ယောင်္ကျားတွေရဲ့အချစ်က မရခင်တစ်မျိုး၊ ရပြီးတစ်မျိုးဆိုတာ တကယ်မှန်တာပဲ။ အယ်….ဒီလိုပြောလို့ ကိုယ်တွေ့လားလို့ မထင် လိုက်နဲ့အုံးနော်။ ကိုယ်တွေ့မဟုတ်တဲ့ သူများတွေ့ရှင့် သူများတွေ့။
သူများတွေ့ဆိုလို့အဝေးကြီးမဟုတ်ပေါင် အိမ်က ကိုယ့်တူပေါ့။
ဒီနေ့ တူလေးကအပြင်ရောက်နေတုန်းသူ့မိန်းမက ဖုန်းဆက်ပြီးထမင်းစားဖို့ခေါ်တယ်။ အိမ်ပြန်ရောက်ရောက်ချင်း သူ့မိန်းမကိုပြောတာက “ခိုင့်ကိုတစ်ခုပြောရအုံးမယ်။ ထမင်းစားဖို့ ကိစ္စလေးတစ်ခုနဲ့ ဖုန်းဆက်ပြီး အိမ်ပြန်မလာခိုင်းနဲ့။ ထမင်းထက် အလုပ်ကအရေးကြီးတယ်” တဲ့။ ကြည့်ပါအုံး။ ပြီးတော့ပြောသေးတာ ဘာတဲ့… “နောက်တစ်ခါအဲ့လိုဖုန်းဆက် ခေါ်ရင် ညကျဆံပင်ဖြူအချောင်း(၁၀၀) နှုတ်ပေးရမယ်” တဲ့။ မဟုတ်လည်း သူဖြင့် သူ့မိန်းမကိုနေ့တိုင်း ဆံပင်ဖြူနုတ်ခိုင်းပြီး ဇိမ်ခံနေတာကို။
သူ့မိန်းမကတော့ရယ်နေပေမယ့် ကျမကတော့ ပြောဖြစ်အောင်ပြောလိုက်တယ်။ “အံမလေး ညိုညိုရယ် နင့်ဆီဖုန်းဆက်ရတာကလဲ ဈေးကြီးလိုက်တာပါလား” လို့။ ဟုတ်တယ်လေ။ သူ့မိန်းမကဖြင့် သူ့ကိုစားစေချင်လို့ ဖွယ်ဖွယ်ရာရာ ချက်ထားတာကို ဟင်း...မပြောလိုက်ချင်ဘူး။ အမှန်က တူလေးကသူ့မိန်းမကို စ,နေတာပါ။ သူသာတကယ်အလုပ်များရင် ဘယ်လောက်ခေါ်ခေါ်ပြန်မလာဘူး။ ပြီးတော့ တူကပေတေသေးတယ်။ ဘယ်တော့မှ အိပ်ချိန် စားချိန်မမှန်ဘူး။ သူ့ခံယူချက်ကလည်း ထမင်းတစ်နပ်မစားလိုက်လို့ ဘာမှမဖြစ်ဘူးတဲ့။
လူပျိုဘဝတုန်းက သူကကျမတို့အိမ်မှာနေတာ။ အဲ့တုန်းကဖုန်းတွေပေါ်ကာစရယ်။ သူတို့သမီးရည်းစားဘဝက ည(၀၉:၀၀) နာရီလောက်ဆို ပုံမှန် တူလေးက မခိုင်ဆီ ဖုန်းဆက်နေကျ။ တစ်နေ့တစ်နေ့ သူအလုပ်ကပြန်လာရင် သူ့ချစ်သူမခိုင်ကို တနေ့တာမှာ ဘာလုပ်တယ် ဘာစားတယ်ဆိုပြီး အစီရင်ခံရတာအမော။ တစ်ခါဖုန်းပြောရင် တစ်နာရီမကကြာတယ်။ ဟိုက အရက်မသောက်ရဘူး။ လျှောက်မလည်ရဘူး။ ဘာညာဆိုပြီး တော်ကီချုပ်ထားမှာပေါ့။
ညရောက်လို့ ဖုန်းဆက်မယ့်အချိန် သူ့သူငယ်ချင်းတွေနဲ့ လျှောက်လည်နေတယ်ဆိုရင်တောင် ရောက်ရာအရပ်ကနေ အမြန်ပြန်လာတာနော်။ ပြီးတော့ ဖုန်းပြောရင်းနဲ့လှေကားထစ်(၆၄)ထစ်ကို အထစ်ကျော်တက်လာပြီး သူမလည်ပါဘူး။ အိမ်မှာပဲရှိနေတာပါဆိုပြီး ဒီကအဒေါ်ကို သူ့ဖုန်းကြီးထိုးပေးပြီး မခိုင်ကို လိမ်ခိုင်းသေးတာ။ ဒီအဒေါ်ကလည်း အားကိုး ရတယ်နော်။ “ဟုတ်တယ်…တညနေလုံးအိမ်မှာ နေတာ၊ ဘာညာဆိုပြီး မှင်သေသေနဲ့လိမ်ပေးသေးတာ”
ဟော…ခုကျတော့ သူ့ဆီဖုန်းတစ်ခါဆက် ဆံပင်ဖြူအချောင်း(၁၀၀) နှုတ်ပေးရမယ်တဲ့။ အံ့ဩဘ ကမ္ဘောဇ။ ပြောသာပြောရတာပါ။ ကျမ တူလေးက သူ့မိန်းမတော့ အတော်ချစ်ပါတယ်။ သူ့အချစ်က ထုတ်မပြောတဲ့ လေလိုအချစ်ပေါ့။ ရှိတော့ရှိတယ် မသိရပေါ့။
သူ့မိန်းမရွာမှာ ယောက္ခမတွေကို လယ်ကွက်တွေဝယ်ပေး။ နွားတွေ မွေးဖို့ဝယ်ပေး။ ပြီးတော့ အဲ့နွားတွေစားဖို့ နွားစာကို ကိုယ်တိုင်စဉ်းစရာမလိုဘူး။ နွားစာစဉ်းစက်ဝယ်ပေးထားသေး။ ခြံထဲမှာ ရေကိုဖောဖောသီသီသုံးနိုင်အောင် ရေစုပ်စက်နဲ့ ယောက္ခမ တွေကောင်းကောင်းအိပ်ဖို့ Aircon နဲ့ဆိုတော့ စဉ်းစားကြည့်တော့။ ဒါသူ့မိန်းမကိုချစ်လို့ သူ့ယောက္ခမတွေကို လုပ်ပေးတာပေါ့။
သမီးရည်းစားဘဝတုန်းကလိုမျိုးတော့ အချိန်ပြည့်တီတီတာတာတွေ ပြောစရာမလိုတော့ဘူးလေ။ သူတို့ မှာလည်း ချစ်စရာကောင်းနဲ့ သားလေးတစ်ယောက်နဲ့ တစ်ဝက်ရှိ နေပြီဆိုတော့လည်း တူလေးခမျာ ဒိထက်ပိုကြိုးစားရှာရအုံးမယ်လေ။ တူမကမိန်းမသားဆိုတော့ သူချစ်တာကို ထုတ်ပြပေမယ့် တူလေးကတော့ ထုတ်မပြဘူး။ သူ့မိန်းမရဲ့အချစ်တွေကို ခံစားတတ်ရဲ့ သားနဲ့ ပြန်ပြီးမရို (Ro) ချင်တဲ့ တူလေးတို့ဇနီးမောင်နှံ ကိုကြည့်ပြီး ပိုစ့်တစ်ပုဒ်ရအောင် ဒီကအဒေါ်က ဖန်တီးလိုက်ပါပေရဲ့။
@nweoomon
29-11-2021