Time

Words
68
Reading
1 min
Listen
Play
9y

လသာခိုက် အလွမ်းငင်

လပြည့်ဝန်း ဝိုင်းစက်စက်
သိပ်ကို အခွင့်အရေးယူတတ်တယ်
နှလုံးသားကို သူ အပိုင်ကြံပြီ
ခုည
လွမ်းဆွတ်ရပြန်ပြီကွယ်။

အချစ်ဆိုတာ
နှစ်ယောက်ရှိမှ ပြည့်စုံပေမယ့်
တမ်းတခြင်းကတော့
တစ်ကိုယ်တည်းနဲ့ ကုံလုံကြွယ်ဝ
ခုညတော့
လက်ဖျားမှာ ကဗျာပွင့်ပါရစေသား။

တချို့ဆုတောင်းတွေကျ
ဘယ်တော့မှ မပြည့်မှန်းသိလည်း
ညစဉ်ရက်ဆက် တောင်းမိတတ်တာပဲလေ။

ငါဟာ
မင်းငြင်းပယ်ခံလိုက်ရတဲ့
ရွှေပုဆိန်ပါကွယ့် သစ်ခုတ်သမားလေးရယ်
တစ်တောလုံးကို မင်းခြွေချိန်မှာ
ငါ
ရေထဲကလာသူမို့ ရေထဲကို ပြန်တယ်
မျက်ရည်တွေမှာ အသံမရှိတာ သိပ်ဖြေသာတယ်။

လူကြိုက်များဖို့ တစ်ခုမှ မလုပ်တတ်လည်း
မင်း မကြိုက်တဲ့အရာတွေဆို
အလိုလို ရှောင်တတ်ကြဉ်တတ်လာတယ်
သစ္စာဟာ မသိကိန်းတစ်လုံးပါ ချစ်သူ။

လမင်းကြီးထွက်ရာအရပ်ဆီ
မျက်နှာမူမယ်
လက်နှစ်ဖက်ကို ဆန့်တန်းမယ်
ဟောဒါလက်ယာ လွမ်းသစ္စာ
ဟောဒါ လက်ဝဲ တမ်းတဆဲပေါ့ ချစ်သူ
သတိရစိတ်က မင်းရှိရာ မျက်နှာမူတယ်
ပန်းနုရောင်သံလိုက်အိမ်မြှောင်လေး
ကောက်ရထားသူငါ
လပြည့်ညမှာ
မင်းရှိရာအရပ်ကို သိပြီကွယ်။ ။
image

Time | Ecency