××××××××××
ရန်ရှာနေမယ့်အစား အဖြေရှာတာ ပိုပြီးအဓိပ္ပာယ်ရှိပါတယ်။ ရန်ရှာနေရင် အဖြေမှန်နဲ့ ဝေးသထက်ဝေးပြီး နှစ်ဦးစလုံးရဲ့ အကျိုးစီပွား ဆုတ်ယုတ်ဖို့ပဲဖြစ်ပါတယ်။ မဆုတ်ယုတ်ရင်တောင် ဘယ်လိုနည်းနဲ့မှ မတိုးပွားနိုင်ပါဘူး။
ရန်ဖြစ်ချင်နေပြီဆိုရင်
ကိုယ်မကျေနပ်တဲ့သူရဲ့နေရာကိုဝင်ကြည့်ပါ မှားယွင်းရခြင်းရဲ့ အကြောင်းရင်းတွေ့ပါလိမ့်မယ်။
အဲဒါကိုနားလည်နိုင်ဖို့ကြိုးစားပါ၊ မသိလို့ မှားတာဆိုရင် အပူမခံပါနဲ့ လုံးဝနားလည်ပေးဖို့ကြိုးစားပါ။ သိလျက်နဲ့မှားတယ်ဆိုရင် ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။
ခွင့်လွှတ်လို့မရနိုင် လျစ်လျူရှုနိုင်ဖို့ကြိုးစားပါ။
ဘယ်လိုပဲ ဖြစ်ဖြစ် စိတ်ညစ်မခံပါနဲ့ ရန်မဖြစ်ပါနဲ့။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မေးချင်နေမယ်ထင်ပါတယ်။ ခွင့်လွှတ်ခြင်း ခွှင့်မလွှတ်ခြင်း နားလည်ပေးခြင်း မပေးခြင်းက သင့်စိတ်ထဲမှာပဲရှိနေလို့ပါ။ ဘယ်လောက်အမှားကြီးဖြစ်နေနေ သင့်စိတ်က လုံးလုံးခွင့်လိုက်မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ နားလည်ခြင်းတွေ ခွင့်လွှတ်ခြင်း ဖြစ်လာတော့တာပါပဲ။
ကိုယ့်ကိုယ်ကို ပူပူလောင်လောင် အလောင်ကျွမ်းခံပြီး အမုန်းပွားနေရတာ ပင်ပန်းပါတယ်ဗျာ။ သူ့အမှားတွေကို ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေရတော့မှာလား ဆိုရင် ဟုတ်ပါတယ်။ သူ့ရဲ့ ကံကြမ္မာကို ကျနော်တိုတွေ မဖန်တီးပေးနိုင်ပါဘူး။ သူ့ဘာသာသူပဲ ဖန်တီးနေတယ်ဆိုတာ သဘောပေါက်ဖို့လိုပါတယ်။
နားလည်ပေးတယ်ဆိုတာ သူ့အတွက်မဟုတ်ပါဘူး ကိုယ့်အတွက်ပါ။ ကိုယ်ငြိမ်းချမ်းဖို့အတွက်ပါ။ ကိုယ်မပူလောင်ရဖို့အတွက်ပါ။
တောက် ! လို့
တစ်ချက် ပြင်းပြင်းခေါက်ဖို့ထက်
သြော် . . . လို့ သံချိုအေးဖို့ ကြိုးစားကြရအောင်ဗျာ
Credit###ကိုနိုင်