ငါ့အတွက်မဟုတ်ဘူး

Words
232
Reading
2 min
Listen
Play
8y

မောင်ဘတူသည် ဧရာဝတီမြစ်ဘေးနားရှိ ရွာလေးတစ်ရွာတွင် ဖားရှာ ငါးရှာခြင်းဖြင့် အသက်မွေးလေ၏။သူသည် ငယ်စဉ် အချိန်မှစ၍ အခြား စီးပွားရေးကို မလုပ်ခဲ့။အသက်အရွယ်လေး ရောက်လာသောအခါ ရွာထဲမှ မိန်းကလးတစ်ဦးနှင့် အိမ်ထောင်ကျလေသည်။
credit image source
အိမ်ထောင်ကျ၍မှ မကြာမှီမှာပင် မောင်ဘတူ၏ ဇနီးမှာ သင်္ခါရနယ်ပယ်သို့ ကူးပြောင်းသွားလေသည်။မောင်ဘတူမှ မိန်မရ၍ ပျော်လို့မှ မဝခင် ငိုပွဲဆင်ခဲ့ရလေသည်။မောင်ဘတူမှာ ခါတိုင်းကဲ့သို့ ဖားငါးမှ ကောင်းစွာ မရှာနိုင်တော့ပေ။

မောင်ဘတူသည် တဖြည်းဖြည်း လူလောကတွင်နေရထိုင်ရသည်ကို မပျော်မွေ့ဖြစ်လာလေသည်။ထို့ကြောင့် ရဟန်းဘောင်သို့ ဝင်ရောက်ရန်အတွက် ရွာဦးကျောင်းဆရာတော်ထံ သွားရောက်ခဲ့လေသည်။ကျောင်းရောက်လျှင် ဆရာတော်အား ရဟန်းပြုလိုကြောင်း လျှောက်ထားလေသည်။

ဆရာတော်သည် ရဟန်းပြုလျှင် လိုက်နာရမည့် အကျဉ်းအားဖြင့်(၂၂၇)သွယ် အကျယ်အားဖြင့် ကုဋေကိုးထောင်ကျော်သော သိက္ခာပုဒ်များကိုရှင်းပြသည်။မလိုက်နာလျှင် ခံရမည့် အပြစ်များကိုလည်း ရှင်းပြလေသည်။ထိုအခါ မောင်ဘတူမှာ ရဟန်းဘဝ၏ ခက်ခဲ ကျပ်တည်းမှုကို သိသွား၍ ရဟန်း မဝတ်လိုတော့ပေ။

ထို့ကြောင့်ဆရာတော်ထံတွင် ဆယ်ပါးသီလကိုသာ ထိန်းသိမ်းရသော ဖိုးသူတော်သာဝတ်၍ ဗုဒ္ဓစာပေတို့အား သင်ယူနေလေတော့သည်။မောင်ဘတူမှ ဖားရှာ ငါးရှာဘဝမှ ဖိုးသူတော်ဖြစ်လာခဲ့သောကြောင့် အိုင်တွေ့လျှင် ဖားငါးရှာချင်သော အကျင့်က မပျောက်ချင်သေး။သို့သော် ဖိုးသူတော်ဘဝနှင့် ဖားငါးရှာတာ လူမြင်လျှင်လည်း မသင့်တော်သောကြောင့် မနည်းထိန်းနေရလေသည်။

ဖိုးသူတော်ဘတူသည် ဆရာတော်ထံမှ ဗုဒ္ဓစာပေတို့ သင်ကြားလာခဲ့သည်မှာ အတော်အတန်ခရီးပေါက်လာခဲ့သည်။ဆရာတော် တရားဟောသည်များကို ကြည့်ပြီးလည်း ဟောချင်ပြောချင်စိတ်များ ဖြစ်လာမိသည်။အခါအခွင့်က သင့်ပါက ဟောပြောချင်သေးသည်။

ဖိုးသူတော်ဘတူတို့ ဘုန်းကြီးကျောင်းမှာ သံဃာရှားပါးလှသည်။ရဟန်း ကိုရင် ဝတ်သူများလာလျှင်လည်း ဆရာတော်၏ သေခြာရှင်းပြမှုကြောင့် မဝတ်ဖြစ်ကြ။ဝတ်ဖြစ်သူများသည်လည်း ရဟန်း သာမဏေ ဘဝ၏ ကျဉ်းကျပ်သော သိက္ခါပုဒ်များကို မစောင့်ထိန်းနိုင်၍ လူထွက်ကုန်ကြသည်။ကျောင်းတွင် ဆရာတော် ဖိုးသူတော်ဘတူ နှင့် ကျောင်းသားလေး လေးငါးယောက်သာ ရှိကြသည်။

တစ်ခါတွင် ဆရာတော်မှာ ခရီးဝေးသွား စရာရှိ၍ ဖိုးသူတော်ဘတူအား ဥပုသ်နေ့တွင်ရွာသူ ရွာသားများအား သီလပေးထားရန်စေခိုင်းခဲ့လေသည်။ဆရာတော်မရှိသော အခါ ကျောင်းတွင် အကြီးဆို၍ ဖိုးသူတော်ဘတူ တစ်ယောက်သာရှိတော့သည်။ဖိုးသူတော်ဘတူ အတွက် ကြောက်ရမည့်သူမရှိတော့။

ဤသို့ဖြင့် ဥပုသ်နေ့ ရောက်သောအခါ ဟောချင်ပြောချင်နေသော ဖိုးသူတော်ဘတူမှ ရွာသူ ရွားသားများအား သီလပေးသည်။ထို့အပြင် ငါးပါးသီလကို စောင့်ထိန်းခြင်းကြောင့် ရလာမည့် အကျိုးကျေးဇူးများအား ဟန်ပါပါ ဟောပြသည်။ငါပါးသီလကို မစောင့်ထိန်းလျှင် ခံစားရမည့် အပြစ်များကိုလည်း သေခြာဂဏစွာ ဟောပြလေသည်။ရွာသူ ရွားသားများသည် ဖိုးသူတော် ဘတူ၏ အဟောပြော ကောင်းပုံကို ကြည့်၍ များစွာ သဘောကြခြင်း ဖြစ်ကြလေသည်။

နေ့လယ်ပိုင်းတွင် သီလယူလာသော ရွာသူ ရွာသားများပြန်သွားသောအခါ ဖိုးသူတော်ဘတူသည် တောထဲသို့ တစ်ယောက်ထဲ ထင်းကောက်ထွက်ခဲ့လေသည်။တစ်နေရာ၌ ရေခန်းခါစ အိုင်တစ်ခုတွင် ငါးများ ပွက်နေသည်ကို တွေရလေသည်။ဖိုးသူတော်ဘတူသည် ငါးဖမ်းချင်စိတ် ပြင်းစွာဖြစ်ပေါ်လာသည်။သို့သော် ဖိုးသူတော် ဝတ်ဖြစ်နေသောကြောင့် ငါးဖမ်းရန်လည်း ခက်နေလေသည်။

ငါးဖမ်းမယ် မဖမ်းဘူး ဟူသော ဆုံးဖြတ်ချက်သည် စိတ်ထဲတွင် လွန်စွဲနေလေသည်။ဖိုးသူတော်ဘတူသည် ဘေးဘီတွင်လည်း အခြားသူမရှိ သူတစ်ဦးတည်းသာ ရှိနေသောကြောင့် သူငါးဖမ်းလျှင်လည်း အခြားသူ မမြင်နိုင်ပေ ထို့ကြောင့် ငါးဖမ်းရန်ဆုံးဖြတ်လိုက်သည်။ထို့နောက် ခါးတောင်းမြှောင်အောင်ကျိုက်ကာ ငါးစဖမ်းလေတော့သည်။

ဖိုးသူတော်ဘတူ ကံဆိုးလေစွ။ငါးဖမ်း၍ မကြာခင်တွင် သီလယူထားသော ရွာသားတစ်ဦး ဖိုးသူတော်ဘတူ ငါးဖမ်းနေသည်ကို မြင်သွားလေသည်။ထိုရွာသားမှ ဖိုးသူတော်ဘတူအား"ဖိုးသူတော်က သောနကတော့ ကျုပ်တို့ကို ငါးပါးသီလ အကျိုး အပြစ်တွေဟောပြပြီး အခုတော့ ငါးလာဖမ်းနေတယ်…အပြောနဲ့ အလုပ်လည်းမညီဘူး…ကျုပ်တို့ကတော့ ဦးသူတော် အဟောပြောကောင်းလို့ အထင်ကြီး လေးစားနေတာ အခုတော့ အလကားပဲဗျာ…"ဟုပြောလေသည်။
ထိုအခါ ဖိုးသူတော်ဘတူ ပြန်ပြောလိုက်သောစကားမှာ"ငါဟောတာက မင်းတို့လိုက်နာဖို့အတွက်…ငါ့အတွက် ဟောတာ မဟုတ်ဘူး…"ဟုပြောလိုက်လေသည်။ရွာသားလည်း ဘာမှာ မပြောတော့ပဲ ထွက်သွားလေတော့သည်။

ဤလောကကြီးတွင်"ငါဟောတာက မင်းတို့လိုက်နာဖို့အတွက်ငါ့တွက် ဟောတာ မဟုတ်ဘူး"ဆိုသူများ မည်မျှလောက်ရှိနေမည် မသိတော့ပါ။

MSC-224
myintlwinsoe@myintlwinsoe

ငါ့အတွက်မဟုတ်ဘူး | Ecency