ကမ္ဘာ့အကြီးဆုံးစာအုပ်

Words
359
Reading
2 min
Listen
Play
9y

SUNDAY, SEPTEMBER 9, 2012
ကမ္ဘာ့အကြီးဆုံးစာအုပ်

*** ကျောက်ထက်အက္ခရာတင်ပုံ…
…မင်းတုန်းမင်းကြီးက ဘုရားနှုတ်ကပါဌ်တော်တွေကို ကမ္ဘာတည် တာနဲ့အမျှ မပျောက်မပျက် တည်ရှိနေအောင် သာသနာပတဲ့အချိန်အထိ တည်စေဖို့ ကျောက်ပေါ်မှာ ရေးထိုးထားခဲ့ချင်တာဆိုတော့ ပိဋကတ်တော် ကျောက်စာဟာ အမှားအယွင်း ကင်းတဲ့မူ ဖြစ်ရမယ်။ ကင်းအောင်လည်း လူ့ လုံ့လ၊ လူ့ အစွမ်းနဲ့ ဖြစ်နိုင်တာကို အားလုံးလုပ်ဆောင်မယ်ဆိုပြီး ဆရာတော်၊ သံဃာတော်တွေနဲ့ စည်းဝေးတိုင်ပင်ပြီး သူ့ခေတ် သူ့အခါက ဖြစ်နိုင်တဲ့ အကောင်းဆုံးတွေကို ကြီးမားလှတဲ့စေတနာ၊ ပြည့်ဝတဲ့ ယုံကြည်ချက်နဲ့ လုပ်ဆောင်သွားခဲ့ပါတယ်။
…ဗုဒ္ဓသာသနာတော် စင်စင်ကြယ်ကြယ် သန့်သန့်ရှင်းရှင်းနဲ့ ကာလများစွာ တည်ထွန်းရစ်စေချင်တယ်ဆိုတာ မင်းတုန်းမင်းကြီးရဲ့ ပကတူးက ဆန္ဒပဲ။ ဒါကြောင့် သူမင်းအဖြစ်ကို ရောက်လို့ ၄ နှစ်ပဲ ရှိသေးတယ်။ မန္တလေးမြို့ကို မတည်ရသေးဘူး။ ဘုရားဟောကြားတော်မူတဲ့ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာဆိုတဲ့ ပိဋကတ်သုံးပုံဟာ မြန်မာမင်းအဆက်ဆက် ထပ်ကာထပ်ကာ လက်နဲ့ရေး ကူးလာခဲ့ကြတာမို့ ကူးပါများတော့ မှားတာတွေ ပါရှိနေလိမ့်မယ်။ သူတတ်နိုင်သလောက် မတိမ်းမယိမ်း မှန်ကန်သေချာအောင် လုပ်ဆောင် လိုတယ်ဆိုပြီး ပိဋကတ်သုံးပုံကို ၁၂၁၈ ခုနှစ်မှာ အသစ်တစ်ဖန် ရွှေရေး၊ မင်ရေး၊ ကညစ်ရေး ၃ မျိုး ၃ စားနဲ့ “ပေထက်အက္ခရာ” တင်တယ်လို့ ခေါ်တဲ့ ပေပေါ်မှာ ရေးကူးတာတွေ လုပ်စေပါတယ်။
…ဒီလို မတင်ခင် အမှန်ကန်ဆုံးဖြစ်အောင် “သာသနာပြုဆရာတော်ကြီး” လို့ခေါ်တဲ့ သာသနာပိုင်အမှူးပြုတဲ့ တံဆိပ်ရပိဋကတ်မ ဆရာတော် ၄ ပါး၊ စာကြည့်ဆရာတော် ၃၀၊ စာတည်းဆရာတော် ၅၀၊ ပရိယတ်တတ် သံဃာ ၅၀ တို့က ရေးကူးမယ့်စာတွေ မှန် မမှန် ၊ စေ့စပ် သေချာစွာ စစ်ဆေးကြည့်ကြတယ်။ မှန်ကန်ပြီဆိုမှ ပိဋကတ်တိုက်စိုး၊ သွေးသောက်ကြီး၊ တိုက်စောင့်၊ အကြပ်၊ အစုရေး၊ ပိဋကတ်ရေး စတဲ့ အမှုထမ်း ၁၀၀ ကျော်က ကညစ်နဲ့ စုတ်နဲ့ ရေးကြတယ်။
…ဒီလိုရေးနေခိုက်မှာ အမြဲမပြတ် ကြတ်မတ်ပြင်ဆင်ကြည့်ရှုဖို့…
(၁) ဒက္ခိဏာရာမ ဆရာတော်
(၂) စီးတော် မြင်းဝန်တိုက် ဆရာတော်
(၃) ဆီးဘန်းနီ ဆရာတော် တို့က တာဝန်ယူကြပြန်တယ်။

…ရေးပြီးတဲ့အခါ သူတို့ခေတ်က စာအရေးကောင်းတဲ့ လူတွေဖြစ်တဲ့ လွတ်စာရေး၊ ရုံးစာရေးတို့က ဒီဃ၊ ရဿ၊ ဣ၀ဏ်၊ ဥ၀ဏ်၊ နိဂ္ဂဟိတ်၊ အကျအန၊ မူပျက် မူပို၊ အကျအပေါက်၊ အမှားအယွင်း မရှိစေရအောင် တည်းဖြတ်စေပါသတဲ့။
…ကညစ်တို့ စုတ်တို့ ကိုင်ပြီး စာကို လက်နဲ့ ကူးရေးတဲ့အခါ ရေးချထည့်ရမှာ မထည့်မိ၊ မထည့်ရမှာ ထည့်မိတတ်တယ်။ လုံးကြီးတင်နဲ့ လုံးကြီးတင်ဆန်ခတ်လည်း မှားရေးတတ်တယ်။ သိရီလို့ ရေးရမှာကို သီရီလို့ ရေးတာမျိုးပေါ့။ တချောင်းငင်နဲ့ နှစ်ချောင်းငင် မှားရေးတတ်တယ်။ ပုရိသလို့ ရေးရမှာကို ပူရိသလို့ ရေးတာမျိုးပေါ့။ သေးသေးတင်ထည့်ဖို့ မေ့တာတို့လည်း ရှိတတ်တာကိုး။
…ဒါကြောင့် လွတ်စာရေးတွေကို ထပ်ပြီး အစစ်ခိုင်းရတာ ဖြစ်တယ်။ အဲဒါပြီးမှ တံဆိပ်တော်ရ စာတည်း ဆရာတော်၊ စာကြည့်ဆရာတော်တွေက တည်းကြ၊ ကြည့်ကြပြန်တယ်။
…ပေစာရေးတယ်ဆိုတာ အဲဒီခေတ်က ရေးခ ပေ ၁ အင်္ဂါကို ကျပ် သုံးဒင်္ဂါး ၁ ပြား ရသတဲ့။ ၁ အင်္ဂါဆိုတာ ၁၂ ချပ်၊ က ကာ ကိ ကီ ကံ ကား အထိပေါ့။ စာမျက်နှာ ၂၄ မျက်နှာ၊ တစ်မျက်နှာမှ ပျှမ်းမျှ စာ ၈ ကြောင်း၊ ဒါကြောင့် ၁ အင်္ဂါ စာ ၁၉၂ ကြောင်း လောက် ရှိပါတယ်။ စာရေးကောင်းသူတိုင်း တစ်နေ့ကို ၁ အင်္ဂါ မပြီးဘူး။ စာကို ငုံမိတဲ့လူမှ ပြီးတယ်။ ဥပမာ “ရှေးသရောအခါ ဗာရာဏသီပြည်၌” ဆိုတာကို ရှေးသရောအခါမှာ တစ်ခါ လှမ်းကြည့်၊ ဗာရာဏသီ တစ်ခါကြည့်၊ ပြည်၌ တစ်ခါကြည့်နေရင် အရေးနှေးတာပဲ။ ပြီးတော့ ပေရေးမှာ စာမှားရေးမိရင် ရေးမိတဲ့ အမှားစာလုံးရဲ့အလယ်မှာ ဗိန္ဒုဆိုတဲ့ အပြောက်ကလေး ကညစ်နဲ့ ထိုးဖောက်ပစ်ထား ခဲ့ရတယ်။ အပြောက်ပါတဲ့စာလုံးကို ဖတ်တဲ့လူက စာမှားမို့ ထည့်မဖတ်တော့ဘူး။ စာတစ်မျက်နှာမှာ ၃ကြိမ်တော့ အမှားခံတယ်။ ၄ ကြိမ်ထိ မှားနေရင် ရေးလက်စကိုရပ် ပေသစ်ယူပြီး အစကနေ အသစ် ပြန်ရေးပေးရတယ်။ ရှေးက ဓမ္မဒါနပြုချင်ရင် ဘုန်းကြီးကို ဒကာက ၀တ္ထုလှူတယ်။ ဘုန်းကြီးက “စာရေးဟတ္ထ္ကကံ” ခေါ်တဲ့ ပေစာရေးသမားကို ကျောင်းခေါ်ပြီး တစ်အင်္ဂါ ၁ိ နှုန်းနဲ့ အရေးငှားပေးပြီး ပူဇော်စေပါတယ်။
…လွှတ်စာရေးတွေ စစ်ပြီးတဲ့ စာကို တံဆိပ်တော်ရ ဆရာတော်တွေက တစ်ကြိမ်ထပ်ပြီး တည်းသေးတယ်။ ကြည့်သေးတယ်။ ပြီးမှ အဆုံးသတ် လက်ခံတယ်။ အဲဒီ ရွှေရေး၊ မင်ရေး၊ ကညစ်ရေး ပိဋကတ်သုံးပုံ စာထုပ်ပေါင်း ၂၀၀ ကျော်၊ စာအင်္ဂါ နှစ်သောင်းကျော်ကို ရေးထိုးအပြီး ၆ နှစ်ကြာတဲ့အခါ အမရပူရ ပိဋကတ်တိုက်တော် ကနေပြီး မန္တလေးတောင်ခြေက ပိဋကတ်တိုက်တော်မှာ ဒီစာထုပ်တွေကို ပြောင်းရွှေ့ထားရှိပါတယ်။ (ပိဋကတ်တိုက်တော်ဟာ ကျောက်တော်ကြီးဘုရားမြောက်ဘက် မန္တလေးတောင်ခြေမှာ ရှိခဲ့တယ်။ အခုနေရာသာ ကျန်တော့တယ်။)
…ပိဋကတ်သုံးပုံကို ရွှေရေး၊ မင်ရေး၊ ကညစ်ရေး ၃ မျိုးနဲ့ သန့်သန့်ရှင်းရှင်း ရေးတင်ပြီးတဲ့နောက် ၄ နှစ်အကြာမှာ ကျောက်ထက်အက္ခရာတင်ဖို့ ကျောက်ဖျာကြီးတွေပေါ်မှာ ရေးထွင်းဖို့ ဆန္ဒဖြစ်ပြန်တယ်။ ဒါကြောင့် စကျင်တောင်က ကျောက်ပြားတွေကို နန်းတော်ထဲ သယ်ခဲ့ပြီး အရင်က သန့်စင်ထားတဲ့ ပိဋကတ်တော်တွေကို ကျောက်ဖျာထက်မှာ ရေးထိုးစေပါတယ်TMPDOODLE1502007437547.jpgTMPDOODLE1502007420998.jpg

ကမ္ဘာ့အကြီးဆုံးစာအုပ် | Ecency