အတိတ်
ပစ္စုပ္ပန်
အနာဂတ် တဲ့.
အတိတ်တွေမှာ နစ်မျောသူလား ?
ပစ္စုပ္ပန်ကို အာရုံထားသူလား ?
အနာဂတ်ကို ချစ်မြတ်နိုးသူလား ?
ကိုယ့်ဘဝရဲ့ အတိတ်ပုံရိပ်တွေ မမေ့နိုင် ...
အတိတ်ကိုပြန်တွေး အတိတ်ကပျော်စရာတွေကိုပျော် ...
အတိတ်က ဝမ်းနည်းစရာ ပုံရိပ်တွေကနေ ရုန်းမထွက်နိုင်
အတိတ်မှာနေသူလား ?
ကိုယ်ချစ်ခင်ရသူ သို့မဟုတ် ကိုယ်မုန်းတီးရသူ သို့မဟုတ် ကိုယ်အချစ် အမုန်း ခံစားချက်မရှိသူတွေရဲ့ အတိတ်ကိုစိတ်ဝင်စားတာလား ?
ယခုလက်ရှိ သူတို့ရဲ့ ပစ္စုပ္ပန်ကို လား ?
သူတို့ အနာဂတ်ကိုလား ?
လူတိုင်းမှာ အတိတ်ကိုယ်စီရှိကြတယ် ...
ကောင်းတဲ့ အတိတ် ...
မကောင်းတဲ့ အတိတ် ...
ကောင်းတဲ့အတိတ်တွေဟာ ထုတ်ဖော်ခြင်းခံရတာနည်းပြီး ...
မကောင်းတဲ့ အတိတ်တွေကတော့ ရေကုန်ရေခန်းလိုက်လံထုတ်ဖော် ကြော်ငြာခြင်းခံကြရတယ် ( ဘယ်မှာမှ မကြည့်နဲ့. ဖေ့ဘွတ်မှာဘဲကြည့်. နည်းနည်းလေး နာမည်ရလာရင် ကိုယ့်ကိစ္စမဟုတ် သူတစ်ပါးအကြောင်း အချိန်ကုန်ခံလိုက်စုံစမ်း ဟုတ်တာရော မဟုတ်တာရော ဂုဏ်သိက္ခာထိပါးပြောဆိုရေသားကြ ... ဒါ လူ့သဘာဝတရားတဲ့လား ? )
ကိုယ့်ချစ်ရသူမှာသိပ်ချစ်ခဲ့ဖူးသူ ရှိခဲ့ဖူးတယ်ဆိုပါတော့ ...
ယခုလက်ရှိ ' သူ ' က ကိုယ့်ချစ်သူ ...
ဒါပေမယ့် ... အတိတ်က ' သူ ' ချစ်ခဲ့ဖူးသူအကြောင်းပြန်တူးဆွ အတိတ်တွေဖော် စိတ်မချမ်းမြေ့ဖြစ်ကြသလား ?
မမှားသောရှေ့နေ ...
မသေသော ဆေးသမားတဲ့ ...
ဒါပေမယ့် ... အမှားဆိုတာ လက်မခံနိုင်တဲ့ လူ့သဘာဝ ...
တစ်ခါမှားရင် တစ်ဘဝစာ အရောင်ဆိုးပစ်ကြတာ ...
မှားသူကို ပြင်ဆင်ခွင့်မပေးချင်ကြတာလား ?
အတိတ်ကဆေးသမား ...
ယခုလက်ရှိ လူကောင်းအဖြစ် သူ့အနာဂတ်ကိုသူပုံဖော်နေတယ်ဆို ဝိုင်းဝန်းပံ့ပိုးကူညီပေးရမှာမလား ?
သူ့အတိတ်တွေကိုပြန်တူးဆွ သူ့စိတ်ဒဏ်ရာကို အဖန်ဖန် အသစ်ဖြစ်စေလို့ ရေနစ်သူကို ဝါးကူထိုးကြတာ လူ့သဘာဝလား ?
သူ့ ' အနာဂတ် ' လှပစေချင်ရင် ...
သူ့ ' ပစ္စုပ္ပန် ' တွေကို ကူညီ ...
သူ့ ' အတိတ်' တွေ မေ့ပစ်ဖို့ ကူညီပေးရမှာမဟုတ်ဘူးလား ?
ကိုယ့် ' အနာဂတ် ' လှချင်ရင် ...
ကိုယ့် ' ပစ္စုပ္ပန် ' တွေကို အကောင်းဆုံးနေထိုင်ကြိုးစား ...
ကိုယ့် ' အတိတ် ' မှာ ဒဏ်ရာတွေရှိခဲ့တယ်ဆို ဒဏ်ရာတွေ အမာရွတ်ပျောက်အောင်ကြိုးစား မေ့ပစ်ရမှာ မဟုတ်ဘူးလား ?
ချီးကျူးစကားထက် ကဲ့ရဲ့စကားက ပြောရတာ ပိုအရသာရှိလား ?
' ကူညီခြင်း ' ထက် ' တွန်းချခြင်း ' က ပိုအင်အားကြီးနေလို့လား ?
ဘယ်လောက်မှ မနေရတဲ့ အငှားခန္ဓာနဲ့ လူ့ဘဝ ...
နေရစဉ်တစ်ခဏ ...
' အတိတ် ' ဆိုတာထက် ...
' ပစ္စုပ္ပန် ' နဲ့ ' အနာဂတ် ' တွေ ပိုချစ်မြတ်နိုးလို့ ...
သူတစ်ပါး လဲပြိုချိန်မှာ တွန်းချသူတွေမဖြစ်ဖို့ကြိုးစားရင်း ...
' ကိုယ့် အနာဂတ် ' ' သူတစ်ပါး အနာဂတ် ' တွေ လှပဖို့ ...
' အလင်း ' ပေးတဲ့ လက်များဖြစ်ကြပါစို့လား....