#သူသာမုန့်ဟင်းခါးရောင်းခဲ့လျှင်
တစ်ခါတစ်လေကျွန်တော်တွေးမိတယ်။
၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတုန်းက သမ္မတကြီးဦးသိန်းစိန်က အမေစုကို ကြိုဆိုဖို့ သူ့အခန်းမှာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကိုချိတ်ပြီးထားခဲ့တုန်းက ပြည်သူတွေအရမ်းကို ပဲစိတ်လှုပ်ရှားခဲ့ကြပါတယ်။ တကယ်ပဲပြောင်းလဲခဲ့ပြီ။ တို့နိုင်ငံမှာ ရန်ငြိုးတွေအာဃာတ တွေကိုသင်ပုန်းချေနိုင်ခဲ့ပြီ ၊ တိုးတက်မှုရဲ့လမ်းစကိုရောက်ပြီလို့ တကယ်ပဲ ယုံကြည်မိခဲ့ ပါတယ်။ နောက်ပိုင်း အမေစု လွှတ်တော်ထဲရောက်လာတယ်။ အာဇာနည်ကုန်းမှာ ကြံဖွံ့တွေနဲ့ NLD တွေဆုံမိတော့ တစ်ဦးနဲ့တစ်ဦးနှုတ်ဆက်ကြရင်း မျက်ရည်တွေတောင် လည်ကြတယ်ဆိုလို့ ဝမ်းသာကြည်နူးပီတိမျက်ရည်တွေပဲလို့ သုံးသပ်မှတ်ချက်ပြုခဲ့မိပါ တယ်။ သမ္မတဦးသိန်းစိန်ရဲ့ နှစ်စဉ်ကန်တော့ နေကျ ဆရာမကြီးတစ်ယောက်က တို့နိုင်ငံ လည်းအရမ်းနောက်ကျကျန်ခဲ့ပြီ၊ မင်းသမ္မတလုပ်ခွင့်ရတုန်းကြိုးစားပြီးပြုပြင်ပါတော့လို့ ဆရာမကြီးကမေတ္တာရပ်ခံလို့ ဦးသိန်းစိန်က ကျွန်တော်စွမ်းနိုင်သမျှ ကြိုးစားပါ့မယ်လို ကတိပေးတာ၊ ဆရာမကြီးက ဦးသိန်းစိန်ဟာဗိုလ်သင်တန်းမှာ ရိုးသားပြီးစာတော်တဲ့ အထဲမှာပါသူဖြစ်ကြောင်း ပြောလို့ စိတ်ပျော်ကျေနပ်မိခဲ့ပါတယ်။
နောက်ပိုင်းသူပင်စင်ယူရင်တောင် မုန့်ဟင်ခါးရောင်းစားမှာဖြစ်ကြောင်းပြောလို့ ဦးသိန်း စိန်အပေါ် လေးစားစိတ်ပင်ဖြစ်ပေါ်လာမိခဲ့ပါတယ်။ ဒီနေရာမှာ သဘောဆင်တူလို့ ကျွန်တော်တို့စက်ရုံက ဒု-စက်ရုံမှူးကြီးတစ်ယောက်အကြောင်းပြောပြပါရစေ။ နာမည် တော့ မပြောတော့ပါဘူး။ ဒု-စက်ရုံမှူးပေါ့။ အင်ဂျင်နီယာကြီး တကယ့်လူရိုးကြီး၊ ပင်စင် ယူရင် အိမ် မရှိလို့ အမေ့အိမ်ပြန်နေမှာလို့ပြောရသူကြီး။ သူ့လက်ထက်မှာ ဝန်ထမ်းတစ် ယောက် စတို့ကသံချောင်းလေး တစ်ပေလောက်ခိုးမိတာ အလုပ်ဖြုတ်ပြစ်ခဲ့တဲ့သူ။ ဒီလိုပြတ်သားတဲ့လူမှန်ကြီး။ ဘာပဲပြောပြော သူလည်းလူသားတစ်ယောက် သာ မန်တောင်မဟုတ်ဘူး။ ဒုစက်ရုံမှူးကြီးတစ်ယောက် ပင်စင်ယူရင်အမေ့အိမ်ပြန်နေမှာ ဆိုတဲ့ စကားမှာ အားငယ်မှုတွေပါနေ မယ်လို့ ကျွန်တော်တော့ထင်တယ်လေ။
တစ်နေ့ ဒုစက်ရုံမှူးကနေ စက်ရုံမှူးရာထူးတိုးပြီး၊ အခြားစက်ရုံတစ်ခုကိုပြောင်းရွေ့တာ ဝန်ထမ်းဆောင်ဖို့ဖြစ်လာတယ်။ အဲဒီစက်ရုံက ဝန်ထမ်းအများစုက သူခိုးတွေဖြစ်ပြီး၊ လုံခြုံရေးကအစချမ်းသာတယ်။ ကားတွေကိုယ်စီနဲ့ရုံးလာတာ။ အဲဒီမှာ ကျွန်တော်တို့ရဲ့ ဇတ်လိုက်ကျော်လူရိုးကြီးနဲ့တွေ့တာပဲ။ သူ့အကြောင်းကို အဲဒီစက်ရုံက ဝန်ထမ်းတွေက ကြားထားကြပြီးသား။ လူရိုးလူမှန်ကြီး၊ စတို့ကသံချောင်းလေး တစ်ပေလောက်ခိုးမိတာ အလုပ်ဖြုတ်ပြစ်ခဲ့တဲ့သူ။ သူတို့လည်းလန့်တာပေါ့။ ဒါပေမယ့် လူတွေနော်ကြောက်ဖို့ ကောင်းတယ်။ စားဖားတွေညီညွတ်တာ တကယ်ကြောက်ဖို့ကောင်းတယ်။
စက်ရုံမှူးကို လာပြီးဆွေးနွေးတယ်။ ခေါ်တာတော့ဆရာတဲ့။ ကျွန်တော်တို့ ဝန်ထမ်းတွေနဲ့ ပြဿနာအဖြစ်ခံမလား၊ တစ်ရက်ကို ၁၅ သိန်းယူပြီး ဆရာအေးအေးနေမလားတဲ့။ ကျွန်တော်တို့ ဝန်ထမ်းတွေနဲ့ ပြဿနာဖြစ်ရင် ဆရာဘာမှခိုင်းလို့အဆင်ပြေမှာ မဟုတ် ဘူးတဲ့။ တွေးကြည့်နော် အဲဒီနေ့သူအိပ်လို့ပျော်နိုင်ပါတော့မလား။ တစ်ဘက်ကကိုယ်ကျင့် သိက္ခာ၊ တစ်ဘက်က ဘဝရှေ့ရေး၊ ဒီလိုနဲ့ပင်စင်ယူလိုက်ရရင် နေ စရာအိမ်မရှိတာထားဦး၊ ပင်စင်လစာနဲ့ ကလေးတွေရှေ့ရေးနဲ့၊ ကိုယ့်ရှေ့ရေးနဲ့။ ပူစရာတွေအများကြီး၊ သူစိတ် လျော့လိုက်တာနဲ့ တစ်လအတွင်းတောင် သိန်း၄၅၀ တန်အိမ်တစ်လုံး ဆောက်နိုင်ပြီ။ တစ်နှစ်ဆို သိန် ၅၄၀၀၊ ပင်စင်က ၃ နှစ်ကြာမှယူရမှာဆိုတော့ ၃ နှစ်အတွင်း သိန်းပေါင်း ၁၆၂၀၀ ၊၊ မာနတွေအရည်ပျော်ပြီ။
တစ်နှစ်လောက်ကြာတော့ အဲဒီစက်ရုံမှူးကြီးဆီက ကျွန်တော်တို့စက်ရုံမှူးဆီကို စာတစ် စောင်ပို့ လိုက်တယ်။ သူခင်ဗျားတို့စက်ရုံမှာနေတုန်းက ဝန်ထမ်းတစ်ယောက်ကို သံချောင်း လေးတစ်ပေလောက်ခိုးတာကို အရေးယူခဲ့မိတယ်တဲ့။ ခုပြန်တွေးပြီး သူစိတ် မကောင်းဖြစ်နေကြောင်း နောက်လူတွေလည်း သူ့လိုမလုပ်မိစေချင် လို့ဒီစာကိုရေး တာပါတဲ့။
အထက်ကအကြောင်းအရာကတကယ်ဖြစ်ခဲ့တာပါ။ ဒါက သမ္မတကြီဦးသိန်းစိန်အဖြစ်နဲ့ တူနေလေမလား။ မုန့်ဟင်းခါးရောင်းစားမယ့်သူအတွက် တပည့်များ၏ သိတတ်မှုဖြင့် ပိုင်ဆိုင်မှုတွေအများကြီးရှိခဲ့ပါပြီ။ မုန့်ဟင်းခါးလည်းမရောင်းတော့ပါ။ ရောင်းစရာလည်းမ လိုတော့ ။ အကယ်၍သာ သမ္မတကြီးဦးသိန်စိန်သည် သမ္မတအငြိမ်းစားယူသည့်အခါ အမှန်တကယ် မုန့်ဟင်းခါးရောင်းစားဖို့ဆုံးဖြတ်ထားသည်ဖြစ်ပြီး၊ သူအုပ်ချုပ်ရသည့် ၅ နှစ်တာကာလအတွင်း အကတိသမားများကို ထိထိရောက်ရောက် ကိုင်တွယ်ခဲ့ကာ တရား ဥပဒေစိုးမိုးရေးကိုသာအလေးထား ဆောင်ရွက်ခဲ့မည်ဆိုလျှင် ပြည်သူချစ်သောသမ္မတကြီး ဖြစ်သွားခဲ့မည်ဖြစ်ပြီး မုန့်ဟင်းခါးရောင်း၍ သန်းကြွယ်သူဌေးဖြစ်လာမည်ဖြစ်လိမ့်မည် ဟု ထင်မိပါသည်။ အဲတာကြောင့် သူသာမုန့်ဟင်းခါးရောင်းစားခဲ့ပါလျှင်။