အခုတလော FaceBookတွင် ခေတ်စားနေသော သရဲကကားလိုက်စီးသည့် video လေးကြည့်မိလေသည်။ထို video လေးကိုကြည့်ပြီး ကျွန်တော်ငယ်ငယ်က သရဲခြောက်ခံခဲ့ရပုံကို ပြန်အမှတ်ရမိလေသည်။steemitတွင် ရေးရန်မေ့နေသော ကုန်ကြမ်းလေးအား ပြန်သိရအောင် လုပ်ပေးသော သရဲအား ကျေးဇူးတင်မိလေသည်။
credit image source
ကျွန်တော် ဆယ်တန်အောင်သောအခါတွင် ကိုယ့်မြို့တွင်ကိုယ် ကျောင်းမတက်ချင်ခဲ့ပေ။ထို့ကြောင့် လမ်းညွှန်စာအုပ်ကိုကြည့်ကာ ကိုယ့်မြို့တွင် မရှိသော ဘာသာရပ်များကို ဦးစားပေးလျှောက်ထားခဲ့သည်။ကံအားလျှော်စွာ မုံရွာမြို့တွင် တက်ရမည့် ဘူမိဗေဒ ဘာသာရပ်ကို ရရှိခဲ့လေသည်။အကယ်၍ ကျွန်တော် ရွှေဘိုတွင်သာ ကျောင်းတက်ခဲ့ရပါက ယ္ခုအဖြစ်ပျက်သည် ဖြစ်လာခဲ့မည် မထင်ပါ။
ကျွန်တော့်ဦးလေးတစ်ယောက်သည် မုံရွာတွင် ကျောင်းသားထားသော အဆောင်တစ်ခု ဖွင့်ထားလေသည်။ကျွန်တော်သည် ဦးလေးအဆောင်တွင် နေရင်း ကျောင်းတက်ခဲ့ရသည်။ဦးလေတွင် ကျွန်တော်နှင့် အသက်မတိမ်းမယိမ်း ဖိုးသာလေးဟု ခေါ်သော သားတစ်ယောက်ရှိလေသည်။ဖိုးသားလေးမှာ အဖေကိုသာကြောက်ပြီး အမေကိုတော့ ဖုတ်လေသည့်ငပိ ရှိသည်ဟုပင် မထင်သူဖြစ်လေသည်။
ကျွန်တော့ ဦးလေးသည် အလုပ်ကိစ္စဖြင့် ခရီးသွားရတက်သည်။ထိုအခါမျိုးတွင် ဖိုးသားလေသည် ကြောင်းမရှိက ကြွက်မြူးသကဲ့သို့ အမေကို အကြောင်းအမျိုးမျိုးပြကာ ညဘက်အပြင်ထွက်တက်ပြီး မိုးချုပ်မှ ပြန်လာတက်လေသည်။ဖိုးသားလေးသည် ကျွန်တော့အား ဦးလေးနောက်တခါ ခရီးထွက်လျှင် ညီကို နှစ်ယောက် Beer သွားသောက်ရန် အဖော်ညှိလေသည်။ကျွန်တော်သည်လဲ Beer ကြိုက်သူ ဖြစ်သောကြောင့် လက်ခံလိုက်သည်။
တစ်ရက်တွင် ဦးလေးသည် အလုပ်ကိစ္စဖြင့် ခရီးထွက်သွားလေသည်။အခါအခွင့် စောင့်နေသော ကျွန်တော်တို့ နှစ်ယောက်သည် Beer သောက်ရန် ညနေစောင်းတွင် အပြင်ထွက်ခဲ့လေသည်။အိမ်ကိုတော့ ဘောလုံးပွဲကြည့်မည်ဟု ပြောထားခဲ့သည်။Beer ဆိုင်သို့ ရောက်သောအခါတွင် ကျွန်တော်တို့ နှစ်ယောက်သည် နွားငက်ရေကျ တစ်ခွက်ပြီးတစ်ခွက် စကားတပြောပြောနှင့် သောက်လိုက်သည်မှာ ညလဲတော်တော်နက်လာပြီဖြစ်သည်။ကျွန်တော်တို့ သောက်သည်မှာလဲ တစ်ယောက် (8)ခွက်လောက်ရှိပြီဖြစ်၍ တော်တော်ကောင်းနေပြီဖြစ်သည်။ညနက်လာ၍ ကျွန်တော်တို့ နှစ်ယောက်သည် နောက်ဆုံးတစ်ယောက် တစ်ခွက်သောက်ကာ ပိုက်ဆံရှင်း၍ ပြန်ခဲ့ကြလေသည်။
ကံများဆိုးချင်တော့ လကွယ်ညဖြစ်သည့်အပြင် မီးပါပျက်သွားသောကြောင့် ဖြတ်သွားဖြတ်လာဆိုင်ကယ်မီးလေးကိုအားကိုးကာ တစ်ယောက်လည်ပင်း တစ်ယောက်ဖက်ခါ ပြန်ခဲ့ကြလေသည်။ညနက်ပြီဖြစ်သောကြောင့် အသွားအလာမရှိတော့။ကျွန်တော်တို့ နောက်မှ ခြေသံ တစ်ချက်တစ်ချက်ပါလာသည်။ကျွန်တော်မှ ဖိုးသားလေးအား နောက်မှာ ခြေသံတစ်ချက်တစ်ချက် ပါလာကြောင်းပြောသည်။ဖိုးသားလေး သူလဲကြားသည်ဟု ပြောသည်။
ကျွန်တော်တို့နှစ်ယောက် နောက်လဲလှည့်မကြည့်ရဲခဲ့။သတိထားပြီး ဆက်လျှောက်လာခဲ့သည်။ကျွန်တော်တို့နောက်လိုက်လာသော ခြေသံသည် ကျွန်တော်တို့ (၂)ယောက် ရပ်သွားရင် ခြေသံရပ်သွားသည်။ ကျွန်တော်တို့ ပြေးရင် သူပါလိုက်ပြေးသည်။ကျွန်တော်တို့ ၂ယောက် ခေါင်းနပန်းကြီးလာသည်။ကြက်သီးမွှေးညှင်းထလာသည်။ခေါင်းရှိဆံပင်မွှေးများ ဂျယ်မလိုပဲ အလိုလိုထောင်လာသည်။
ကျွန်တော်က ဖိုးသားလေးအား "ဟိတ်ရောင် မင်းနောက်လှည့်ကြည့် ငါမကြည့်ရဲဘူး" ဖိုးသားလေးကလဲ သူလဲလှည့်မကြည့်ရဲကြောင်း ပြောပြသည်။ထို့နောက်ကျွန်တော်မှ"ဒီလိုလုပ်ကွာ… ပြိုင်တူလှည့်ကြည့်ကြမယ် …ငါက တစ် နှစ် သုံး လို့ရေမယ်…သုံး ဆိုတာနဲ့ ပြိုင်တူကြည့်မယ်"ဟုပြောသည်။ဖိုးသားလေးကလဲ သဘောတူသည်။ ကျွန်တော်က တစ် နှစ် သုံး ရေလိုက်ပြီး ပြိုင်တူလှည့်ကြည့်ကြသည်။
ကျွန်တော်တို့နှစ်ယောက် အကျီ အဖြူလေးပဲ မြင်ရသည်"လခွမ်းးး ခေါင်းမပါဘူးဟ"ဆိုပြီး အော်မိကြသည်။"ငါတို့အကြည့်မှားတာ ဖြစ်မယ် ပြန်လှည့်ကြည့်မယ်"တစ် နှစ်သုံး ဆိုကာ ပြန်လှည့်ကြည့်သည်။" အမလေး အမေရေ ခေါင်းမပါဘူးဗျ 😨😨"ဟု အော်ကာ ပုဆိုးကိုစလွယ်သိုင်းပြီး ကျွန်တော်တို့နှစ်ယောက် ခြေကုန်သုတ်ပြီး ပြေးကြလေသည်။စီးထားသောဖိနပ်ပင် ကျွတ်ကျခဲ့လေသည်။ အကွေ့တစ်နေရာအရောက် နှစ်ယောက်သားခလုတ်တိုက်ကာ ဒယိမ်းဒယိုင်ဖြင့် မြောင်းထဲ ထိုးကျလေသည်။
မြောင်းထဲအရောက်တွင် အပေါမှ အသံတစ်သံကြားလိုက်ရသည်။" ညီလေးတို့ အဆင်ပြေရဲ့လား…ဒီမှာရော့ …ညီလေးတို့ ဖိနပ်အကိုကောက်ခဲ့တယ်…အကိုကတစ်ယောက်တည်း ကြောက်လို့ ညီလေးတို့နောက်ကို အမှီလိုက်တာ…ညီတို့က အရမ်းဇွတ်ပြေးတော့ အကိုလဲ အမီလိုက်ပြေးလိုက်လာတာ…နောက်ပြီး ညီလေးတို့က သရဲဆိုပြီး အသကုန်ပြေးတော့ အကိုလဲ လိုက်ပြေးတာပေါ့…ဒါနဲ့နေပါအုံး သရဲက အခုရောရှိသေးလား…"ဟုမေးသည်။ထိုအချိန်တွင် မီးပြန်လာ၍ လမ်းမီးများလဲ လင်းလာသည်။ကျွန်တော်တို့နှစ်ယောက် ပြိုင်တူမော့ကြည့်မိသည်။
ကျွန်တော်တို့ တွေ့လိုက်သည်မှာ အင်္ကျီအဖြူ ပုဆိုးအမည်း ဝတ်ထားသော ရီလိုက်လျှင် သွားသာမြင်ရသည့် လွန်စွာအသားမည်းသည့် ရပ်ကွက်ထဲမှ ကိုလောရှည် ဖြစ်နေသည်။ထိုအခါမှ ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်တာ ဟက်ဟက်ပက်ပက် ရီမောကြလေတော့သည်။ကိုလောရှည်မှာ ကျွန်တော်တို့ နှစ်ယောက်ကိုကြည့်ကာ အူကြောင်ကြောင် ဖြစ်နေလေတော့သည်။
MSC-224
@myintlwinsoe