“ စတီးမစ်ရွာ သင်္ကြန်ပွဲ ”
ယနေ့သည်ကား သင်္ကြန် အတက်နေ့ဖြစ်ပေသည်။ စတင်းရွာလေးသည်လည်း မဟာသင်္ကြန်ပွဲဆင်နွဲနေကြသည်မှာ မမောနိုင် မပန်းနိုင် ပျော်ကြရွှင်ကြ၊ ကြည်နူးနေကြသည်။ ဤသို့လျင် ပျော်ကြမြူးကြရှိကြရာဝယ် အကျီစားသန်သူများ ရှိသည်ကိုလည်း တွေ့ရလေသည်။ ထိုသို့ အကျီစားသန်စွာ ရေကစားကြသူများကို ကျွန်ုပ်ကွီးရွှေ သတိပေးခြင်းပြုရ ပေဦးမည်။
သင်္ကြန်ပွဲဆင်နွှဲရာတွင် တစ်ချို့သောသူများမှာ ကြမ်းတမ်းစွာ ရေကစားခြင်း၊ ရေပက်ခြင်းအမှု ပြုကြလေ၏။ ဤသည်အတွက် သတိပေးခြင်းပြုလိုသည်ကား-- သင်္ကြန်ပွဲကို ဆင်နွဲခြင်းတွင် ကြမ်းတမ်းစွာရေကစားသည့်အတွက် ၀မ်းနည်းဖွယ် အဖြစ်ဆိုးတစ်ခု မြန်မာ့သမိုင်းတွင် ပုဂံခေတ်၌ အထင်အရှားရှိခဲ့သည်။ ထိုအကြောင်းကို အကျဉ်းအားဖြင့် ပြောပြလိုသည်။ ထိုပုဂံခေတ်က ပုဂံဘုရင် နရသီဟပတေ့ခေါ် တရုတ်ပြေးမင်း လက်ထက်တွင် ဘုရင်နရသီဟပတေ့သည် တရုတ်ဘုရင်(သမိုင်းတစ်ချို့တွင်ဖော်ပြသည်မှာ တရုတ်ဆွန်မင်းဆက်ဘုရင်)၏ နန်းတော်အတွင်း၌ ရေချိုးကန်ပြုလုပ် ထားခြင်းကို အလွန်သဘောကျလေသဖြင့် ပုဂံမင်းသည်လည်း ဧရာဝတီမြစ်ကမ်းပါးတွင် ရေချိုးကန် တည်ဆောက်ကာ နေမင်းပူရှိန်ပြင်းသည့် တန်ခူးလတွင် ရေသဘင်ပွဲဆင်နွဲတတ်လေသည်။
ဘုရင်သည် ရေသဘင်ပွဲဆင်နွဲနေရင်း သူ၏ ချစ်လှစွာသော မိဘုရားစောလုံအား ကျီ်စားလိုသဖြင့် ဦးခေါင်းမှစကာ တစ်ကိုယ်လုံး ရွှဲရွှဲစိုအောင် ရေနစ်မွန်းသည်အထိ ရေလောင်းခြင်းကို ပြုမိ၊ ကျီစားမိလေသည်။ ရေပက်ကြမ်းခြင်းကြောင့် မိဘုရားစောလုံမှာ အရှက်ရကာ ဘုရင်အပေါ် အမျက်ထား၊ စိတ်ခုခြင်း ဖြစ်လေသည်။ သို့နှင့် ဘုရင့်ပွဲတော်တည်ရာတွင် အဆိပ်ခတ်ကာ လုပ်ကြံလေတော့သည်။ သို့သော် ဘုရင်နရသီဟပတေ့မှာ ကံကောင်းထောက်မကာ စားတော်ပွဲတွင် အဆိပ်ခတ်ထားသည်ကို သိရှိခဲ့လေသည်။ ဘုရင်သည်လည်း အမျက်ပြင်းစွာထွက်ကာ မိဘုရားစောလုံအား သေဒဏ်ပေး စီရင်မိလိုက်လေသည်။(အချို့သောသမိုင်းများတွင် မီးကျီးခဲရဲရဲများပေါ်တွင် အရှင်လတ်လတ် မီးကင်သတ်သည်ဟုဖတ်ရသည်၊ သမိုင်းမှန်မမှန်ကိုမသိနိုင်သဖြင့် ဤအကြောင်းအား ချန်လှပ်ထားခဲ့မည်)။ ဤသို့ဖြင့် ပုဂံဘုရင်၏ ရေသဘင်ပွဲသည် သမိုင်းစာမျက်နှာတွင် အရုပ်ဆိုးအကြည်းတန်ခဲ့ရပေသည်။ တိုသို့ “အကျီစားသန်ကရန်ဖြစ်ရ”ဆိုသော စကားပုံကဲ့သို့ ပုဂံဘုရင်နှင့် မိဘုရားစောလုံတို့၏ သမိုင်းအဖြစ်အပျက်သည် ၀မ်းနည်းဖွယ်ရာ အဖြစ်အပျက်တစ်ခုအနေနှင့် သမိုင်းတွင်ခဲ့ရပေသည်။ သို့ဖြစ်ပါ၍ ယနေ့ခေတ်လူငယ်များ အတုယူကြ၊ သတိထားကြကာ ရှောင်ကြည်သင့်ကြပေသည်။ ရေကစားခြင်းကို ထိန်းထိန်းသိမ်းသိမ်းဖြင့် တစ်ဦးပေါ်တစ်ဦး ချစ်ချစ်ခင်ခင် ယဉ်ယဉ်ကျေးကျေး ကစားကြ၊ ပျော်ကြ၊ ရွှင်ကြ၊ ဆင်နွဲသင့်ကြပေကြောင်း ကျွန်ုပ်ကွီးရွှေမှ သတိပေးလိုက်ရပေသည်။
သင်္ကြန်အကြောင်း ဆက်ပါဦးမည်- သင်္ကြန်ဆိုလျင်ဖြင့် ကျွန်ုပ်တို့ မြန်မာပြည်သူအများမှာ အမှတ်ရစရာ အကြောင်းများစွာသည် လူတိုင်းလူတိုင်းရင်တွင် ခိုင်မြဲစွာရှိနေကြမည်ဖြစ်သည်။ ထိုသို့ မဟာသင်္ကြန်အချိန်အခါရောက်တိုင်း ကျွန်ုပ်တို့တွဲလျက် သိရှိထားသောအချက်တစ်ခုမှာ “အတာစားခြင်း”ဆိုသည်ပင်။ ထိုအကြောင်းလေးကို ကျွန်ုပ်သိသလောက် အချက်အလက်အနည်းငယ်အား တင်ပြပါဦးမည်။-
အတာစားခြင်းဝေါဟာရတွင် “အတာ”ဟူသည် “အန္တ-အဆုံး”ဟူသော ပါဠိပုဒ်မှ တစ်ဆင့်ဆင်းသက်လာကာ “နောက်ဆုံးကာလ”ဟူ၍လည်း စာပေများတွင် ဖော်ပြကြလေသည်။ သို့ဖြစ်ပါ၍ “အတာရက်”ဟူသည် သင်္ကြန်အတက်ရက် ပင်ဖြစ်ပေတော့သည်။ တဖန် “အတာစားခြင်း”ဆိုရာ၌ သင်္ကြန်အတက်ရက်နှင့်မွေးနေ့တိုင်ဆိုင်သူများသည်၊ အတာသင့်သည် အတာစားသည်ဟု ဆက်လက်သုံးစွဲလာကြပါတယ်။ “အတာစား”သည်ဆိုရာ၌ (သင်္ကြန်အတက်ရက်မှာ) သန့်ရှင်းစင်ကြယ်သော အ၀တ်အစားများ ၀တ်စားဆင်ယင်လျှက် အရှေ့တောင်အရပ်သို့ မျက်နှာမူကာ ပူဇော်ထိုက်သူများ၊ ရိုသေထိုက်သူများကို လှူဖွယ်ပစ္စည်းအမျိုးမျိုးတို့ဖြင့် ပူဇော်ခြင်း၊ ဆက်ကပ်ခြင်း အမှုတို့ကို ကောင်းမွန်စွာ ပြုကြရာသည်။ အတာစာခြင်းဖြင့် ကောင်းခြင်းမင်္ဂလာတရားများ ပြည့်စုံလာကြပေမည်ဟု ရှေးပညာရှိတို့မှ ဆိုရိုးစကားရှိခဲ့ပေသည်။
ဤသည်မှာ အတာစားခြင်းအကြောင်း ကျွန်ုပ်ကွီးရွှေ သိသမျှ၊ ဖတ်မှတ် လေ့လာထားသည်များမှ မှတ်မိသမျှအချက်တို့အား ပြန်လည်တင်ပြခြင်းဖြစ်လေသဖြင့် ပညာရှင်တို့အဆိုများနှင့်ကွဲလွဲမှုရှိခဲ့ပါက ကျွန်ုပ်၏ အားနည်းချက်သာဖြစ်ပါသည်။
အထက်ပါ ဆိုခဲ့လေသည်အတိုင်း ယနေ့သည် သင်္ကြန်အတက်နေ့ဖြစ်ပေ၏။ များမကြာမီ တစ်ရက်ကုန်လို့ နောက်တစ်ရက်ကူးကြလျှင်ဖြင့် မြန်မာ့နှစ်သစ်၏အစ နှစ်ဆန်းတစ်ရက်နေ့သို့ ကူးပြောင်းရောက်ရှိပေတော့မည်။ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းတော့မည့် နှစ်ဆန်းတစ်ရက်နေ့သည် နှစ်သစ်အတွက် မင်္ဂလာအခါသမယနေ့လည်း ဖြစ်ပေသည်။ နှစ်ဆန်းတစ်ရက်နေ့၏ နံနက်ခင်းအရုဏ်တက်ချိန်မှစ၍ အမြို့မြို့၊ အနယ်နယ်ရှိ တန်ခိုးကြီးဘုရား၊ ပုထိုး၊ စေတီတော်များတွင် သံဃာတော်များအား အလှူအတန်းပွဲများ ကျင်းပဆင်နွဲကြပေသည်။ ဘုရားပုထိုး၊ စေတီနှင့် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံများရှိ ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပါယ်ခြင်းပူဇော်မှုများပြုကြပေသည်။
နှစ်ဆန်းတစ်ရက်နေ့တွင် အသက်ဝါကြီးသော အရပ်ထဲက လူကြီးသူမများ၊ ဘိုးဘွားများကို ခြေသည်း၊ လက်သည်းများ လှီးဖြတ်ပေးခြင်း၊ ခေါင်းလျော်၊ ရေချိုးပြုလုပ်ပေးခြင်း စသည့်တစ်ကိုယ်ရေသန့်ရှင်းမှုများဖြင့် ပြုစုစောင့်ရှောက်ပေးကြသည်။ ဤမျှနှင့် မပြီးသေးချေ အရပ်ရပ်ရှိ ရဟန်းရှင်လူအများအား လမ်းဆုံလမ်းခွများတွင် စတုဒိသာများ ကျွေးမွေး ဒါနပြုခြင်းများလည်းရှိသေးသည်။ နွား၊ ငါးနှင့် သိုး၊ ဆိတ် အစရှိသော တိရိစ္ဆာန်များကိုလည်း ဘေးမဲ့လွှတ်ပွဲများကျင်းပ ဆောင်ရွက် ကြသေးသည်။ ထိုနေ့တွင် ကျန်းမာရေးကောင်းသော လူငယ်လူရွယ်များမှ သွေးလှူခြင်းများကိုလည်း အသင်းအဖွဲ့များဖြင့် ဆောင်ရွက်ကြသေးသည်။
ဤနှစ်ဆန်းတစ်ရက်နေ့၏ ညနေပိုင်း နေအေးသွားချိန်တွင် မြို့နယ်၊ ရပ်ကွက်အသီးသီးရှိ လမ်းများတွင် သဃာံတော်များအား ပင့်ဖိတ်ကာ အန္တရာယ်ကင်း ပရိတ်တရားတော်များနာခြင်း၊ ကမ္မ၀ါစာများ ရွတ်ဖတ် နာကြားကြခြင်းဖြင့် နှစ်သစ်တွင် မကောင်းမှုများကင်းစင်ပပျောက်ကာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံစေခြင်းကို ကျွန်ုပ်တို့အားလုံးမှ ဆောင်ရွက်ကြရ ပါမည်။ အထူးထူးသော ကုသိုလ်တရားများ ပွားများကြခြင်းဖြင့် မင်္ဂလာအပေါင်းနှင့်ပြည့်စုံစွာ ကျွန်ုပ်တို့၏ နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်မင်္ဂလာ အခါတော်နေ့အား ကောင်းမှုကုသိုလ်များဖြင့်အစပြုကာ ကြိုဆိုလိုက်ကြပါစို့ခင်ဗျာ။
မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နှစ်သစ်မှာ မြန်မာစတီးမစ် မိတ်ဆွေများ အားလုံးသည်လည်း ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ လန်းဖြာခြင်းများနှင့် ပြည့်စုံကြပြီး မိမိတို့ ရည်မှန်းချက်များ ပိုင်ပိုင်နိုင်နိုင် ရရှိနိုင်ကြပါစေလို့ ဆုမွန်ကောင်းများ တောင်းဆုချွေရင်း ကျွန်ုပ်ကွီးရွှေ၏ စတီးမစ်ရွာသင်္ကြန်ပွဲ ဆောင်းပါးအား နိဂုံးချုပ်လိုက်ပါသည်။
မြန်မာစတီးမစ် အဖွဲ့သားများ ကိုယ်စိတ်နှစ်ပါး အေးချမ်းပျော်ရွှင်ကြပီးလျင် မိမိတို့ ရည်မှန်းချက် Goals များအား အောင်မြင်အောင် ဆောင်ရွက်နိုင်ကြပါစေဗျား။
Writer >>>@nyinyiwin(Steemit) MSC-006
Writing End Time >>> 11:00 PM (16.4.2018)
#Myanmar #Story #Writing #Literature #Culture