ဒီနေ့အင်းစိန်ကို ကိစ္စတစ်ခုနဲ့သွားဖို့ဖြစ်လာတော့ ရထားစီးဖို့ဆုံးဖြတ်ပြီး ဘူတာကြီးကိုရောက်ပါတော့တယ်။ ကိုယ်စီးရမယ့်ရထားလာတော့ တက်ဖို့ပြင်တာပေါ့။ ရထားက မင်္ဂလာဒုံကနေလာတဲ့ရထားဖြစ်ပြီး ဘူတာကြီးမှာလည်း ခဏပဲရပ်တာဆိုတော့ ဆင်းမယ့်ခရီးသည် တက်မယ့်ခရီးသည်တွေက ခပ်သုတ်သုတ်လုပ်ရပါတယ်။
ကိုယ်တက်မယ်လို့ရည်ရွယ်ထားတဲ့အပေါက်ကနေပဲတက်ဖို့ပြင်နေတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ ကိုယ်ကအပေါက်နဲ့ဝေးသေးတယ်။ ခပ်လှမ်းလှမ်းပေါ့။ အဲအချိန်မှာ အသက် ၆၀ ဝန်းကျင် အဘိုးတစ်ယောက် ရထားပေါ်ကဆင်းပါတယ်။ ရထားအဆင်းခုံနဲ့ ပလက်ဖောင်းနဲ့က ဝေးလွန်းတော့ အဘိုးဟာပြုတ်ကျတော့တာပါပဲ။
ရပ်နေတဲ့အမျိုးသမီးက ချက်ချင်းပဲလက်ကမ်းပေးပါတယ်။ ဒါပေမယ့်သူကမတ်တပ်အနေအထားမှာ ခါးမကွေးထားပါဘူး။ ကိုယ်ကလည်းတစ်ချိန်တည်းလိုလိုပဲ အပြေးသွားပြီး အဘိုးလက်ကိုမီတဲ့အထိ ခါးကုန်းပြီး ဆွဲထူလိုက်ပါတယ်။
ပြောချင်တာကခုမှစတာပါ။
အဘိုးက ကိုယ့်လက်ကိုဆွဲလိုက်တဲ့အချိန် ကြည့်လိုက်တဲ့အကြည့်ဟာ ဝမ်းသာအားရဖြစ်မှူတွေ၊ အားကိုးလိုမှူတွေ၊ ကျေနပ်မှူတွေပြည့်နေတယ်လို့ ခံစားရတဲ့ အကြည့်ပါပဲ။
ဒီလိုအကြည့်မျိုးကို အဖေက ကိုယ့်ကိုမရေတွက်နိုင်အောင် အကြိမ်ပေါင်းမြောက်များစွာကြည့်ခဲ့ဖူးတာပေါ။ ငါ့သမီးလေးဆိုပြီး မရေတွက်နိုင်အောင် ဂုဏ်ယူစွာကြည့်ခဲ့ဖူးတဲ့အကြည့်မျိုး။ သမီးရှိနေလို့ဆိုတဲ့အကြည့်မျိုး။ နောက်ဆုံးအချိန်မရောက်ခင်အထိ ငါ့အကြောကို ငါ့သမီးကအသိဆုံးပဲလို့ ပြုံးပြုံး ပြုံးပြုံးနဲ့ ပြောနေတတ်ခဲ့တဲ့အဖေ့ကို အရမ်းသတိရသွားမိတာပဲ။
သတိရစိတ်ကိုမေ့ပစ်ဖို့ကြိုးစားပေမယ့်လည်း သတင်းလိုက်နေတဲ့တစ်ချိန်လုံး အဖေသာဆိုရင် ဘယ်လိုပြောမှာ ဘာအကြံဥာဏ်တွေပေးမှာ ဘယ်သူတွေကိုတွေ့ဖို့ကြိုးစားလို့ပြောမှာဆိုပြီး ဆက်တွေးမိနေတုန်းပဲ။
သတိရတယ်အဖေ ရောက်ရာအရပ်မှာပျော်ရွှင်အေးချမ်းပါစေ။
Credit...