ထမ်လုံခွန်နမ်ဆိုသည်နှင့် သိသည့်သူများလည်း သိကြမည်ထင်ပါသည်။ ယခုတလော ဟော့ဖြစ်နေသည့် သတင်းတပုဒ်ပင်ဖြစ်သည်။ ထမ်လုံခွန်နမ်သည် ကျွန်ုပ်တို့မြန်မာပြည်နယ်စပ်မြို့တော်ဖြစ်သည့် တာချီလိတ်၏ တဖက်ကမ်းတွင်တည်ရှိသည့် မယ်ဆိုင်မြို့ရှိ ရေဝင်ဂူတစ်ခုဖြစ်ပါသည်။အားလုံးသိကြသည့်အတိုင်းပင် လွန်ခဲ့သည့် လေးရက်ခန့်ကစ၍ ဆယ်ကျော်သက်အရွယ် လူငယ်ဘောလုံးအသင်းတသင်းသည် ၎င်းတို့၏ နည်းပြနှင့်အတူ လေ့ကျင့်ခြင်းအဖြစ် ထိုဂူအတွင်းသို့ဝင်ရောက်ရာမှ ရုတ်တရက်ပြန်ထွက်လာနိုင်ခြင်းမရှိဖြစ်ခဲ့ရသည်။
ရုတ်တရက် မိုးသည်းထန်စွာရွာချရ၍ တောင်ကျရေများ ဂူအတွင်းသို့စီးဆင်းရာမှ ရေလျှံပြီးပိတ်မိနေကြခြင်းဖြစ်သည်ဟု သိရသည်။ သဘာဝလိုဏ်ဂူများမှာ မိုးတွင်းတွင် ရေကြီးရေလျှံလေ့ရှိကြသည်မှာ မထူးဆန်းသော်လည်း ထူးသည်မှာ ထိုင်းအစိုးရဖြစ်သည်။ ကလေးငယ်များနှင့် နည်းပြဖြစ်သူတို့ ဂူအတွင်းပိတ်မိနေသည်ဆိုသည်နှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ၊ အသင်းအဖွဲ့များချက်ချင်းဆိုရောက်လာသလို ချက်ချင်းကယ်ဆယ်ရန်နည်းမျိုးစုံနဲ့ ကြိုးပမ်းကြသည်။
ထို့အပြင် ထိုင်းအစိုးရကိုယ်တိုင်က နိုင်ငံတော်အဆင့်သတ်မှတ်ကာ တော်ဝင်ရေတပ်ကိုစေလွှတ်ကာ ပျောက်ဆုံးနေသည့်ကလေးများကိုရှာဖွေနိုင်ရန် ကြိုးပမ်းခဲ့သည်ကိုတွေ့ရသည်။ဤသည်မှာ မိမိတို့ နိုင်ငံသားတစ်ဦးချင်းဆီ၏ အသက်ခန္ဓာစည်းစိမ်ကို မည်မျှတန်ဖိုးထားကြောင်း ပေါ်လွင်နေပါသည်။
အခြားနိုင်ငံများတွင် သာမန်ကာလျှံဖြင့် ဤကိစ္စသည် ပြီးသွားနိုင်သော်လည်း တစ်နိုင်ငံလုံးနီးပါး နိုးကြားကာ ချက်ချင်းပင် အရပ်ကူလူဝိုင်းသည့်အဆင့်ကိုတွေ့ရသည်မှာ မိမိတို့နိုင်ငံသားတိုင်းကို ကျောသားရင်သားမခွဲခြားဘဲ တန်ဖိုးထားသည်။လူသားချင်းစာနာမှုမှာ လွန်ကဲအဆင့်ရှိသည်ကို ပြသနေခြင်းဖြစ်သည်။ မိမိတို့ နိုင်ငံနှင့်တကွ အိမ်နီးချင်းနိုင်ငံများအနေဖြင့် ထိုင်းနိုင်ငံ၏ သဘာဝစီမံခန့်ခွဲမှု၊အရေးပေါ်ကယ်ဆယ်ရေး အဆင့်အတန်း(level) စသည်တို့ကို စံပြု၍ သင်ခန်းစာယူဖွယ် ပင်ဖြစ်ပါသည်။
ထိုင်းနိုင်ငံတွင်ဖြစ်ခဲ့သည့် ဤဖြစ်ရပ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သည့် မိမိတို့ အိမ်နီးချင်းအာဆီယံနိုင်ငံများအပေါ် လူသားဆန်မှု၊အရေးပေါ်ကယ်ဆယ်ရေး၊သဘာဝဘေး(natural disaster)အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု စသည်တို့ကို မီးမောင်းထိုးပြနိုင်သည်မှာအမှန်ပင်ဖြစ်ပါသည်။ထို့ကြောင့် ဤထမ်လုံခွန်နမ်ဖြစ်ရပ်မှ သင်ခန်းစာယူတတ်မည်ဆိုလျှင် မျှော်လင့်မရနိုင်သည့် ကြိုတင်မှန်းဆမရသည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ထားနိုင်မည်ဖြစ်သည်။