဘီးစီးသွားတာပါ။ လမ်းမှာ အောက်ပုံပါ ရှမ်းနာမည်နဲ့ ရှမ်းရွာတွေတွေ့ပါတယ်။
ရွှေမြဥ္ဇူ ရေလယ်ဘုရားက လမ်းမကြီးညာဘက် အင်းတော်ကြီးကန်ဘက်ကို ချိုးဝင်ပြီး အထဲနဲနဲ ဝင်ရပါတယ်။ လှေဆိပ်ရောက်ခါနီး ညာဘက်ခြမ်းမှာ ဇရပ်ဆောင်တွေ အများကြီးတွေ့ပါတယ်။ အဲမှာ နယ်ဝေးက ဘုရားဖူးတွေ တည်းခို နားနေလို့ ရတယ်လို့ ပြောပါတယ်။ အောက်က ပုံကတော့ လှေဆပ်ကနေ ဘုရားကိုလှမ်းရိုက်ထားတာပါ။ ရေပြင်က ငြိမ်သက်ပြီး ဇင်ယော်ငှက်ကလေးတွေနဲ့ ရှုခင်းလေးကလဲ သာယာနေပါတယ်။
ဘုရားကတော့ လှေဆိပ်နဲ့ ပေ ၁၅၀၀ လောက်ပဲ ဝေးပါတယ်။
ဘုရားသွားခဲ့တဲ့ ရှုခင်း ဗီဒီယိုလေးပါ။ ဖုန်းနဲ့ရိုက်ခဲ့တဲ့ ဗီဒီယို အပိုင်းအစလေးတွေကို ပြန်ဆက်ထားတာပါ။ အရမ်း သာယာအေးချမ်းပါတယ်။
ရွှေမြဥ္ဇူရေလယ်ဘုရားဖူးပြီး အချိန်ရသေးတာနဲ့ အင်းတော်ကြီးကန်အနောက်ဘက်ကမ်းကအတိုင်းဆက်သွားတော့ နမ့်မီးလောင်ရွာက အောင်ငြိမ်းအေးချမ်းသာ နှီးဘုရားတွေ့လို့ အထဲ ဝင်ဖူးခဲ့ပါတယ်။ ဘုရားက ဉာဏ်တော်မြင့်ပြီး သပ္ပာယ်လှပါတယ်။
နှီးဘုရားရှိရာ ဓမ္မာရုံ နဲ့ ဘုရားဝင်းထဲက ဖိုးသူတော်ရုပ် နဲ့ သူ့မေဓာရသေ့ ဗျာဓိတ်ခံယူခန်းပါ။ ဘုရားဝင်းကလဲ ကျယ်ဝန်းပြီး ဘုရားပွဲလဲ နှစ်တိုင်းရှိတယ် ပြောပါတယ်။
နှီးဘုရားကနေ အင်းတော်ကြီး ကန်ဘေးအတိုင်း စက်ဘီး ဆက်နှင်းသွားတာ အင်းမြောက်ဘက်အစွန် ညောင်ပင်ရွာ အထိ ရောက်ခဲ့ပါတယ်။ အဲဒီကနေ လာလမ်းအတိုင်း ပြန်လှည့်ပြီး အင်းဘေးက သမိုင်းဝင် မုဆိုးမ ခြေရာရှိတဲ့နေရာကို ဝင်ပါတယ်။ ဒီအင်းတော်ကြီး ရှိတဲ့နေရာက အရင်က မြို့ကြီးရှိခဲ့တယ် လို့ဆိုပါတယ်။ မြို့မှာနေတဲ့သူတွေ သီလမဆောက်တည်ကြလို့ နဂါးက မြို့ကို အင်းဖြစ်အောင်နှစ်ပစ်မယ်ဆိုတာကို မြို့မှာနေတဲ့ သီလလုံတဲ့မုဆိုးမက အိမ်မက်ရတယ်လို့ ဆိုပါတယ်။ ဒီအဖြစ်ကို ကြိုသိလို့ မြို့ကနေ ပြောင်းဖို့ လုပ်ရာမှာ ကျန်ခဲ့တဲ့ မုဆိုးမ မိသားစု နဲ့ သူတို့ကျွဲရဲ့ ခြေရာ ရှိတဲ့နေရာပါ။ အင်းတော်ကြီးကန်ရဲ့ သမိုင်းဖြစ်ပါတယ်။
ခြေရာရှိတဲ့နေရာကို အမိုးမိုးထားတာပါ။ ပုံက အလင်းရောင်နဲ့ ပြင်မရအောင် burn သွားတယ်။ ဘယ်ဘက်ကစာက ရှမ်းနီစာပါ။
အောက်မှာတော့ အဲ့နေရာနားက အင်းသမိုင်းရာဇဝင်ကို ပုံဖော်ထားတဲ့ ရုပ်ထုတွေပါ။ အနီးမှာ မုဆိုးမ စေတီလဲရှိပါတယ်။ စေတီသမိုင်းကို မမေးခဲ့ရပါ။
အဲဒီကနေ တခြား ဆက်မသွားတော့ပဲ အင်းတော်မဟာ ဧည့်ရိပ်ကို ပြန်ခဲ့ပါတယ်။ ညကတော့ သူငယ်ချင်းမိတ်ဆွေနဲ့ ညစာစား ဖြစ်ပါတယ်။ သူက နေ့ခင်း အလုပ်နဲ့ မို့ လိုက်မပို့ဖြစ်တာပါ။
နောက်တစ်ရက်မှာ အပေါ်ကပုံထဲကလို အင်တော်ကြီး ကမ်းနားတစ်လျှောက် လှေလေးငှါးပြီး ရှုခင်းကြည့်ဖို့ စိတ်ကူးခဲ့ပေမယ့် နေ့ခင်းက တစ်နေကုန်နီးပါ စက်ဘီး နှင်းထားတာကြောင့် ညကတော့ အဖျားတက်လို့ နောက်တစ်ရက် ဧည့်ရိပ်သာမှာပဲ တစ်နေကုန် နားနေလိုက်ရပါတယ်။ အင်းတော်ကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြခန်းက ငှါးလို့ရတဲ့စက်ဘီးတွေက maintenance မလုပ်ထားလို့ ခြေနှင်းတွေကြပ်နေတာကြောင့် နှင်းရခက်တာကြောင့် ပိုအားစိုက်နှင်းရလို့ပါ။ ဆိုင်ကယ်နဲ့ ပြန်လှဲမယ်ဆိုတော့ ဆိုင်ကယ်တွေက ငှါးဖို့မရှိတော့လို့ စက်ဘီးပဲငှါးခဲ့ရတာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရွှေမြဉ္ဇူ ရေလယ်ဘုရားကို ဖူးခဲ့ရတာ အမြတ်ပဲလို့ မှတ်ယူရင်း နောက်တစ်ရက်မှာ မန်းတလေးကို ပြန်ခဲ့ပါတယ်။
- အင်းတော်ကြီးဘက်ကို သွားမယ်ဆိုရင် မန်းတလေးကနေ ကျွန်တော်ရောက်ခဲ့တဲ့ အင်းတော်မဟာ ဧည့်ရိပ်သာရှိတဲ့ လုံးတုံကို ရောက်တဲ့ မှန်လုံလေအိတ် ကားတွေရှိပါတယ်။
- အင်းတော်ကြီးဒေသကိုရောက်ရင် အင်းတော်ကြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေး ပြခန်းမှာ လိုအပ်မယ့် သတင်းအချက်အလက်တွေ အရင်မေးလို့ရပါတယ်။
နောက်ဆက်တွဲ
- ကျွန်တော်ရောက်ခဲ့တဲ့နေရာတွေကို အောက်ကလင့်မှာ ဝင်ပြီး Google map မှာ ကြည့်လို့ရပါတယ်။
https://www.google.com/maps/d/edit?mid=1j9qEmdA-kxi4GuoxJljgQ3o4hJfDDpCb&usp=sharing
(ဖုန်းက ဓါတ်ပုံ နဲ့ ဗီဒီယိုတွေကို Lightroom မှာ retouch လုပ်ပြီး ဗီဒီယိုကိုတော့ Camtasia software နဲ့ ချိတ်ဆက်ပါတယ်။ Lightroom က ဗီဒီယိုကို ပြင်တဲ့ features သိပ်မရှိလို့ နောက်ပိုင်း တခြား software နဲ့ပြောင်းသုံးဖို့ရှိပါတယ်။ လိုအပ်တာလေး တွေကို အကြံပြုနိုင်ပါတယ်။)
Ref: