ချေးထုပ်စွမ်းအင်

luyoe(39)
Published in
#esteem
Words
258
Reading
2 min
Listen
Play
8y

image

ချေးထုပ်စွမ်းအင်

အလိုဘာတဲ့

ပေယျာလကန်မှာ ချေးထုပ်စွမ်းအင်စက်ရုံဆောက်မယ်တဲ့

ဆိုဗီယက်ရုရှားက ပညာရှင်ကြီးတွေက လာကြည့်တယ်။ မြေပြင် အခြေအနေ၊ ဝေဟင်အခြေအနေ အားလုံးကို မှတ်တမ်းတွေတင်တယ်။ အဆောက်သင့်ဆုံးနေရာကတော့ ပေယျာလကန်မှာ မြေအောက်မြို့တော်ကြီးအဖြစ် သတ်မှတ်ထားတဲ့ စီမံကိန်းဒေသအနီးတဲ့။ ပျော်သွားကြတာပေါ့

“ဟေ့ … ချေးထုပ်က စွမ်းအင်ထုတ်မတဲ့”

“ပေယျာလကန်မှာသာမဟုတ်ဘူး … ဘယ်နိုင်ငံ … ဘယ်တိုင်းပြည်မှ မရှိသေးဘူး”

“ပေယျာလကန်အစွမ်း ကမ္ဘာကို လွှမ်းစေအံ့”

ချေးထုပ်စွမ်းအင်ဆိုတာက ဒီလို

ကလေးတွေအတွက် ဒိုင်ပါလို့ခေါ်တဲ့ အီးထုပ်တွေကို လမ်းပေါ်မှာ ခွေးတွေဆွဲနေတာ ပေယျာလကန် မြို့ဝန်က တွေ့တော်မူပြီး

“အလိုကွယ် ဒိုင်ပါတွေနဲ့ မြို့တော်ကြီး ညစ်ပတ်တော်မူတယ် … ကြံတော်မူစမ်း”

image

“မှန်လှပါ ဆိုဗီယက်မှာတော့ ဒိုင်ပါကနေ စွမ်းအင်ထုတ်ဖို့ ပြင်ဆင်နေပါတယ်ဘုရား”

“အလို … ကောင်းလိုက်တဲ့အကြံ … ပညာရှင်တွေကို ဖိတ်ခေါ်စမ်းကွယ်”

ဒီလိုနဲ့ ကလေးအီးထုပ် (ဒိုင်ပါ) ကနေ စွမ်းအင်ထုတ်ဖို့ စီမံချက်က ဖြစ်လာတယ်။
သတင်းစာတွေ မီဒီယာတွေက ဖော်ပြကြတယ်။ အင်တာဗျူးတွေမှာလည်း

“ချေးထုပ်ကနေ စွမ်းအင်ထုတ်တာ ကမ္ဘာမှာတောင် မရှိသေးဘူး” လို့ မြို့ဝန်က ပြုံးပြုံးကြီးပြောနေတာ နောက်တစ်နေ့မှာ သတင်းစာမျက်နှာဖုံးနဲ့ ပါလာတယ်။

“ချေးထုပ်ကို စွမ်းအင်လုပ်မည့် မြို့ဝန်” တဲ့

ဒီလိုနဲ့ ကလေးတွေရဲ့ ဒိုင်ပါကို စွမ်းအင်အဖြစ်ပြောင်းပေးမယ့် (ချေးထုပ်စွမ်းအင်စက်ရုံ) ကို ဆောက်ကြတယ်။

“အကယ်၍သာ ချေးထုပ်စွမ်းအင်စက်ရုံကြီး ပြီးသွားလျှင် ပေယျာလကန် မီးမပြတ်တော့”

အလို သတင်းတွေ ကြားရတာ အားရစရာ

“ချေးထုပ်စွမ်းအင် အောင်မြင်ရေး ဒို့အရေး … ဒို့အရေး”

“ချေးထုပ်စွမ်းအင် ထုတ်လုပ်ရေး အောင်ရမည် … အောင်ရမည်”

ထောက်ခံပွဲတွေကိုလည်း ခြောက်စောင်းတို့ မျောက်လောင်းတို့အဖွဲ့တွေက ဦးဆောင်ပြီးတော့ ခြိမ့်ခြိမ့်သဲ ကျင်းပ။ ကုန်လိုက်တဲ့ငွေက မသောက်ပဲ လဲ။

စက်ရုံကြီးပြီးပါပြီ။ မီဒီယာတွေဖိတ်။ ကမ္ဘာအနှံ့ဖိတ်။ လုပ်ငန်းရှင်တွေဖိတ်။ ခရိုနီ၊ ခရိုပြာ၊ ခရိုဝါ၊ ခရိုစိမ်း၊ ခရိုကာလာဘလိုင်းတွေ အားလုံးဖိတ် အကြီးကျယ်ဆုံး ဖွင့်ပွဲကြီးလုပ်တယ်။

“ဟေး …”

မြို့ဝန်က စက်ခလုတ်ကိုနှိပ်။ မီးတွေလင်း၊ လက်ခုပ်တွေတီး။ စည်တော်တွေတီး

“အောင်ပါစေ … သပြေပန်းနဲ့ … ရေချမ်းကို လောင်း အောင်း …. ဟောင်း … ဟောင်း”

စက်ရုံကြီးပြီးတော့ ပေယျာလကန်မှာ မီးတွေထိန်နေမှာပဲ။ ပိုလျှံလို့ နိုင်ငံခြားတောင် ရောင်းစားရဦးမယ်။ ချေးထုပ်ကနေ စွမ်းအင်ထုတ်နိုင်တာဆိုတော့ နည်းတဲ့ အမြတ်အစွမ်းလား

ဒါပေမဲ့

ဒါပေမဲ့

ချေးထုပ်စွမ်းအင် (ဒိုင်ပါစွမ်းအင်) စက်ရုံကြီးက မကြာခင် ထိုးရပ်သွားတယ်။

ဘာကြောင့်လဲဟ … လုပ်ကြပါဦး

ခုံရုံးဖွဲ့ … အစီရင်ခံတွေတင် … ဖြေရှင်းချက်တွေထုတ်

“ပေယျာလကန်တွင် ချေးထုပ် သို့မဟုတ် ဒိုင်ပါကို လိုသလောက်မရသဖြင့် စက်ရုံ မလည်ပတ်နိုင်ကြောင်း အစီရင်ခံအပ်ပါသည်”

“ဟာ ဒါဆိုရင် အနီးအနားက ရှာကွာ”

“အနီးအနားမှာ ဒိုင်ပါမသုံးဘူးဘုရား”

“ဒါဆိုရင် ချေးတွေစုဆောင်းပြီး ကြံဖန်လည်ကွာ”

“မရပါခင်ဗျား … ဆိုဗီယက်တွေ လုပ်သွားတဲ့ ပရောဆက်က ဒိုင်ပါမှာ ချေးပေမှ စွမ်းအင်ထုတ်လို့ရပါတယ်။ ချေးထုပ်ကပဲ စွမ်းအင်ထုတ်လို့ရပါတယ်”

“ခက်ပြီ … ဘုရင်မင်းမြတ်ကို ချေးထုပ်စွမ်းအင်စက်ရုံလေ့လာဖို့ ဖိတ်ထားပြီးပြီ”

“ဒီလိုဆိုရင်လည်း ဒိုင်ပါတွေ အသင့်ဆောင် … ချေးသုတ်ပြီး နေလှမ်းထားရုံပေါ့”
“ကဲ ဒိုင်ပါတွေ ရသလောက်ဝယ်စေ”

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

သို့သော်

တရုတ်က ဒိုင်ပါစက်ရုံက မကြာသေးမီကမှ အဲဒီ ချေးထုပ်စက်ရုံနားမှာ လာဆောက်ထားတာ။ တရုတ်ဒိုင်ပါ စက်ရုံက နေ့မအား ညမအား ဒိုင်ပါတွေထုတ်။ ချေးကားတွေ စက်ရုံထဲ မောင်းသွင်း။ ဒိုင်ပါကို ချေးသုတ်ပြီးတော့ နေလှမ်းထား ဂိုဒေါင်ထဲသိမ်း။ အသင့်ပြင်ထား။

ဘုရင်းမင်းမြတ်ကြီး ကြွချီတော်မူလာ

“အလိုကွယ် ချေးထုပ်ကနေ စွမ်းအင်ထုတ်နိုင်တာ အံ့သြပ။ ဒီမီးက ပိုလင်းသလားလို့”

“မှန်လှပါ ပေလယျာကန်အစွမ်း ကမ္ဘာကို လွှမ်းနိုင်ပါပြီဘုရား”

“အိမ်း ကောင်းပေစွ … ကောင်းပေစွ”

ဟိုးတစ်ခေတ်ကဖြစ်ပါသည်။

တင်ညွန့်

photo : facebook

image

ချေးထုပ်စွမ်းအင် | Ecency