ဒီတစ်ပတ်ရဲ့ WAG ကဏ္ဍမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း ဇလာတန်အီဘရာဟီမိုဗစ်ရဲ့ ချစ်သူ Helena Seger အကြောင်း တင်ပြချင်ပါတယ်။
ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး နတ်ဘုရားကြီး ဇလာတန်နဲ့ တစ်နိုင်ငံတည်းသားဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။ သူမဟာ လုပ်ငန်းပေါင်းမျိုးစုံမှာ လုပ်ကိုင်ခဲ့ဖူးသလို ဖက်ရှင်နဲ့ ဆေးရွက်ကြီးထုတ်လုပ်ရေးလုပ်ငန်းတွေမှာလည်း လုပ်ကိုင်ခဲ့ဖူးပါတယ်။
သူမဟာ အပေါင်းအသင်းဝင်ဆံ့ပြီး လူမှုဆက်ဆံရေးကောင်းတဲ့ အမျိုးသမီးတစ်ဦးလည်းဖြစ်ပါတယ်။ သူမရဲ့ မွေးဖွားရာဇာတိကတော့ Orebro County မှာရှိတဲ့ Lindesberg Municipality ဒေသဖြစ်ပါတယ်။
သူမနဲ့ ဇလာတန်တို့ဟာ ၂ဝဝ၂ ခုနှစ်မှာ တွေ့ဆုံချစ်ကြိုက်ခဲ့ကြတာဖြစ်ပြီး နောက်ပိုင်းမှာတော့ အတူလက်တွဲခဲ့ကြပါတယ်။ ၂ဝဝ၅ ခုနှစ်မှာတော့ ချစ်သူ ဇလာတန်နဲ့ အတူ အီတလီကို ပြောင်းရွှေ့ခဲ့ပြီး သူမလုပ်ကိုင်တဲ့ FlyMe ကုမ္ပဏီကနေ နုတ်ထွက်ခဲ့ပါတယ်။
၂ဝဝ၆ ခုနှစ်မှာတော့ ရင်သွေးငယ်လေးတစ်ဦးကို ရရှိခဲ့ပြီး ၂ဝဝ၈ ခုနှစ်မှာတော့ ဒုတိယမြောက်ရင်သွေးငယ်လေးကို ထပ်မံမွေးဖွားနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ရင်သွေးတွေကတော့ မာဇီမီလီယမ်အီဘရာဟီမိုဗစ် နဲ့ ဗင်းဆင့်အီဘရာဟီမိုဗစ်တို့ဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာ အသက် ၄၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး ချစ်သူဇလာတန်အတွက် ပါရမီဖြည့်ပေးနေသူလည်းဖြစ်ပါတယ်။ နတ်ဘုရားကြီးဇလာတန်ကတော့ အင်္ဂလန်ထိပ်သီး မန်ချက်စတာယူနိုက်တက်ကနေ အမေရိကန်မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဇီကို ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။