ရီးရဲလ်မက်ဒရစ်အသင်း လိုဂိုရဲ့အဓိပ္ပါယ်
အဖွဲ့အစည်းတစ်ခုရယ်လို့ ဖြစ်လာရင် ဒီအဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ နာမည်ဆိုတာရှိလာပါတယ်။
ဒီနာမည်တွေကို ပိုမိုမှတ်မိလွယ်စေဖို့အတွက်လဲ အမှတ်အသားတံဆိပ်၊ လိုဂိုတွေကို ကိုယ်ပိုင် ဖန်တီးလာကြပါတယ်။ လူအများကလဲ ဒီအမှတ်တံဆိပ်ကို မြင်တာနဲ့ ဒီအဖွဲ့အစည်းဆိုတာကို အလွယ်တကူ သိနေတာမျိုး ဖြစ်လာကြပါတယ်။
ထင်သာမြင်သာရှိလှတာတော့ ဘောလုံးအသင်းလိုဂိုတွေပါပဲ။ အပြာရောင်မှာ ခြင်္သေ့နဲ့ဆိုရင် ချယ်လ်ဆီး၊ အနီရောင်မှာ သရဲတစ်ကောင် လှံကိုင်ထားမယ် ဆိုရင် မန်ယူ ဆိုပြီး လူတွေရဲ့ ရင်ထဲမှာ လိုဂိုတွေက စွဲထင်နေပါတယ်။ ဒီလိုဂိုတွေဟာ အကြောင်းမဲ့ ရေးဆွဲထားတာတော့ မဟုတ်ပါဘူး။ ကိုယ့်အသင်းရဲ့ ထင်ရှားတဲ့အမှတ်အသားတွေ၊ အမှတ်တရ ဖြစ်ရပ်တွေနဲ့ ပေါင်းစပ်ပြီး ရေးဆွဲထားကြတာဖြစ်ပါတယ်။ အခုဖော်ပြပေးချင်တာကတော့ စပိန်ကလပ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ လိုဂိုတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဥရောပအအောင်မြင်ဆုံး ကလပ်တစ်ခုဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့လိုဂိုကတော့ အသင်းစတင်တည်ထောင်ချိန် ၁၉၀၂ ခုနှစ်ကတော့ Madrid Club de Futbol လို့ အဓိပ္ပါယ်ရတဲ့ MCF ကို ရိုးရိုးရှင်းရှင်းပဲ ရေးဆွဲထားတာပါ။ အခုလက်ရှိ လိုဂိုဖြစ်ပေါ်လာတာကတော့ စပိန်ဘုရင် Alfonso XIII ကြောင့်ပါ။ သူ့ရဲ့ အရူးအမူးအားပေးမှု ကနေ Madrid Club de Futbol ကို တော်ဝင်အသင်းအဖြစ် သတ်မှတ်ပြီး Royal Madrid (သို့) Real Madrid လို့ ခေါ်တွင်စေခဲ့တာလဲ ဖြစ်ပါတယ်။
အဲ့ဒီနောက် ၁၉၂၀ ခုနှစ်မှာတော့ ဘုရင့်အမှတ်အသားဖြစ်တဲ့ သရဖူကို လိုဂိုရဲ့ထိပ်မှာ ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ ၁၉၃၁ ခုနှစ်မှာ လိုဂိုထိပ်က သရဖူကို ပြန်ဖြုတ်ခဲ့သေးပေမယ့် နောက်ထပ် ၁၀နှစ်အကြာ ၁၉၄၁ ခုနှစ်မှာတော့ ပြန်လည်ထည့်သွင်းခဲ့ပြီး ဒီနေ့ခေတ်လိုဂိုနဲ့ သိပ်မကွာတဲ့ ပုံစံ ဖြစ်လာပါတယ်။ ၂၀၀၁ ခုနှစ်အရောက်မှာ အဲ့ဒီအချိန်ကဒီဇိုင်းကိုပဲ အနည်းငယ် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ သရဖူပုံစံကို အနည်းငယ်ပြင်ဆင်ပြီး ပိုမိုဝန်းဝိုင်းတဲ့ ပုံစံအဖြစ် ပြောင်းလဲပြီး ယနေ့ထက်တိုင် ဆက်လက်အသုံးပြုနေပါတယ်။
Written...@linkhant
Ref..Wow Box
Photo..Google