စစ်ပွဲတွေနဲ့ ဆေးရုံသင်္ဘော
Military Equipment
ဆေးရုံသင်္ဘောဆိုတာ ဆေးကုသရေးပစ္စည်းတွေ၊ ကိရိယာတွေကို ဆေးရုံသဖွယ်ပြင်ဆင်ထားတဲ့ သင်္ဘောဖြစ်ပါတယ်။ ဒီသင်္ဘောတွေကို စစ်တပ်တွေက ပိုင်ဆိုင်လေ့ရှိပြီး အများအားဖြင့် ရေတပ်က ပိုင်ဆိုင်လေ့ရှိတယ်။ ဒီသင်္ဘောတွေကို ထားရှိရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ တိုက်ပွဲဖြစ်ပွာနေတဲ့နေရာအနီးအနားမှာ အသင့်စောင့်နေပြီး ထိခိုက်မှုတွေကို ဆေးပညာနဲ့ ထောက်ပံ့မှုပေးဖို့ ဖြစ်ပါတယ်။ ၁၉ ရာစုအတွင်းမှာတော့ များပြားလှတဲ့ စစ်သင်္ဘောတွေဟာ ရေလုပ်သားတွေအတွက် ထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ဆေးရုံသင်္ဘောတွေဟာ ရှေးယခင်အချိန်တွေထဲက တည်ရှိခဲ့တာဖြစ်ပါတယ်။
ရှေးခေတ်ဦး Athenian ရေတပ်က သင်္ဘော Therapia နဲ့ Roaman ရေတပ်ရဲ့ သင်္ဘော Aesculapius တို့ဟာ ဆေးရုံသင်္ဘောတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။ အစောပိုင်းကာလဗြိတိန်တွေအသုံးပြုခဲ့တဲ့ ဆေးရုံသင်္ဘောအမည်ကတော့ Goodwill ဖြစ်ပါတယ်။
ဒီသင်္ဘောဟာ ၁၆၀၈ ခုနှစ်မှာ မြေထဲပင်လယ်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဆေးရုံသင်္ဘောလို့ ဆိုရလောက်အောင်ထိတော့ ဆေးဝါး၊ ကိရိယာပိုင်းဆိုင်ရာ မပြည့်စုံခဲ့ပါဘူး။ ၁၇ ရာစုမှာတော့ တခြားတော်ဝင်ရေတပ်တွေက ဆေးရုံသင်္ဘောလို ကိရိယာပိုင်းပြည့်စုံတဲ့ သင်္ဘောတွေကို ဖန်တီးလာခဲ့ကြပါတယ်။ ဆေးရုံသင်္ဘောဖန်တီးတဲ့နေရာမှာလည်း အခန်းတွေကို ပိုမိုဖန်တီးနိုင်ဖို့ သင်္ဘောရဲ့ ရေလုံခန်းကို ဖယ်ရှားရလေ့ရှိပါတယ်။ အဲဒီနောက်မှာတော့ ၀င်ပေါက်တွေကို ထပ်မံဖန်တီးပြီး လေ၀င်လေထွက်ကောင်းအောင် ပြုလုပ်ရတယ်လို့ ဆိုပါတယ်။ ၁၇ ရာစုအတွင်းမှာတော့ ဆေးရုံသင်္ဘောတစ်စင်းမှာ ခွဲစိတ်ဆရာဝင်တစ်ဦးနဲ့ ဆရာဝင်ကိုထောက်ပံ့ပေးမယ့်သူ ၄ ယောက်သာ ပါဝင်ခဲ့ပါတယ်။ သတ်မှတ်ထားတဲ့ဆေးပစ္စည်းတွေကတော့ ပတ်တီး၊ ဆပ်ပြာ၊ ချုပ်အပ်၊ နောက်ဖေးအိုးစတာတွေဖြစ်ပါတယ်။ ဆေးရုံသင်္ဘောတွေဟာ စစ်ပွဲတွေအတွင်း ကူညီဖို့ ထောက်ပံ့ပေးကြသလို သာမာန်အချိန်တွေမှာလည်း ကျန်းမာရေးပိုင်းဆိုင်ရာမပြည့်စုံတဲ့ နေရာဒေသတွေကိုလည်း သွားရောက်ပြီး ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးကြလေ့ရှိပါတယ်။
၁၇၀၃ ခုနှစ်ဝန်းကျင်မှာတော့ ဆေးကုသရေးအဖွဲ့ အရေအတွက် ပိုမိုတိုးမြှင့်အသုံးပြုလာကြပြီး ခွဲစိတ်ပိုင်းဆိုင်ရာအကူဆရာဝန်နဲ့ သန်ရှင်းရေးဝန်ထမ်း ၄ ဦးတို့ကိုပါ ထပ်ဆောင်းခန့်အပ်အသုံးပြုလာကြပါတယ်။ ဆေးရုံသင်္ဘောတွေဟာ ၁၈၇၇ - ၇၈ အတွင်းဖြစ်ပွားခဲ့တဲ့ Russo – Turkish စစ်ပွဲ၊ ၁၈၈၂ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ Spanish – American စစ်ပွဲ၊ ၁၉၀၄ - ၀၅ ခုနှစ်တို့မှာ ဖြစ်ပွားခဲ့တဲ့ Russo – Japanese စစ်ပွဲတွေမှာလည်း အရေးပါတဲ့ နေရာက ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ နိုင်ငံတကာလှည့်လည်ပြီး ထောက်ပံ့ကူညီပေးတဲ့ ဆေးရုံသင်္ဘောတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ ဘရာဇီးလ်၊ တရုတ်၊ အိန္ဒိယ၊ ပီရူး၊ ရုရှား၊ ဗီယက်နမ်အစရှိတဲ့ နိုင်ငံတွေအပါအ၀င် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ဆေးရုံသင်္ဘောတွေကို အသုံးပြုနေကြဆဲဖြစ်ပါတယ်။
Written...@linkhant
Photo..Google