ရိုစတမ့် အဖေနဲ့ အမေက တကယ်ကို ကျေးဇူးတင်စရာ ကောင်းတဲ့ သူတွေ။ ကျွန်မက အာရှသူ။ သူတို့က ဥရောပ မိသားစု။ ဒါပေမယ့် ပထမဦးဆုံး ကျွန်မ သူတို့ဆီကို လာမယ်ဆိုတုန်းက အစစ အရာရာ ပြင်ဆင်ပြီး ကြိုနေခဲ့ကြတာ အခုထိ မှတ်မိသေးတယ်။ ကျွန်မ ရောက်ရောက်ချင်း ရိုစတမ့် အဖေက သူ့ ရုံးကနေ သစ်သီးတွေ မျိုးစုံ ၀ယ်ပြီး အိမ်ကို သေတ္တာလိုက် ပို့ခိုင်းတယ်။ ကျွန်မကို တွေ့တွေ့ချင်းလည်း နွေးနွေးထွေးထွေး ဖက်ပြီး ၀မ်းသာလွန်းလို့ သူ့မှာ မျက်ရည်တောင် ကျရှာတယ်။ အထူးသဖြင့် ရိုစတမ့် အမေက ကျွန်မအပေါ်ကို တော်တော်ကို ကောင်းလွန်းတယ်။ သူတို့ဆိုတာက ထမင်းဆိုတာကို တစ်လ တစ်ခါ မပြောနဲ့။ သုံးလေးငါးလနေလို့တောင် ချက်စားကြတာ မဟုတ်ပေမယ့် ကျွန်မအတွက် နေ့တိုင်း အိမ်မှာ ရှိတဲ့ အိုးကလေးနဲ့ မရ ရအောင် ထမင်းတွေ ချက်ပေးရှာတယ်(ဥရောပသားတွေက ထမင်း မစားတဲ့ လူမျိုးတွေဆိုတော့ သူတို့ အိမ်မှာ ထမင်းပေါင်းအိုး မရှိလို့)။ ကျွန်မ ကြိုက်တဲ့ ရုရှားကြက်ကင်ကိုလည်း အမြဲ လုပ်ပေးပြီး ကျွန်မ အကြိုက်ဆုံး ရင်အုပ်ကိုတော့ ဘယ်သူမှ အစား မခံဘဲ ကျွန်မကိုပဲ ကျွေးတယ်။ ကျွန်မ အပြင်သွားတဲ့အချိန်ကိုမှ ရွေးပြီး ကျွန်မ အ၀တ်အစားတွေကို ယူပြီး လျှော်ဖွတ်ပေးတယ်။ လျှော်ပြီးတဲ့ အ၀တ်တွေကို ကိုယ်တိုင် လှမ်းပြီး စနစ်တကျ မီးပူပါ တိုက်ပြီးမှ ကျွန်မ အခန်းထဲက ခုတင်ပေါ်မှာ လာတင်ပေးထားတယ်။ မလုပ်ပေးပါနဲ့ ဘယ်လိုပြောပြော ကျွန်မ မရှိတဲ့ အချိန်မှာ အမြဲ လုပ်ပေးပြီးနေပြီ။
ရုရှားက အရမ်း အေးတဲ့ တိုင်းပြည်ဆိုတော့ ၁၀လပိုင်း စလောက်ကတည်းက နှင်းတွေ ကျတယ်။ ကျွန်မ ကိုရီးယားကနေ စီးသွားတဲ့ ဖိနပ်ကလေးက ဝေါ့ကင်းရှုး ဖြူဖြူဖွေးဖွေးလေး။ ရုရှားမှာ အဲဒီ ဖိနပ်ကလေးပဲ စီးပြီး ဟိုဟိုဒီဒီ လျှောက်လည်၊ ခရီးတွေ ထွက်ခဲ့တော့ ဖိနပ်ကလေးက တော်တော်လေးတောင် ပေသွားတယ်။ ဒါနဲ့ ဖိနပ်စင်ထဲမှာ ထည့်ထားပြီး ဆောင်းတွင်းသုံး နှင်းထဲ စီးတဲ့ သားရေဖိနပ်တွေပဲ ထုတ်စီးဖြစ်တော့တယ်။ တစ်နေ့ ရိုစတမ်နဲ့ ကျွန်မနဲ့ ရိုစတမ်တို့ ကျောင်းကို သွားပြီး ပြန်လာကြတော့ ခါတိုင်း မြင်နေကျ နေရာမှာ ကျွန်မ ဖိနပ် အဖြူလေး မရှိတော့ ဘယ်များ ရောက်သွားပါလိမ့် စဉ်းစားမိတယ်။ အိမ်မှာက ခွေးကလေးလည်း မွေးထားတော့ သူများ ဆွဲသွားသလားပေါ့။ မရှိတာနဲ့ ကဲ တစ်နေရာရာမှာ ထားမိတာနေမှာပါလေဆိုပြီး အပေါ်ထပ်ကို တက်လာခဲ့တယ်။ အဲဒီနေ့က ကျွန်မ ရှိုက်ကြီးတငင် ငိုမိတယ်။ ၀မ်းနည်းလို့ မဟုတ်ဘူး။ ၀မ်းသာလွန်း၊ အားနာလွန်းပြီး ငါဟာ အရမ်းကို ချစ်ခြင်း ခံနေရတဲ့ မိန်းမ တစ်ယောက်ပါလားဆိုတာကို နားလည်မိပြီး ငိုခဲ့မိတာ။ အပေါ်ထပ်က ကျွန်မ အခန်းရှေ့က ၀ရံတာမှာ ကျွန်မ ဝေါ့ကင်းရှုး ဖိနပ်ဖြူလေးက လျှော်ဖွတ်ပြီးလို့ အခြောက်ခံထားတာ ဖွေးသန့်နေတာလေ။ သမီးအရင်း မဟုတ်ဘဲ၊ သားနဲ့ ပတ်သက်ပြီးမှ တွေ့ဆုံခွင့်ရတဲ့ လူမျိုးမတူ၊ နိုင်ငံမတူ၊ သွေးသားမတူတဲ့ လူ တစ်ယောက်အပေါ် ဒီလို စေတနာ ထားနိုင်ဖို့ဆိုတာ တော်ရုံ ချစ်ခြင်းမျိုးနဲ့ မရဘူးဆိုတာ ကျွန်မ ကောင်းကောင်း နားလည်မိတယ်။ အရမ်းလည်း ကျေးဇူးတင်မိသလို၊ အရမ်းလည်း အားနာမိတယ်။ အရမ်း ကျေးဇူးတင်ပေမယ့် နောက်ကို လုံးဝ မလုပ်ပေးပါနဲ့လို့ တောင်းဆိုမိတယ်။
နေ့ခင်းတွေဆို ကျွန်မ တစ်ခုခု စားချင်ပြီး မစားရဖြစ်နေမှာ စိုးတာနဲ့ အိမ်က မီးဖိုချောင်ထဲမှာ ကိတ်မုန့်၊ ပေါင်မုန့်၊ ကွတ်ကီး အဲဒီလို မုန့်ပေါင်းစုံ ဖုတ်ပေးတတ်သလို၊ တစ်ခါတလေ ကလေးကြီး တစ်ယောက်လို အိမ်က ဗီဒိုတွေထဲက ဆံပင်တု၊ မျက်မှန်၊ ဦးထုပ်တွေ ဆွဲထုတ်လာပြီး ကျွန်မ ရှေ့မှာ ၀တ်ပြ၊ ဟာသတွေ လုပ်ပေးတတ်သေးတယ်။ တစ်ခါတလေ ဘာမပြော ညာမပြော ကျွန်မကို ရုတ်တရက် ပွေ့ဖက်ပြီး မင်း သိလား။ ငါ မင်းကို အရမ်း ချစ်တာဆိုပြီး ပြောတတ်သေးတယ်။ သူ့ ဖုန်းထဲက ရှာထားတဲ့ စက္ကူခေါက်တဲ့ ဗီဒီယိုတွေ ပြပြီး လိပ်ပြာတွေ၊ နှင်းဆီပန်းတွေ ထိုင်ပြီး ခေါက်ကြရအောင် ခေါ်တတ်တယ်။ ဗီဒီယိုက ပြတာ တစ်ခြား ကျွန်မတို့တွေ မလုပ်တတ်၊ လုပ်တတ်နဲ့ နောက်ကနေ လျှောက်ပြီး လိုက်လုပ်ရင်း တလွဲတွေဖြစ်ပြီး အူတက်အောင် ရယ်မောမိကြတာတွေလည်း မှတ်မိတယ်။ ကျွန်မ ၀တ်ရအောင်ဆိုပြီး ကိုယ်တိုင် သိုးမွှေး ခြေအိတ်တွေ ထိုးပေးတတ်သလို၊ သိုးမွှေး ဦးထုပ်၊ လည်ပတ်တွေ မပျင်းမရိ ထိုင်လုပ်ပေးတတ်သေးတယ်။
ဈေးသွားတိုင်း ကျွန်မ ပိုက်ဆံ အထုတ် မခံဘဲ သူကိုယ်တိုင် ၀ယ်ပေးရမှ ကျေနပ်တတ်တယ်။ ကျွန်မ မပါဘဲ ဈေးသွားလည်း ကျွန်မ ကြိုက်တဲ့ ရေခဲမုန့်၊ နေကြာစေ့၊ အာလူးချောင်းကြော်၊ အအေးဗူး အကုန် အလိုက်တသိ ၀ယ်လာပေးပြီး အခန်းထဲထိ အရောက် လာပို့ပေးတတ်တယ်။ ဘယ်သွားသွား ကိုယ်တိုင် ကားမောင်းပြီး လိုက်ပို့တတ်တယ်။ ကျွန်မနဲ့ ရိုစတမ် မြန်မာပြည်ကို သွားကြမယ်ဆိုတော့ ကိုယ်တိုင် ရှော့ပင်းမောလ်ထဲမှာ ပတ်ပြီး ကျွန်မ အမေအတွက် ဆွယ်တာ၊ ကျွန်မအဖေအတွက် အကျီင်္ လိုက်ရှာပြီး လက်ဆောင် ၀ယ်ပေးတယ်။ အရမ်းလည်း ကျေးဇူးတင်သလို၊ အရမ်းလည်း လေးစားမိတယ်ဆိုရင် ကျွန်မ အကဲပိုတာ မဟုတ်လောက်ပါဘူးနော်။
ဒီလိုနဲ့ ကျွန်မနဲ့ ရိုစတမ်နဲ့ မြန်မာပြည် သွားဖို့ လေဆိပ်ကို ဆင်းကြတော့ လမ်းမှာ စားရအောင်ဆိုပြီး ထမင်းချိုင့် ထုပ်ပေးလိုက်သေးတယ်။ ခရီးထွက်ရမှာမို့ အာရုံတွေ များနေ၊ ၀မ်းလည်း နည်းနေတာမို့ ထမင်းထုပ်ကိုတောင် သေသေချာချာ မစစ်ဖြစ်ခဲ့ဘူး။ ဒါနဲ့ သူတို့ မြို့ကနေ လေယာဉ်နဲ့ ထွက်လာပြီး တစ်ခြားမြို့ကို ရောက်တော့ ထမင်းစားမယ်ဆိုပြီး ထမင်းထုပ်ကို ဖွင့်ကြည့်တော့မှ ငိုရပြန်ပါရောလား။ လမ်းမှာ အဆာပြေ စားရအောင် ပေါင်မုန့် ကိတ်မုန့် ထည့်ပေးလိုက်တယ်လို့ပဲ ထင်ခဲ့ပေမယ့် အထုပ်ကို ဖွင့်ကြည့်တော့မှ အထဲမှာ ထမင်းက သပ်သပ်၊ ကျွန်မ အကြိုက်ဆုံး ကြက်ကင်ကိုလည်း ရင်အုပ်သားတွေချည်းပဲ မွှာပြီး ထည့်ပေးလိုက်တယ်လေ။ ဒါတင် မကဘူး။ အစပ် မပါရင် မစားတတ်တဲ့ ကျွန်မ စားဖို့ ငရုပ်သီးစိမ်းနဲ့ သခွားသီး တို့စားစရာလေးတွေပါ ထည့်ပေးလိုက်သေးတာ။ ကျွန်မ အကြိုက်ဆုံး သီးစုံ ဖျော်ရည်ဘူးလည်း ပါသလို၊ ကိုယ်တိုင် ဖုတ်ထားတဲ့ ကွတ်ကီးတွေနဲ့ ပေါင်မုန့်တွေပါ အထပ်လိုက် ထည့်ပေးလိုက်တာ ကြည့်ပြီး ရင်ထဲမှာ တကယ် ဆို့နစ်ပြီး ငိုမိတယ်။ ၀မ်းသာတာလည်း ပါသလို၊ ၀မ်းနည်းတာလည်း ပါပြီး ကျေးဇူးတင်လွန်းတဲ့ မျက်ရည် ကျခဲ့မိတယ်။
ဒါဟာ ကျွန်မ ကံကောင်းတာပဲ။ မျိုးရိုးမတူ၊ လူမျိုးမတူ၊ အသားရောင်၊ ဆံပင်ရောင်ချင်း မတူပေမယ့် ကျွန်မကို ဒီလို ဂရုတစိုက် စိတ်ရင်းနဲ့ ချစ်ပေးတဲ့ ယောက္ခမလောင်းတွေကို တွေ့ဆုံရတာဟာ ကျွန်မအတွက်တော့ တကယ်ကို ကံကောင်းခြင်း ဆုလာဘ်တစ်ခုပဲလို့ ထင်ပါတယ်။ တစ်ဆက်တည်းပဲ ကျွန်မ ဘာကြောင့် ဒီလို ကံကောင်းတာလဲလို့ တွေးကြည့်မိတယ်။ အထွေအထူးတော့ မရှိပါဘူး။ အတိတ်ကံကြောင့်လည်း ပါသလို၊ ကျွန်မ ထားတဲ့ စိတ်ရင်းကြောင့်လို့လည်း ယူဆမိတယ်။ ကျွန်မက ဘယ်သူ့ကိုမဆို စိတ်ရင်းအတိုင်းပဲ ဆက်ဆံတယ်။ ကျွန်မ ချစ်ရင် ချစ်သလို၊ ကျွန်မ လေးစားရင် လေးစားသလို ဘယ်သူ့ကိုမဆို စိတ်ရင်းနဲ့ ပကတိအတိုင်းပဲ ဆက်ဆံတယ်။ ကျွန်မ မချစ်မနှစ်သက်တဲ့ လူ တစ်ယောက် ရှိရင်လည်း လစ်လျူပဲ ရှုတယ်။ အဲဒီလူရဲ့ မကောင်းကြောင်း လူတကာကို လိုက်လံ ပြောဆိုတာမျိုး မလုပ်သလို၊ အဲဒီလူရဲ့ ပျက်စီးရာ ပျက်စီးကြောင်းကို တွေးတောတာမျိုး ကျွန်မ မလုပ်ဘူး။ ငယ်ငယ်ကတည်းက အတတ်နိုင်ဆုံး မှန်ကန်တာ၊ အကျိုးရှိတာကိုပဲ လုပ်ဖို့ ကြိုးစားခဲ့သလို၊ ဘယ်အရာကိုမဆို စိတ်ရင်းနဲ့ပဲ ပေးဆပ်ခဲ့တဲ့အတွက် အဲဒီ ကောင်းကျိုးလေးတွေ ကျွန်မဆီ တန်ပြန်လာတယ်လို့ ထင်မှတ်မိတယ်။ တစ်ချို့က ကျွန်မကို အထင်လွဲကြတယ်။ ကျွန်မက မာနကြီးတယ်။ ကျွန်မက မခင်မင်တတ်ဘူးလို့ ထင်ကြ ပြောကြတယ်။ တကယ်တော့ ကျွန်မက မရင်းနှီးတဲ့ သူနဲ့ဆိုရင် ပြောသင့်သလောက်ပဲ ပြောပြီး၊ ပြောသင့်တာပဲ ပြောတတ်တဲ့ အတွက်ကြောင့်ပါ။ ကျွန်မနဲ့ ရင်းနှီးသူတိုင်းကတော့ ကျွန်မ ဘယ်လောက် ခင်မင်တတ်၊ ရင်းနှီးတတ်သလဲဆိုတာကို သိကြပါတယ်။ ဒါကြောင့်လည်း ကျွန်မ ဘေးမှာ အခုလောက် ကောင်းတဲ့ သူတော်ကောင်းတွေ ရပ်တည်နေကြတယ်လို့လည်း ကျွန်မက ယုံကြည်တယ်။ စိတ်ကောင်း ထားရင်၊ ကံကောင်းခြင်းတွေ လာပါတယ်။ ကိုယ်က အကောင်းတွေးနေ၊ အကောင်း ပြောနေသ၍ အဆိုး မလာပါဘူး။ အဆိုးတွေးနေ၊ အဆိုး လုပ်နေပြီး အကောင်းကို မျှော်မှန်းနေလို့လည်း အချည်းနှီးပါပဲ။ ဒီတော့ အကောင်းဆုံး မဟုတ်တောင် အဆိုးအညံ့တွေ မလာအောင် အတတ်နိုင်ဆုံး အကောင်းဖြစ်အောင် ကြိုးစားပြီး နေတာ ကျွန်မရဲ့ ဘ၀ နေထိုင်မှု ပန်းတိုင်တစ်ခုပါပဲ။
မနေ့က ကျွန်မ ရုရှားအိမ်ကို ရောက်သွားတယ်လို့ အိပ်မက်မက်တယ်။ ဒီနေ့ ရုရှားက ဓာတ်ပုံတွေကို ပြန် ရှာကြည့်ရင်း ကျေးဇူးတင်ရတဲ့ ရိုစတမ့် အမေ၊ ကျွန်မ ယောက္ခမလောင်းကြီး မာမား အကြောင်းကို စိတ်ခံစားမှု ကောင်းနေတုန်း စာလေး ရေးပြီး မှတ်တမ်းတင်ထားလိုက်ပါတယ်။ ကိုယ်ရည်သွေးသလို၊ ကိုယ့် ကိုယ်ရေးကိုယ်တာကို ချပြသလိုမျိုးနဲ့ စာဖတ်သူတို့ကို အာရုံနောက်သွားစေတယ်ဆိုရင်တော့ တောင်းပန်ပါရစေ။ ဒါက ပထမဦးဆုံး အကြိမ် သွားခဲ့တုန်းက အကြောင်းတွေပေါ့။ အရင်တစ်ခေါက်က သွားခဲ့တုန်းက အကြောင်းတွေလည်း အခါသင့်လို့ စိတ်ကူးပေါက်တဲ့အခါ ရေးပြီး တင်ပါဦးမယ်။
Credit###