အားပေးစကား

luyoe(39)
Published in
#esteem
Words
344
Reading
2 min
Listen
Play
8y

image

အားပေးစကား

ကိုယ်တွေ တုန်းက
ဆယ်တန်းအောင်ပြီး
အမှတ်လေး နည်းနည်းအဆင်ပြေတော့
အဲ့တုန်းက ခေတ်စားတဲ့ ရေကြောင်း တက္ကသိုလ်
Myanmar Maritime University ဆိုတာကြီး
တက်ခွင့်ရခဲ့တယ် ။

ရုတ်တရက် ကြည့်လိုက်ရင်တော့
ဆယ်တန်းမှာ ကြိုးစားခဲ့လို့
ဘဝမှာ အောင်မြင်ရေး လမ်းစကို ခြေချမိသလိုလိုပေါ့ ...
😁

တကယ်တမ်းတော့
ကျောင်း ၄ နှစ်တက်
သဘောင်္ပေါ်မှာ ၁၃ လလောက် အလုပ် လုပ်
ကြားထဲမှာ စောင့်ရတာနဲ့ ဘာနဲ့ဆိုတော့
၆ နှစ်လောက် အချိန်တွေ သုံးလိုက်ရပြီးမှ
ဒီ အလုပ်က ကိုယ်နဲ့ မကိုက်ဘူးဆိုတာ
သိလိုက်ရတော့ အားလုံး ရပ်ပစ်ပြီး ပြန်စခဲ့ရတယ် ။
😥

ကံဆိုးချင်တော့
အပြော သိပ်ကောင်းတဲ့
MLM ( Multi level/ Network Marketing)
ခေါင်းဆောင်တွေနဲ့ တွေ့ပြီး

  • MLM ဆိုတာ လက်တွေ့ စီးပွားရေး ပညာသင်ကျောင်းကြီး
  • လူငယ်တွေ ကိုယ်ရည်ကိုယ်သွေး တိုးတက်စေမယ့်
    လေ့ကျင့်ရေးကွင်းကြီး
  • ကိုယ့် အောက်လူတွေကို ကူညီရင်း
    ကိုယ် ပါ ပိုအောင်မြင်လာမယ့် ပရဟိတ စီးပွားရေးကြီး
  • ESBI မှာ B အဆင့်ကို တိုက်ရိုက်ကူးနိုင်မယ့်
  • Passive income ကောင်းကောင်းရနိုင်မယ့်
    ရွှေရောင် အခွင့်အလမ်းကြီးဆိုတဲ့ မှိုင်းလုံးတွေအောက်မှာ
    တက်တက် ကြွကြွ မျောပါမိရင်း
    ၁ နှစ်ကျော်လောက် အချိန် ထပ်ကုန်ခဲ့ရပြန်တယ် ။
    😓😓

နောက်တော့မှ အသိဝင်လာပြီး

  • ဘယ်သူ့ကိုမှ မနစ်နာစေမယ့်
  • ကိုယ့် စိတ်တိုင်းကျ ပိုင်ပိုင် နိုင်နိုင် ထိမ်းကြောင်းစီမံနိုင်မယ့်
  • ပညာ အခြေခံတဲ့ ကိုယ်ပိုင် စီးပွားရေးပဲ
    လုပ်တော့မယ်ဆိုပြီး
    ဆုံးဖြတ်ချက် ချခဲ့တာ မှန်သွားခဲ့လို့
    အခု ဒီအချိန်မှာ ကိုယ့်ကိုယ်ကို ကျေနပ်နိုင်လောက်တဲ့
    နေရာလေး တစ်ခု ဖန်တီး တည်ဆောက်နိုင်ခဲ့တာ ။
    😉😉😉

image

ပြောချင်တာက
ဘဝဆိုတာ ကြီးမား ထင်ရှားတဲ့ အချိုးအကွေ့တွေနဲ့
တည်ဆောက်ထားတယ် လို့ ထင်ရပေမယ့် ...

တကယ့် တကယ်တမ်းမှာ
နေ့စဉ်ရက်ဆက် ကြုံတွေ့နေရတဲ့

  • အချိုးအကွေ့ပေါင်းများစွာ
  • ဆုံးဖြတ်ချက်ပေါင်း များစွာနဲ့
    ကိုယ် လိုချင်တဲ့ ဘဝကို ဖြည်းဖြည်းချင်း
    တည်ဆောက်ယူရတာ ။
    🤔

ပြင်ပက စံ သတ်မှတ်ချက်တွေထက်
ကိုယ့် အတွင်းက

  • ငါ ဘာလဲ
  • ငါ လိုချင်တာ ဘာလဲ
  • ငါ ဘယ်နည်းလမ်းနဲ့ ရောက်အောင် သွားနိုင်မလဲ
    ဆိုတဲ့ "ကိုယ့်ကိုယ်ကို သိမှု" က ပို အရေးကြီးတာပါ ။
    🙂

ဆယ်တန်းဟာ ဘဝမှာ
အရေးကြီးတဲ့ အချိုးအကွေ့တစ်ခု ဖြစ်ပေမယ့်
ဘဝတစ်ခုလုံး အတွက်တော့
အချိုးအကွေ့ငယ်လေး တစ်ခုသာ ဖြစ်တယ် ။

⚠️⚠️⚠️
ဒီတော့ ဆယ်တန်းမှာ ထူးထူးချွန်ချွန်အောင်လို့လည်း
နောင်ရေး စိတ်အေးရပြီ မထင်နဲ့ ။
တကယ့် ဘဝက အခုမှ စမှာ ။
နောက်ထပ် အချိုးအကွေ့ပေါင်းများစွာမှာ
ဆုံးဖြတ်ချက် တွေ မမှားဖို့ လိုသေးတယ် ။

⚠️⚠️⚠️
ဆယ်တန်းကျလို့ ဆိုပြီး /
ထူးထူးချွန်ချွန် မအောင်လို့ ဆိုပြီးလည်း
ဘဝမှာ မအောင်မြင် တော့ပါဘူး ထင်ပြီး
စိတ်ဓာတ်တွေ စွတ်ကျမနေနဲ့ ။
ရှေ့ဆက်မယ့် ဘဝ ခရီးမှာ
ဆုံးဖြတ်ချက်ပေါင်းများစွာ မှန်ရင်
ဘဝမှာ အောင်မြင် နိုင်ဦးမှာပါ ။

⚠️⚠️⚠️
တစ်ခု ရှိတာက
ဆယ်တန်းကျတာကို ရှောင်မပြေးနဲ့ ။
ဘဝ အောင်မြင်ဖို့ အတွက်
ဆယ်တန်းက အဲ့လောက် အရေးမကြီးပါဘူးကွာ
ဆိုတာမျိုးတော့လည်း ဆင်ခြေမပေးနဲ့ ။

ဆယ်တန်းလောက်လေးမှ အောင် အောင် မလုပ်နိုင်ရင်
ကိုယ့် အရည်အချင်းကို ဘာနဲ့ သက်သေပြမလဲ ?
ဘဝ စာမေးပွဲတွေက ဆယ်တန်းထက် ပို ခက်မှာ ။
🤔

❗️❗️❗️
ဆယ်တန်း အောင်ရုံ သက်သက်က
အရေးသိပ်မကြီးရင်တောင်
ဆယ်တန်းအောင်အောင် ကြိုးစားနိုင်တဲ့

  • ဇွဲ
  • ဉာဏ်ရည်
  • လေ့လာ သင်ယူလိုစိတ်
  • စိတ်ခွန်အား
  • စည်းစနစ် ကျမှု တွေက ဘဝမှာ အရေးကြီးတယ် ။

ဒီ တော့ ...
ကျရင် ပြန်ဖြေ ။
ကိုယ့်ကိုယ်ကို ငါ လုပ်နိုင်တယ်ကွ လို့ သက်သေပြ ။
ဘဝ အတွက် အရေးကြီးတဲ့ အချိုးအကွေ့ပေါင်းများစွာထဲက
တစ်ကွေ့မှာ ခြေချော် လက်လျော် ဖြစ်ခဲ့တာကို
ပြန် ပြင်ဆင်နိုင်ဖို့ အကောင်းဆုံး ကြိုးစား ။
💪💪💪

ဆင်ခြေ မပေးနဲ့ ။
မငြီးတွားနဲ့ ။

ကိုယ့်ကို မင်း ညံ့ပါ့ကွာလို့ ပြောလာတဲ့ စကားတွေ
ကြည့်လာတဲ့ အကြည့်တွေ ရှိခဲ့ရင်လည်း
" အေး ဟုတ်တယ် ။ ငါ ညံ့ခဲ့မိတယ် ။
ဒါပေမယ့် နောက်ထပ် ညံ့ဦးမှာတော့ မဟုတ်ဘူး ။
လက်တွေ့ စောင့်ကြည့်နေလိုက် " လို့
မာန် တင်းထား ။
🙂

ကိုယ့်ကိုယ်ကို ရှာတွေ့ပါစေ ။
ပန်းတိုင်တွေ့၍
တွေ့သော ပန်းတိုင်
အရောက် လှမ်းနိုင်ကြပါစေဗျာ ။

ကိုဇင်ဇေ

image

အားပေးစကား | Ecency