A Tway Ta Sa

news4(40)
Published in
#esteem
Words
147
Reading
1 min
Listen
Play
8y

ကျွန်တော်ငယ်စဉ်က ရေငတ်ဖူးတယ်

ပိုက်ဆံရှိတဲ့မိသားစုကမွေးတဲ့ကလေး
နှပ်ချေးတွဲလောင်းနဲ့ကျတော့
ချစ်ဖို့ကောင်းလိုက်တာတဲ့ •••။
image
နှပ်ချေးထွက်တဲ့ကလေးချင်းတူတာတောင်
မိဘကငွေမရှိတော့
ရွံစရာကောင်းလိုက်တာ ဒီရေခွက်နဲ့ရေမသောက်စေနဲ့တဲ့•••။

တကယ်တော့ကလေးမှာအပြစ်မရှိပါဘူးဗျာ
နှပ်ချေးတွဲလောင်းထားတဲ့မိဘရယ်
အဆင့်အတန်းခွဲတဲ့အသိုင်းအဝိုင်းရယ်ကြောင့်
ကလေးလေးတစ်ယောက်ရေမသောက်လိုက်ရရှာဘူး •••။

ရေအိုးကိုမြင်ပြီး
ခြောက်ခမ်းနေတဲ့တတွေးကိုမြိုချ
လက်ခုပ်လေးခံပြီးရေတိုက်နေတဲ့အခြားကလေးကို
ကျွန်တော်ငေးကြည့်နေတာတောင်
ဟိုကောင်လေး ဘာကြည့်တာလဲတဲ့
ကျွန်တော်ရေဆာလို့ငေးမိတာပါဗျာလို့
နှုတ်မှရေရွတ်မိသည်မှတစ်ပါး ကျွန်တော် ဘာမှမပြောနိုင်ခဲ့ပါ •••။

ရေသောက်ချင်မိသည့်စိတ်ကိုမြိုသိပ်
ထမ်းလာတဲ့ပီနံအိတ်ကိုပြန်လွယ်
ရပ်ကွက်ရေပုတ်မြောင်းထဲဆင်းပြီး
ကော်ကျွတ်တွေနဲ့သံတိုသံစ
ရေသန့်ဗူးခွံ ကြိုးစားရှာခဲ့မိတယ်
ငွေရမှကျောင်းဝတ်စုံဝယ်နိုင်မယ်ဆိုတဲ့အတွေးစနဲ့ပေါ့ •••။
image
လောစပီကာဓာတ်စက်
ရပ်ကွက်ဓမ္မာရုံကမြည်သံကြားရရင် ကျွန်တော်ပျော်တယ်
တစ်နေကုန် ဘာမှမစားရသေးတဲ့ဝမ်းတော်လေး
ဆန်ပြုတ်အဝသောက်ရတော့မယ်ဆိုတာကြောင့်ရယ်
သန်းထွန်းလေးရဲ့လူရည်ချွန်ဖြစ်ဖို့
ကျွန်တော်ကြိုးစားမည် ဆိုတဲ့ သီချင်းသံလေးက
ကျွန်တော့်ကိုအားပေးနေရဲ့ •••။

ဘာဖြစ်ဖြစ် လောကကြီးကတရားမျှတအောင် နေရာချပေးနေလေလျက်
တစ်ခါတခါ သူများအိမ်က စွန့်ထားတဲ့နတ်အုန်းကို
အပင်အောက်မှာ ပါးစပ်နဲ့ကုန်းခွာပြီး ကျောက်ခဲနဲ့ရိုက်
ပြီးအုန်းသီးဆံတွေ အဝ တပြဲထိုင်စားခဲ့တာကို
ပြေးသတိရမိသေးတယ် •••။

ရပ်ကွက်က ကျွန်တော့်ကို အလေးထားပါတယ်
ကော်ကျွတ်ကောက်တဲ့ကလေးတစ်ယောက်ပေါ့
ဆံပင်နီစုတ်ဖွားလေးနဲ့ နေပူလည်ခေါင်ဖိနပ်မပါ
ခေါင်းဆောင်းမပါနဲ့တွေ့သမျှလူတွေက
သနားကြင်နာတဲ့မျက်လုံးတွေနဲ့ကြည့်သွားတိုင်း
ကျွန်တော်ခေါင်းလေး အကြိမ်ကြိမ်ငုံ့နေခဲ့မိတယ် •••။

တစ်ခါတခါ ကိုယ်ကရိုးသားပေမယ့်
မရိုးမသားကြည့်ခံရတာကိုတော့ ရင်နာစရာအတော်ကောင်းခဲ့တယ်
ဘာဖြစ်ဖြစ် ဘဝကိုအရှုံးမပေးခဲ့မိဘူး •••။

မိဘက ဆင်းရဲတော့ ကိုယ့်သား ဒါတွေလုပ်နေတာသိပေမယ့်လည်း
ဘာမှမပြောရှာဘူး ဆန်တစ်ဗူးစာမှရရဆိုတဲ့အတွေးနဲ့တော့မဟုတ်ပါဘူး ကျွန်တော့်ဘဝကို နာကျည်းအောင် တမင်ပစ်ထားခဲ့လေသလား
ဒါမှမဟုတ် ငွေရဖို့ ဘယ်လို အလုပ်လုပ်ရတယ်ဆိုတာသိစေချင်တာလား ကျွန်တော်မသိခဲ့ •••။

နေပူလို့မောရင် ရေအိုးစင်ရှိတဲ့အရိပ်ဟာ ကျွန်တော့်အတွက် နိဗ္ဗာန်တစ်ခုလားအောက်မေ့မိတယ်
နေ့တစ်ဝက်ကျိုးလို့ ထမ်းလာတဲ့အိတ် အပြည့်ရပြီဆိုရင်တော့ အဲ့ဒီနေ့က ရေငတ်တာတောင်မေ့နေဖူးတယ် •••။

ခါးတွေကိုင်းရင် ကိုင်းပါစေ
မနိုင်မနင်းနဲ့ပင့်ပေးသူမရှိလို့ ပုခုံးပေါ်ရောက်အောင် ဒူးတုတ်ပြီး ကုန်းထထမ်းနေတဲ့အချိန်ဟာ ကျွန်တော့်အတွက် ငရဲကျနေသလိုခံစားရတာ မျိုးဆို
ဘယ်ဝဋ်ကျွေးကြောင့်လဲလို့လည်း တွေးဖူးတယ် •••။

အသိစိတ်လေးလွတ်သွားမှာစိုးလို့
မသိတဲ့သီချင်းတွေ အကုန်လျှောက်ဆိုပစ်တယ်
သံစဉ်မဲ့တဲ့ ကြိုးတွေနဲ့
ဘာဖြစ်ဖြစ်ကျေနပ်ပါတယ် ဒါဟာဘဝလို့ခေါ်တယ်ပေါ့•••။

ဘဝမှာ အခုအချိန်အထိ မေ့မရတာကတော့ ကျွန်တော်ငယ်စဉ်က ရေငတ်ဘူးတယ်ဆိုတာပါပဲ
ကျွန်တော်တစ်ကောင်ကြွက်နဲ့ရုန်းကန်နေတဲ့အချိန်ဆိုတာ ကျွန်တော့်အတွက် သင်ခန်းစာတွေ ကြေညက်နေပါပြီ
စာမေးပွဲတွေအကြိမ်ကြိမ်ဖြေခဲ့တယ်
ခဏခဏကျရှုံးဖူးခဲ့တယ် •••။

ဘာပဲဖြစ်ဖြစ် ရေမငတ်အောင်တော့ ကျွန်တော်ကြိုးစားမည်
ရေတောင်မသထာတဲ့ အသိုင်းအဝိုင်းတွေ ကျွန်တော့်ဘေးမှာ ရှိနေလို့ပါပဲ •••။

သူတို့ရေငတ်နေရင်
ကျွန်တော် ရေတိုက်နိုင်အောင် ကြိုးစားရမယ်•••။

                                               ![image](https://img.esteem.ws/m1d4j3zrq5.jpg)